နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday, 16 June 2010

တပတ်အတွင်း ဘလော့သတင်းပဒေသာ


ခုချိန်မှစတင်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တပတ်အတွင်းသတင်းပဒေသာကိုစတင်အစီရင်ခံပါ့မယ် ၊ သတင်းခေါင်းစဉ် နှင်းမိုးမိုးဘလော့ကိုတည်ထောင်သူ မရွှေနှင်းယနေ့ညနေမြန်မာစံတော်ညနေ ၆နာရီအချိန်တွင် ဆေးခန်းတွင်ဆေးသွားထိုးရခြင်း ၊ http://mabaydar88.blogspot.com/ဘလော့ကို တည်ထောင်သူ မမဗေ စာမရေးသည်မှာ လေးရက်ကြာခြင်း ၊ http://maungmaungmfs.blogspot.com/ ကိုတည်ထောင်သူ အန်ကယ်မောင်မောင် မှာ ဘလော့လောကမှ ရုတ်တရုက်ပျောက်ဆုံးသွားခြင်း ၊ အစိမ်း ရောင်လွင်ပြင်တည်ထောင်သူ မမချော ခရီးထွက်သွားခြင်း ၊ ကောင်းမွန်ဝင်းဘလော့နှင့် နတ်ဆိုးဘလော် ကာတို့ မကြာမကြာ လာလည်ကြခြင်း……………….။

သတင်းအပြည့်အစုံမှာ ယမနေ့ညပိုင်းတွင် ဘလော်ကာမနှင်းနှင်းသည် ဗိုက်ဆာသဖြင့်အပြင်သို့မုန့် ထွက်ဝယ်စားရာတွင် အမည်မသိစက်ဘီးတစီးကို ၀င်တိုက်မှိသဖြင့် တံတောင်ဆစ်နှင့် ဒူးများပွန်းပဲ့ပြီး ၄င်း အနာရှိန်ဖြင့် ဖျားခါ နောက်နေ့တွင်ပြန်ကောင်းလာပြီး ၊ ယနေ့တွင် မိခင်နှင့်အတူ ဆေးခန်းတွင်ဆေးထိုး နေရကြောင်း ဂျီတော့သတင်းများအရသိရပါသည် ၊ နောက်ဆက်တွဲသတင်းများအရ အတိုက်ခံရသောလူ ထက် လူကိုတိုက်သွားသောစက်ဘီးကို ပိုမိုဆိုးရိမ်နေကြပါကြောင်း ကြားသိရပါသည်..။

မဗေဒါ၈၈တည်ထောင်သူ မမဗေသည် သူ၏ဘလော့တွင် ရက်စက်အားကြီးသူတို့သိစေချင်ပါသည်ဟူ သောပိုစ့်တင်ပြီး နောက်ပိုင်း စာမရေးဘဲ လူလည်သလိုလို သိုင်းတတ်သလိုလိုလုပ်နေကြောင်း သူတပါးတို့ ကစာရေးပါရန်သူ၏ စီဘောက်တွင် အော်ဟစ်ပါသော်လဲ တလုံးတပါဒမျှ ရေးသားခြင်းမရှိဘဲ ပုံမလာဇာတ် ကားရိုက်ကူးနေသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ဘလော့သတင်းများအရသိရပါသည်..။

၊ http://maungmaungmfs.blogspot.com/ ဘလော့ကိုတည်သူ အန်ကယ်မောင်တဖြစ်လဲ ဘဘမောင် သည် သူ့၏ဘလော့တွင်နောက်ဆုံးပိုစ့်ဖြစ်သော ရန်ကုန်သာမည ရန်ကုန် ဟူသောပိုစ့်ကိုတင်ပြီးသည့် နောက်ပိုင်းတွင် လူပါအကောင်လိုက်လုံးလုံးလျားလျား ပျောက်ဆုံးသွားပါသဖြင့်သတင်းပေးသူအား ထိုက် တန်စွာကျေးဇူးပြုမည်ဖြစ်ကြောင်း သူ၏ဘလော့ညီကိုယ်မောင်နှမနှင့်ဘလော့မြေးမြစ်တို့တို့က ဆုငွေ ထုတ်ထားကြောင်း ခိုင်မာသောသတင်းရပ်ကွတ်မှသတင်းများကို ကိုးကားပြီး နှင်းမိုးမိုးဘလော့တွင်ကြော် ငြာထာကြောင်း သတင်းရရှိပါသည်.။

