နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...
Showing posts with label ကျွန်မကြိုက်တဲ့ သူတို့ကဗျာ. Show all posts
Showing posts with label ကျွန်မကြိုက်တဲ့ သူတို့ကဗျာ. Show all posts

Friday, 21 May 2010

ငါ့မိသားစုမှာ........

ဒီနေ့ ကျွန်မ သူငယ်ချင်း ဖြိုးမောင် အိမ်လာလည်ပါတယ်…။

ဟဲ့… ငါ့စိတ်ညစ်နေတယ်…

အမ်… နင်လို အစစ အရာရာ အဆင်ပြေနေတဲ့ ကောင်က များ စိတ်ညစ်တယ်…အောင်မလေးတော်.. နင်ကတော့ လာလာချည်သေးတယ်…

ပြော… ဘာတွေများ စိတ်ညစ်နေတာတုန်းဟ…

ငါ့ကို အိမ်က ၀ိုင်းပယ်ထားကြတယ်ဟာ… ငါ မိသားစုက ငါ့ကိုလူရာ မသွင်းသလိုကြီးပဲ ဟ ။

အေးလေ.. နင်က လူမှ မဟုတ်တာ….. :P

ငါတကယ်ပြောနေတာဟ ။ ခုဆို အငယ်ကောင်ကတောင် ငါ့ကို မထီမဲ့မြင်ပြုလာတယ်..။ ငါက ညီ ဆိုပြီးမပြောချင် လို့နေနေတာဟာ…။ ပြီတော့ အမေကလဲ အဲကောင်ကိုထိရင် ဆတ်ဆတ်ထိမခံ ဆိုတော့ဟာ ။ အမကလဲ နင်က ဘာမှသုံးစားလို့ မရပါဘူးဆိုတာပဲ ပြောနေတယ် ။ ကိုကြီးကလဲ မင်းဘာသာ မင်းအေးဆေးနေပါတဲ့..။ အမေက လဲ ဟိုအကောင် ဘာပြဿနာ ရှာအုံးမလို့လဲ ဆိုတာကြီးပဲ..။ ငါဘာမှားလို့ လဲ..။ အဖေ တယောက်ပဲ ငါကိုနားလည်ပေးတယ် ။ ငါလဲ ငါနေတတ်သလိုနေတယ်…။ ငါ့ပြဿနာကို ငါ့ဘာသာငါ ရအောင် ဖြေရှင်းတယ် .. ။ဘယ်တော့မှ အိမ်က မလိုက်ရအောင် ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်… ။ ငါဘာမှားနေတာလဲ ။ သူတို့က ငါကိုပြောတာ မိသားစုနဲ့ တိုင်တိုင်ပင်ပင် မနေဘူး ။ အမြဲမိသားစုအပြင် ထွက်နေတာကြီးပဲ တဲ့ ။ ငါတကယ်ပဲ အသုံးမကျတဲ့ ကောင်ဖြစ်နေပြီလားဟာ…။ ငါလေ ငါ့မိသားစုကို အရမ်းချစ်တယ်…ဒါပင်မဲ့ သူတို့သိအောင် မပြောပြတတ်ဘူး..။ မပြောပြချင်ဘူးဟာ..။