ချောအစိမ်းရောင်လွင်ပြင်တည်ထောင်သူမမချောသည် ယမန်နေ့ညပိုင်းတွင်ခရီးထွက်မှာဖြစ်သည့်အတွက် တပတ်လောက်ပျောက်နေဦးမည်ဖြစ်ကြောင်းနှင့် ၄င်း၏ အစိမ်းရောင်လွင်ပြင်ဘလော့ကိုလဲ အောက်ပါလိပ် စာအတိုင်း လာရောက်ဖက်ရှုနိုင်ပါကြောင်းနှင့် .com အဖြစ်သို့ ကူးပြောင်းသွားပါကြောင်း မမချော၏ ပြောပြချက်အရသိရှိရပါသည် ၊ ၄င်း၏ဘလော့အသစ်မှာ http://www.missgreenlady.com/ ဖြစ်ပါသည်။


ဂျပန်နိုင်ငံအခြေစိုက် ကောင်းမွန်ဝင်းဘလော့တည်ထောင်သူ ကောင်းမွန်ဝင်း(မလားဦးလားမသိ) ပါ ဤကားစကားညှပ် နှင့် နတ်ဆိုးလေးဘလော့တည်ထောင်သူများမှာ မကြာမကြာ လာရောက် လည်ပတ်ကြခြင်း ဘလော့ကာအချင်းချင်း ကွန်မန့်ပေးခြင်း ကျော်စရာခွစရာပရော်ဆီများမျှဝေ ခြင်း ပိုစ့်အသစ်များတင်ခြင်းစသော ဘလော့ကာတို့၏ ကျင့်ဝတ် ၀တ္တရား စည်းကမ်းများနှင့်အညီ ပျော်ပျော်ပါးပါး စာပေများဆက်လက်ရေးသားနေပါကြောင်း ဘလော်ကာ သတင်းရပ်ကွတ်မှလာ သောသတင်းများကိုကိုးကားပြီး နှင်းမိုးမိုး ဘလော့မှတင်ပြသွားပါသည် ..။ ဤတွင်သီတင်းများကို ကြော်ငြာလို့ပြီးပါပြီ ။ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ…။

Monday, 14 June 2010

ကျွန်မနှင့် ကိုကြီးသားကြီး


ဒီနေ့ ညနေ အလုပ်က ပြန်လာတော့ ကျွန်မရဲ့ တစ်ဦးတည်းသော လူပျိုကိုကို ကစကားပြောရအောင်တဲ့…။တိုင်ပင်စရာ ရှိလို့ပါတဲ့ …။  ကျွန်မတို့မောင်နှမ ၅ ယောက်မှာ ကျွန်မနဲ့ လက်ပွန်းတတီးနေတာ အကိုအကြီးဆုံးနဲ့ နံပတ် ၃  အကိုတော် ပါပဲ ။ ကျန်တဲ့ အကိုတွေနဲ့ က ပြောတော့ပြောပါတယ် ။ တကယ့်အတွင်းရေးတွေ တော့ မတိုင်ပင်ဖြစ်ကြဘူးပေါ့ ။ ကျွန်မ ရဲ့ အကိုအကြီးဆုံးကို မေမေက သားကြီးမို့ အလိုလိုက်ပါတယ် ..။ ကျွန်မနဲ့ ကိုကြီးသားကြီးက အသက် ၁၈ နှစ်ကွာပါတယ် ။ သမီး ၂ ယောက် အဖေဖြစ်နေတဲ့ ကိုကြီးသားကြီး ( မေမေက သားကြီးလို့ ခေါ်တော့ ကျွန်မတို့ လဲ အလိုလို ကိုကြီးသားကြီး လို့ ခေါ်လိုက်ပါတယ်။ ) ခုထိ အိမ်မှာ ကလေး လုပ်နေပါတယ် ။ သူ့မိန်းမ နဲ့ ကလေးတွေက  တောင်ငူက ယောက်ခမ အိမ်မှာ နေပါတယ် ..။ သူကတော့ တောင်ငူကို ၁ လ တစ်ခါလောက်သွားပါတယ် ..။ 
ကျွန်မ ကိုကြီးက အစိုးရ ၀န်ထမ်းပါ ။ ကျွန်မ ယောင်းမ သူ့မိန်းမကလဲ ကျောင်းဆရာမ ပါ ။ ၂ ယောက်စလုံး အစိုးရ ၀န်ထမ်းတွေ ဆိုတော့ မိဘတွေလက်က မလွတ်သေးဘူးပေါ့ ။ ကျွန်မကိုကြီးက နယ်ကို ပိုစ်စတင် ခဏခဏ ကျပါတယ် ..။ တခါပြောင်းရင် တနယ်ကို အနည်းဆုံး ၂ နှစ်သွားရပါတယ် ..။ ဒီနှစ်ပိုင်းဘာတွေ ကံတက်နေမှန်းမသိ ရန်ကုန် အလုံမြို့နယ်မှာ လ၀က မှာ တာဝန်ကြပါတယ် …။ဒီတော့ သူက အိမ်မှာ ကလေးပြန်လုပ်နေတာပေါ့ ..။ 
ကျွန်မ နဲ့ ရန်အဖြစ်ဆုံး က ကိုကြီးပါ ။ အမြဲတမ်း ဟင်းလုစားရပါတယ် ။ မေမေ က ငယ်ငယ်ကတည်းက ဟင်းနဲ့ ထမင်းကို မျှမျှတတ စားတတ်အောင်သင်ပေးပါတယ် ။ ပြီးတော့ ပုံစံခွက်တူတွေမှာ မောင်နှမတွေ မလုအောင် ခွဲတမ်းချပြီး ဟင်းတွေခွဲထားပေးပါတယ် ..။ ကျွန်မ နဲ့ ကိုကြီးက ကြက်ပေါင် နဲ့ ငါးဗိုက်သားေ ဟင်းခွက်တွေဆို ဦးသူလုစားကြပါတယ် . .။ ကျွန်မက ကျွန်မ မစားရတဲ့ နေ့မှာဆို ဟွန်း အကြီးဖြစ်ပြီး အငယ်ကို တောင်ဦးစား မပေးဘူး ..။ ဒီအရွယ်ရောက်နေပြီ သူပဲ ကောင်းတာစားချင်တယ် ဘာညာ နဲ့ ရန်ထောင်ပါတယ် …။ ကျွန်မ စားရတဲ့ နေ့ဆိုရင် ကိုကြီးက ဒီအရွယ်ရောက်နေပြီ အကြီးကို ရိုသေရမှန်းမသိဘူး ..။ အငယ်ဆိုပြီး မပြောချင်လို့ကြည့်နေတာနော် … ။ သိပ်ပြီး ရောင့်တက်မလာနဲ့ … ဘာညာကွိကွ နဲ့ ပြောနေပါတယ် ..။ နောက်တော့ မေမေက ကြက်သားဝယ်ရင် ပေါင် ၂ ပေါင် ၊ ငါးဆိုရင်လဲ  ဗိုက်သား ကို ၂ တုံးရအောင် ခွဲပြီးချက်ပါတယ် ။
 ကိုကြီး နဲ့ ကျွန်မ ဘယ်အချိန် တည့်လဲ ဆိုရင် ဟင်းချက်စားရတဲ့ အချိန်တွေ ဆို မီးမီး ကြက်သွန် ခွာပေး အုံး နော် ..။ မီးမွေး ပေး အုံးနော် .. ဆိုပြီး သူက ဟင်းထူးထူး ဆန်းဆန်းတွေ ချက်ကျွေးပါတယ် …။ ကိုကြီးက အမေ့သား စောစောဖြစ်ခဲ့ လိုလားမသိဘူး မေမေ လို ဟင်းချက်ကောင်းပါတယ် ။ ပြီးတော့ သူက တောင်ငူ သား တပိုင်းဖြစ်နေတော့ တောင်ငူ မုန့်ဟင်းခါးတို့ ၊ တို့ဟူးကြိုတာတို့တွေ ကျွမ်းပါတယ် ..။ ကျွန်မကလဲ အဲဒါတွေ သိပ်ကြိုက်ပါတယ် ..။ သူက လုပ်ကျွေးမယ် ဆိုရင် ကျွန်မ ကို ညာညာပြီး  မီးမွှေးခိုင်းပါတယ် ..။ အိုးတွေ ဆေးခိုင်း ၊ လိုအပ်တာတွေကို တောက်တိုမယ်ရ လုပ်ရတော့တာပေါ့ ။ အဲ နောက်ပိုင်း ကျွန်မ ကိုကြီးကို တည့်အောင်ပေါင်းတဲ့ တချိန်ရှိပါသေးတယ် ..။ ဟဲဟဲ သိတော်မူတဲ့ အတိုင်း လခ ထုတ်ရက်တွေမှာ တည့်အောင်ပေါင်းတတ်ပါတယ် ..