သူပြောတဲ့ စကားတွေကြားပြီးနောက်မှာ ကျွန်မတွေဝေသွားပါတယ်…။ သူလိုလူတွေ ဘယ်လောက်တောင်ရှိနေလဲပေါ့..။ သူဟာ သူ့မိသားစုကို အလွန်ချစ်ရှာပါတယ် ။ဒါပင်မဲ့ သူ့အချစ်တွေကို ထုတ်ဖေါ်ပြောလေ့ မရှိပါဘူး ။ ချစ်ခြင်းမေတ္တာဆိုတာ ထုတ်ဖော်ပြမှ အသက်ဝင်တာလား..။ တိတ်ဆိတ်စွာ နေခဲ့ရင်ကော အေးစက်သွားတတ်လား။ ကျွန်မ အဖေ နဲ့ အမေ ကို ချစ်တယ်လို့ တခါမှ မပြောဖူးပါဘူး ။ သူတို့လဲ ကျွန်မရှေ့မှာ တခါမှ ထုတ်ဖော်မပြောဖူးပါဘူး..။ ဒါပင်မဲ့ သူတို့ကျွန်မ ကိုဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်မ ခံစားသိရှိပါတယ်..။ ကျွန်မလဲ အဖေ နဲ့ အမေကို သိပ်ချစ်ပါတယ်..။ ကျွန်မ ကိုကို တွေနဲ့ ဒီလို အပြန်အလှန်ပါပဲ..။ ထုတ်ဖော် မပြောပင်မဲ့ အားလုံး ခံစားနားလည်ကြပါတယ်…။ ဒါပင်မဲ့ တခါတလေ ကျွန်မတို့ လျစ်လျူရှူခဲ့တာတွေ ၊ မသိချင်ယောင်ဆောင်ခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်…။

ကျွန်မ ဒိုင်ယာရီမှာ ကူးမှတ်ထားတဲ့ ကဗျာတပုဒ်ကိုပြန်ရှာတွေ့လိုက်ပါတယ်…။ စိုင်းဝင်းမြင့်ရေးတဲ့ မိသားစု ဆိုတဲ့ကဗျာလေးပါ..။

မိသားစု

မိသားစုဆိုတာ

တယောက်ရှေ့ရောက်ဖို့

တယောက်နောက်ဆုတ်ရတယ် ။

သစ်ကိုင်းတစ်ကိုင်းထိုးထွက်ဖို့

သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ် ။

မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ် ။

သံစုံမြည်တယ် ။

မိသားစုဆိုတာ

လူခြောက်ယောက်ရှိရင် လူခြောက်ယောက်

လက်ဆယ်ချောင်းရှိရင် လက်ဆယ်ချောင်း

ခေတ်ကတောင်းဆိုတဲ့ အတိုင်းလှုပ်ရှားရတယ်

အိမ်ရှိလူကုန် ။

မိသားစုဆိုတာ

ရှင်သန်ဖို့ အတွက်အဆက်မပြတ်တိုက်ပွဲ ၀င်ရတယ်

ရန်ကုန် ဟာစစ်မြေပြင် ။

လဲကျသွားတဲ့ ငါ့အဖေနေရာကို

ငါ့ညီလေး ၀င်ခဲ့တယ်

ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို

ငါ့ညီမလေးဝင်ခဲ့တယ်

မိသားစုကိုငါမမြင်ခဲ့ဘူး ။

ငါ့အတွေးအခေါ်က

သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု ။

ငါဟာလမ်းပေါ်မှာ ကြီးပြင်းခဲ့လို့

လမ်းနဲ့ သွေားသားတော်စပ်တယ်လို့ ထင်တယ် ။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့ မီး

ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ

ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်

ငါ့မိသားစုမှာ

မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ်ဆိုလည်း

ငါပဲဖြစ်မှာ

ငါ့မိသားစုမှာ

ကြမ်းခင်းတစ်ချပ် ကြိုးပဲ့နေတယ်ဆိုလဲ

ငါပဲဖြစ်မှာ

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ

မ၀င်တဲ့ ဂိုးတွေ ငါသွင်းခဲ့တာ ။ ။

ဒီကဗျာလေး စိတ်ထဲ ရှိသလို ခံစားနားလည်နိုင်ပါတယ်….။ အားလုံးပဲ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါကြစေ………။ ။