။ ကျွန်မက မုန့်ဖိုးတောင်းရင် တောင်ငူကို ပိုက်ဆံ ပို့ပြီးပြီ ၊ မေကြီးကို ထမင်းဖိုးဆိုပေးပြီးပြီ ဆိုတဲ့ အသံကြားရပြီ ဆိုရင် ကိုကြီး သမီးလေ ခုတလော ဘာလေးလို ၀ယ်ချင်နေတာ အဲဒါ စုထားတဲ့ ပိုက်ဆံက မပြည့်ဘူးဖြစ်နေတယ် .. ဘာညာ နဲ့ နဲနဲ ရွှီးလိုက်ရင် တော့ မုန့်ဖိုးပေးပါတယ်..။ တောင်ငူကို ပို့ပြီး သူသုံးဖို့ချန်ထားတဲ့ အထဲကမှ တောင်းတာပါ ..။ စောစောတောင်းရင် ကျွန်မ တူမလေး တွေဆီ ပို့မဲ့ ငွေလေးတွေ နည်းသွားမှာ စိုးလို့ပါ ။ သူက အမေ့ကို ထမင်းဖိုးပေးတယ်သာ ဆိုတာ စတိသဘောပေးတာပါ ။ အမေကလဲ မတောင်းပါဘူး ။ တောင်ငူကိုပဲ လောက်လောက်ငှငှ ပို့ပေးဖို့ ပြောပါတယ်…။ သူက သားကြီးဆိုတော့ အမေ့ကို ပေးချင်တာလဲ ပါမှာပေါ့ ဒါကြောင့် အမေကလဲ စတိပဲယူတာပါ …။အော်.. ဒီသားအမိ တွေရဲ့ ချစ်မေတ္တာတွေက တော်တော်ကြီးမားကြပါလား ဆိုပြီး အတုယူမိပါတယ် ။။  
ပြီးတာ့ ကိုကြိးနဲ့ လုရတာ တီဗွီကြည့်ရင်လဲ ရန်ဖြစ်ရပါတယ် ..။ သူက မြန်မာ့အသံ နဲ့ မြ၀တီက လာသမျှ တရုတ်ကား ၊ ကိုရီယား ကားတွေတင်မက ဇာတ်လမ်းတွဲ ကိုရီးယား ကားတွေလဲ မလွတ်ပါဘူး ။ ကျွန်မက အင်္ဂလိပ်ကားတွေ လောက်သာ ကြည့်ပါတယ် ၊ ကိုရီးယားကား ကတော့ သူငယ်ချင်းတွေက တော်တော်ကောင်းတယ်လို့ ပြောရင်တောင် မကြည့်သေးပါဘူး ..။ မဟားဒရားကောင်းတယ် ၊ ပက်ပက်စက်စက်ကောင်းတယ် ဆိုပြီးပြောမှသာ ကြည့်ဖြစ်ပါတယ် ။ ကျွန်မကြည့်ရင်လဲ ဇာတ်လမ်းတွဲ ၁ တွဲကို ၂ ပတ်လောက်ကြည့်ရပါတယ် ။ ကိုကြီး နဲ့ ကျွန်မ အမတ၀မ်းကွဲကတော့ ၂ ရက်နဲ့ ပြီးအောင်ကြည့်ပါတယ်..။ ကျွန်မက အရင်ဆုံးဦးပြီး တီဗွီကြည့်နေပြီ ဆိုရင်
 မီးမီး ၉း၃၀ ရင် မြ၀တီက တရုတ်ကားလာမှာနော် .. အဲကားက ကောင်းခန်းရောက်နေပြီ နင့်အခွေက ခဏရပ်ထားလို့ရတယ် ..။ ခဏလေးနော် ..။ ကျွန်မကလဲ အင်းဟုတ်ပါပြီ ပေါ့ ဆိုပြီး ပေးကြည့်လိုက်ပါတယ် ..။ တရုတ်သိုင်းကာလဲ လာရော ကျွန်မလဲ တူတူကြည့်ပါတယ်..။ ကြည့်နေရင် ကိုကြီး နဲ့ မကော့မိုင် ( အမတစ်ဝမ်းကွဲ) က ကျွန်မကိုဇာတ်ကြောင်းတွေ ၊ ဇာတ်လမ်းတွေ ရှင်းပြပါတယ် ..။ ကျွန်မလဲ စိတ်ဝင်စားပြီးကြည့်နေတုန်း မြန်မာ့အသံက ကိုရီးယားကားကိုပြောင်းလိုက်ပါတယ်..။ ခဏ နေတော့ အဲဘက်က ကြော်ငြာဝင်တော့ မြ၀တီကိုပြောင်းလိုက်ပါတယ် ..။ တရုတ်ကားက စကားပြောပြီး ပျင်းစရာ နဲနဲ ကောင်းလာရင် ဟိုဘက်ပြန်ပြောင်းပါတယ်..။ တယောက်ထဲ ရီမုတလက်နဲ့ ဟိုဘက်ဒီဘက်ကို ဗြောင်းဆန်စွာပြောင်းနေပါတယ်..။ အင်္ဂလိပ်လိုဆိုရင် zipping လုပ်နေတယ်ပေါ့ ..။ ကျွန်မလဲ ခေါင်းတွေမူးလာတော့
ကိုကြီးကြည့်မယ်ဆို တဘက်တည်းကြည့်လေ သမီးခေါင်းတွေ မူးလာပြီ ပြောတော့
ဟုတ်ဘူး မီးမီးရ ၊ ဟိုဘက်က ကိုရီးယားကား က မင်းသမီးလေးကို လုပ်ကြံနေတာ ၊ မင်းသားက အတိတ် မေ့နေတာလေ.. ဘာလေ ညာလေ နဲ့ ဟိုပြောင်း ၊ ဒီပြောင်းလုပ်နေပါတယ် ..။ ကျွန်မလဲ ခေါင်းတွေ မူးလာလို့ ရန်မဖြစ်ချင်တာနဲ့ အိပ်ယာဝင်လိုက်ပါတယ်…။ သူတို့သာ တီဗွီအရင်ဆုံး ဥိးထားတဲ့ နေ့ဆို ဘာဇာတ်ကား ၊ ဘာအစီအစဉ်မှ ကြည့်ရဖို့ မမျှော်လင့်ရတော့ပါဘူး ။ တယောက်ထဲ့ ရီမုတလက်နဲ့ တီဗွီရှေ့မှာ သိုင်းကျင့်နေပါတယ် ။
ကျွန်မ ကိုကြီးရဲ့ အားနည်းချက်တစ်ခုက အရမ်းသနားတတ်ပါတယ် ..။ ပြီးတော့ ဘုရားတရားလဲ ကြည်ညိုပါတယ် ..။တရားခွေတွေ ၊ တရားစာအုပ်တွေဆိုရင် မပြတ်သူဝယ်ပါတယ်..။ မီးမီး ငါဒီနေ့ အရှင်ဆန္ဒာဓိက စာအုပ်ဝယ်လာတယ် လို့ပြောပြီး နောက်နေ့ ကျွန်မတောင်းဖတ်ရင် ဟိုဘက်လမ်းက အဖိုးက ဖတ်ချင်တယ်ဆိုလို့ ၊ ဟိုဦးဇင်းက မဖတ်ရသေးဘူးဆိုလို့ ဌားပေးလိုက်တယ်တဲ့…။ ပြီးရင် ဘယ်တော့မှ ပြန်မရတော့ပါဘူး ။ ကျွန်မပြောရင်လဲ ငရဲကြီးမှာ ဆိုတော့ မပြောတော့ ပါဘူး ။
ပြီးရင် ကျွန်မ က မိန်းမ ဆိုတော့ အတင်းပြောရင် သူ့ကို ပြောပါတယ်..။ ကိုကြီး ဟိုဘက်အိမ်က မိန်းမကြီးလေ ဒီနေ့ နှလုံး ထီ ၂၀၀ ပေါက်တယ် တဲ့ ကိုကြီးဆီက ချေးထားတဲ့ ပိုက်ဆံ ဆပ်ပြီးပြီလား ၊ ပေါက်တာက ၂၀၀ ဖိုး အကြွေးတောင်းတဲ့ သူတွေက သိပြီးလိုက်တောင်းနေတာလေ သိလား ။
ဟုတ်လား ။ ခက်တာပဲနော် ဒီမိန်းမက ကလေး ၃ ယောက်မလား ၊ ကလေးတွေကိုတော့ ၀၀လင်လင် မကျွေးဘူး ၊ ချဲထိုးဖို့တော့ ရှိတယ်..။ ခုကော အကြွေးတွေ ဆပ်လိုက်ရင် ကလေးတွေကို ဘာနဲ့ သွားကျွေးမလဲ သိဘူးနော်.. ဆိုပြီး သူကကြားထဲက ငထွားခါးနေပါတယ် ။
ပြီးတော့ ကိုကြီးက အပေါင်းအသင်းအရမ်းမင်ပါတယ် ။ သူ့ရုံးမှာ ကုလားတယောက်ရှိပါတယ် ။ ညစောင့်သဘောမျိုးထင်ပါတယ် ..။ ဆွေမျိုးမရှိဘူးပေါ့ ။ သူက ညဘက် ON ဂျူတီစောင့်ရတယ်ဆိုပြီး အိမ်က ထမင်းပေါင်းအိုးသေးသေးလေးကို ရုံးသယ်သွားပါတယ် ..။ အိုးတင်မကပါဘူး ဆန်ရယ် ၊ ဆီကိုလဲ ပုလင်းနဲ့ ခွဲပြီးသည်သွားပါတယ် ၊ ဒါတင်မကပါဘူး ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း စတာတွေပါထည့်သွားပါတယ်..။ ပထမ ပိုင်းတော့ မေမေက အော်သူ့သားလေး ထမင်း ၊ ဟင်းကိုယ်တိုင်ချက်ရတယ် ၊မနားရဘူးဆိုပြီး အိမ်က ဟင်းတွေစီစဉ်ပြီးထည့်ပေးလိုက်ပါတယ် ။ ဒါလဲ သူက ဆန်တွေ ၊ ဆီတွေ ယူမြဲတိုင်းယူနေတော့ မေမေက