Tuesday, 27 April 2010

မိသားစု

မိသားစုမှာ
တစ်ယောက်တိုးလာရင် မသိသာဘူး
တယောက်လျှော့သွားကြည့် သိပ်သိသာတယ်
အဖေမရှိတော့
အဖေ့နေရာ ဘာနဲ့ အစားထိုးမလဲ
အမေမရှိတော့
မိဘရင်ငွေ့ ဘယ်အင်ဂျင်အနွေးဓာတ်နဲ့ ဖြည့်မလဲ
ကျန်ရစ်သူ ကျွန်တော်တို့ မောင်နှမ
ပြိုသွားတဲ့ ကမ်းတွေက
ကျွန်တော်တို့ဆီ ဘယ်တော့သောင်ထွန်းပါ့မလဲ
မျောနေတဲ့ တစ်ခြမ်းပဲ့လ
တစ်နေ့တော့ ပြည့်မဲ့လပြည့်ညမျိုး မဟုတ်ဘူး။
မိသားစုမှာ
ကြောင်နဲ့ကြွက်လို အစာအတွက် အသက်မလုဘူး ။
အကြီးမက မီးမွှေးရင် ကျွန်တော်က ထင်းရှာမယ်
အလတ်မက ချက်ပြုတ်ဖို့ ပြင်တယ်
ပြီးရင်လက်ရည်တပြင်တည်းပဲ
ငါတို့သွေး မကွဲဘူး စုန်းပြူးမပါဘူး ။
ငါ့ညီလေး အဝေးရောက်တယ်
ရောက်တဲ့ အရပ်ကစာပို့တယ်
ငါတို့မတွေတာ အနှစ် နှစ်ဆယ်
ဒါပင်မဲ့ ငါ့ညီဟာ ငါ့ညီပဲ ။
ငါလည်း အဝေးရောက်တယ်
အဖေနဲ့ မတွေ့တာ ၁၈ လ
အဝေးရောက်တော့မှ အဖေဆုံးတယ်
ရောက်တဲ့ အရပ်က အိမ်ပြန်တယ်
ကိုယ်ငွေ့တောင် မတွေ့တော့ဘူး
ဒါပင်မဲ့ ငါ့အဖေဟာ ငါ့အဖေပဲ ။
သုံးချောင်းထောကိတဲ့ စားပွဲ
တစ်ချောင်းကျိုးရင် လဲတယ်
ငါတို့ ရဲ့ခေါင်းခါးခြေလက်
ခြေထောက်ကျိုးရင် ခြေကျိုးလို့ခေါ်တယ်
လက်ပြတ်ရင် လက်ပြတ်လို့ခေါ်တယ်
လေးပင်စိုက်တဲ့ အိမ်
တစ်ဖက်နိမ့်လို့ မဖြစ်ဘူး ။ ။

ပင်လယ်ကမ်းခြေ

ပင်လယ်ဟာ
မသန့်တဲ့အရာ ဘာကိုမှ
သူ့ကိုယ်ထဲမှာ ကြာကြာမထားဘူးတဲ့
ကမ်းခြေမှာနေသူတဦးက ပြောဖူးတယ်
ဒါကြောင့်
ကမ်းခြေတစ်ဝိုက်မှာ
အမှိုက်သရိုက်တွေ
ခွေးသေကောင်ပုပ်တွေကို
တွေ့တွေ့နေရတာလေ
ပြီးတော့ ကမ်းခြေမှာ
ဘန်ဂလိုတွေရှိတယ်
ဘီယာဘူးခွံတွေရှိတယ်
ဘီကီနီ နဲ့ကောင်မလေးတွေလည်းရှိတယ်
ကျွန်တော်တို့တွေဟာ
ပင်လယ်ထဲမှာ
ခဏတာ ဆင်းစိမ်နိုင်ပင်မဲ့
အမြဲတမ်းအတွက်တော့
ကမ်းခြေပေါ်ကိုပဲ
ပြန်ပြန်တက်ခဲ့ရတယ်မဟုတ်လား..။ ။

မင်းချစ်သူ(ရုပ်ရှင်တေးကဗျာ)
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...