ဘာလို့ ယူနေတာလဲ သားကြီးရယ် ၊ မေမေ စီစဉ်ပေးတာတွေနဲ့ ပဲစားလိုက်ပါလား ၊ ဆိုပြီးပြောတော့
ကိုကြီးက သူတယောက်ထဲစားတာ မဟုတ်ကြောင်း ၊ ကုလားကိုပါ ခွဲကျွေးရကြောင်း ၊ မကျွေးရင် ကုလားကို နေ့တိုင်း လက်ဖက်ရည်ဖိုး နဲ့ ထမင်းဖိုး ၁၀၀၀ ပေးရကြောင်းစတာတွေပြောပါတယ် ။
မေမေက ဘာလို့ပေးတာလဲ နင့်အမျိုးလဲ မဟုတ်ဘူး ၊ ပြီးတော့ နင့်ခေါ်ထားတာမဟုတ်ဘူး ၊ ရုံးက ခေါ်ထားတာ ရုံးငွေနဲ့ ပေးပေါ့ ၊ ဆိုပြီးပြောတော့ ဘာမှမပြောပါဘူး ။ ဒါပင်မဲ့ ၃ ရက်တခါ ဆန်တွေသယ်သယ် သွားပါတယ် ။ မေမေက ငါသားတယောက်ပဲ ကျွေးနိုင်တယ်နော် ၊ ဘယ်အပိုလူတွေကိုမှ မကျွေးနိုင်ဘူး ။ ဆန်က ဈေးကြီးနေတယ် နော် ..။ ခုတလော ဆန်က ပိုပိုကုန်လာတယ်ဟေ့ ၊ ဆိုပြီး စောင်းမြောင်းပြောလဲ ယူပါတယ် ။ သူက အဲလို အရမ်းသနားတတ်ပြီး ပေါင်းအသင်းခင်မင်တတ်ပါတယ် ။
ခုတော့ ကိုကြီးက မကွေးတိုင်းစလင်းမြို့ ကို ရာထူးတိုး ပိုစ်စတင်ကျသွားပါတယ် ။ ကျွန်မ နဲံ တပတ်တခါ ဖုံးပြောဖြစ်ပါတယ် ။ ပြောဖြစ်တာတွေက တော့အိမ်ကအကြောင်းရယ် ၊ ကျွန်မတူမလေးတွေ အကြောင်းရယ်ပါ ။ ကိုကြီးအကြောင်းကို ရေးတာက ကျွန်မကိုကြီး နဲ့ခုဏကမှ ဖုံးပြောဖြစ်ရင်း သတိရသွားတာနဲ့ ရေးဖြစ်တာပါ ..။ စစချင်း အင်ထရိုဝင်ထားတာက နံပတ် ၃ ကိုကို အကြောင်းပါ ..။ ခုတော့ဘယ်လိုဖြစ်ပြီး ကိုသားကြီးအကြောင်းရောက်သွားတာပါလိမ့် ။ ခုတော့ ကျွန်မနဲ့ ရန်ဖြစ်မဲ့ ၊ ဟင်းထူးထူးဆန်းဆန်းတွေ ကိုချက်ကျွေး ၊ တီဗွီကြည့်ရင်လဲ ဇာတ်ကြောင်းရှင်းပြမဲ့ ကိုကြီးက နယ်မှာတယောက်ထဲ သွားနေရတော့ ကိုကြီးကို သနားပြီးလွမ်းနေပါတယ် ..။နောက်ဆက်တွဲအနေနဲ့ ဖုံးပြောဖြစ်တာက ဇွန်လကုန်ဆို အိမ်ကို ခွင့်နဲ့ပြန်လာမယ်တဲ့ ။ ဟုတ်ကဲ့ပါ ကိုကြီးသားကြီးရေ ၊ ကိုကြီးရဲ့ညီမလေးက ရန်ဖြစ်ဖို့ နဲ့ ကိုကြီးချက်ကျွေးမဲ့ တောင်ငူ မုန့်ဟင်းခါကို တ၀ကြီးစား ဖို့စောင့်နေပါတယ် လို့…….။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ ။


 

Sunday, 13 June 2010

ဒီထဲရောက်ရင်ဒီလိုဘဲလိမ်စားနေကြတာပါလား


ပုတ် သယ်ဗျို့ ပုတ်သယ် … ။  ပုတ်တွေ ၀ယ်ကြအုံးမလား ။ ပုတ်တွေ တစ်နေကုန်တစ်နေခမ်း ရောင်းပေမဲ့ တစ်လုံးမှမရောင်းရလို့ စိတ်တော်တော်ပျက်နေတာ ၊ အခုလဲ ဒီလမ်းဆုံးလို့မှ ခေါ်သူမရှိရင် မင်းတန်းဘက် သွားရောင်းရအုံးမယ် ။ ပုတ်တွေ ပုတ်တွေ  ၀ယ်ကြအုံးမလားဗျို့ ။ ဒီနေ့သာ မရောင်းရရင်တော့ စားဝတ်နေရေးခက်လိမ့်မယ်ထင်တယ် ။ အိမ်က မိန်းမကလဲ သိပ်ကြည်တာမဟုတ်ဘူး ။ အင်းမရောင်းရဘဲ အိမ်ပြန်သွားရင်တော့ ဘယ်လိုချော့ရပါ့မလဲ ။ 
(ဟိတ်) ရပ်စမ်း ။
အလို တံခါးမှူးကြီးပါလား ။ ဘာကိစ္စပါလဲ ။
မင်းဒါဘယ်နေရာလဲဆိုတာ မသိဘူးလား ။
ဟိုက်! ငါတော့သွားပြီး ဘုရင့် နန်းတော်ရှေ့ သွားရောင်းမိပါရောလား ။ ဒုက္ခဘဲ ကဲလာမဲ့ဘေး ပြေးတွေ့ ဟန်ကိုယ့်ဘို့မလား ။
ဟုတ် သိပါတယ် ခင်မျာ ၊
သိရင် ဘာလို့ရောင်းတာလဲ ။
ဖမ်းလိုက်ရမလား ၊ ဘာလား ညာလား မလုပ်ပါနဲ့ခင်မျာ ၊ နန်းတော်ရှေ့ ရောင်းချင်လို့ လာရောင်းတာ မဟုတ်ပါဘူးခင်မျာ ။ ကျွန်တော့ပုတ် တွေကထူးလို့ပါ ။
အောင်မယ် ရာရာစစ ဘာထူးတာတုန်း ။ မင်းပုတ်က ပြောစမ်း ၊
 ဟာ မပြောနိုင်ဘူး ခင်မျ ၊ ဘုရင့်ရှေ့ ရောက်မှပြောပါရစေ ။ ဟုတ်တယ်လေဗျာ ဘုရင်မသိဘဲ အောက်ကလူတွေ လုပ်ချင်တိုင်းလုပ်နေတာ ဗွတ်ကြမ်းနေပြီမို့လား ။ စိတ်ထဲကလဲအဲလိုတွေးပြီး ကြောက်စိတ်ကိုဖျောက်… (ပုတ်သာရောင်းတာနော် ပညာရှိတယ်။)
ဟုတ်ကဲ့ ကျွန်တော့်ကို ဘုရင့်ရှေ့ပို့ပါ ။ ဆုလာဒ်တွေ ရတဲ့အခါ မမေ့ပါဘူး တံခါးမူးကြီးရယ် ။
အေးလေ ဘုရင့်ရှေ့ရောက်လို့မှ သက်သေမပြနိုင်လို့ကတော့ မင်းထိုက်နဲ့ မင်းကံဘဲ ။ ငါလျှောက်တင်ကြည့်မယ် ။ 
နေရာ ----နေပြည်တော် ရာဇာသနပလ္လင်
တည်ရှိရာ---ဖန်နန်းဆောင်အတွင်း ၀န်ကြီးချုပ်နဲ့တကွ ရေ၀န် ၊ ကင်းဝန် ၊ နယ်စား ၊ပယ်စား ၊ မူးကြီးမတ်ရာသေနာပတိ မင်းကြိုက်ဆောင် မင်းမြောင်ပါမကျန် ၊ မျက်နှာအောက်ချ ပြားပြာဝပ် အရိုသေပေးကြရင်း ဘုရင့်မင်းမြတ်ရဲ့ စကားသံကိုနားစွင့်နေကြ လေရဲ့ ။
ဟဲ့ ပုတ်ရောင်းသမား မောင်မင်း ပုတ်တွေက ထူးဆန်းလို့ဆို ။
မှန်လှပါ ရွေနန်းကျော့ရှင်ဘုရင် ထီးဘုရားဘုရာ့ ။ ဘုန်းတော်ကြောင့် ဘုရား ကျွန်တော်မျိုး ပုတ်များ ထူးဆန်းတော်မူကြောင်းပါဘုရား ။
အေးဟုတ်ပြီး ။ ထူဆန်းတဲ့အကြောင်း အမြန်လျှောက်တင်စမ်းဟဲ့ ၊
မှန်လှပါဘုရား ဖရာ့တပည့်တော်ရဲ့ ပုတ်ထဲ ကိုဝင်ကြည့်မယ်ဆိုရင် အထက်ကိုကြည့်ရင် နတ်ပြည်ခြောက်ထပ် မြင်ရပါသဖရာ့ ။ အောက်ကိုကြည့်ရင် မဟာအ၀ီစိငရဲတိုင် မြင်ရပါ့တယ် ဖရား  ။
ဒါပေမဲ့ မိစစ်ဖစစ်က မွေးတဲ့သူတွေသာ မြင်ရပါမယ်ဘုရား ။ မိမစစ် ဖမစစ်တွေဆို မမြင်နိုင်ကြောင်းပါ ဘုရား ။
ဟေ  …မောင်မင်းများ
(((ဘုရား )))
အင်မတန်ထူးဆန်းတဲ့ ပုတ်ပေဘဲ မာင်မင်းများရဲ့ ၊
မှန်လှပါ ဘုန်းတော်ကြောင့်ပါဘုရား ။
ကဲ ဟုတ်မဟုတ်သိရအောင် ၀န်ကြီးချုပ်ဖြစ်တဲ့ သိန်းအမတ်ချုပ်ကြီးက စတင်ကြည့်ရှုစေဗျား ။
သိန်းအမတ်ကြီးလဲ ပုတ်ထဲ လေးဘက်ထောက် ၀င်သွားပြီး အထပ်ကိုမော့ကြည့်တယ် ဘာမှမမြင်ဘူး ၊ အောက်ကိုငုံ့ကြည့်တယ် ဘာမှမမြင်ပါဘူး ၊ အဲဒီတော့ သိန်းအမတ်ကြီး ဒုက္ခရောက်ပြီလေ ၊ မမြင်တာကို မမြင်ဘူးပြောလဲ မိမစစ်ဖမ စစ်ဆိုပြီး ငါလဲအရှက်ရ ငါ့မိဘလဲအရှက်ရ ။ အင်း မထူးပါဘူးလေ ။ ပုတ်ကိုမ အပြင်ကိုပြန်ထွက်လာတော့ ၊
သိန်းအမတ်ချုပ်ကြီး ဘယ့်နဲ့လဲဗျ မြင်ခဲ့ရလား ။
မှန်လှပါ အထက်နတ်ပြည်ခြောက်ထပ် ၊ အောက်ငရဲကြီးရှစ်ထပ် မြင်ခဲ့ကြောင်းပါဖရာ့ ။
အယ် ဟုတ်ကဲ့လား…သိန်းမအမတ်ကြီးရဲ့ ။
မှန်လှပါ ဘုန်းတော်ကြောင့်မြင်တွေ့ခဲ့ရကြောင်းပါဘုရား ။
အော် တော်တော်ထူးဆန်းတဲ့ ပုတ်ပေဘဲ မောင်မင်းရဲ့ ။ ကဲ ကင်းဝန်တို့ ၊ လေ၀န်တို့ ၊ ရေ၀န်တို့လဲ ၀င်ကြည့်ကြပါအုးံဟဲ့ ။ အစဉ်လိုက်ဝင်သွားပြီး ကြည့်လိုက်ကြတာ တစ်ယောက်မှ မတွေ့ခဲ့ပေမဲ့ တစ်ယောက်မှ မမြင်ဘူး မပြောဘူး ။ အကုန်မြင်ပါတယ်ဘုရား ။ ဘုရင့်ကို ညာကြ ဘုရင်ကလဲ အဟုတ်မှတ်ပြီး မင်းကြိုက်ဆောင် မင်းမြောင်များက
ရွှေနန်းကျော့ရှင် ဘုရင်ဥက္ကဌ ရွှေကိုယ်တော်ကြီး အလှည့်ရောက်ကြောင်းပါဖရာ့ ။
အိမ်းလကွာ ၀င်သပေါ့ ။ ရွမ်း…ရွမ်း…ဗိန်း… စည်တော်တီးပြီး ပုတ်ထဲဝင်သွား အထပ်မော့ကြည့်တော့လဲ ဘာမှမမြင် ၊  အောက်ကြည့်တော့လဲ ဘာမှမမြင် ဘုရင်ကသံဝေဂ ဖြစ်သွားတယ် ။ အော် ဒီထဲရောက်ရင် ဒီလိုဘဲ လိမ်စားနေကြတာပါလား ဟုတွေးရင်း ထွက်လာလို့မှ မမြင်ပါဘူး လို့ပြောပြန်ရင်လဲ ငါလဲသိ က္ခာကျ ငါ့မိဘလဲသိက္ခာကျ အင်းကြည့်လုပ်မှဖြစ်မယ်ဟု တွေးရင်း ၊ အမတ်ချုပ်ကြီးအပါဝင် ဒီထဲ ရောက်ဘူးတဲ့ လူအားလုံးကလဲ ငါတို့ကတော့ စားဝတ်နေရေး အသက်အိုးအိမ် စည်းစိမ်တွေကြောင့် ညာရတယ် ။ ဘုရင်ဥက္ကဌရွှေကိုတော်ကြီး ကတော့ ဘယ်လိုများ ဖြေပါလိမ့်မလဲ မေးလျှောက် ကြည့်လိုက်အုံးမှ…
မှန်လှပါ ရွှေငွေသလင်းပယင်းဒုတ္ထာ စင်္ကြာများအရှင် ၊ ဆင်ဖြူများသ္ခင် ၊ လက်နက်  များရဲ့ အရှင်ဖြစ်တော်မူသော ဘုရင်ဥက္ကဌရွှေကိုတော်ကြီးဘုရား ၊ မြင်တွေ့တော်မူရဲ့လားဖရာ့ ။
အိမ်း  ငါလဲမင်းတို့လိုဘဲ မြင်ပါတယ်ဗျား…………..။
မရွှေနှင်းရေ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။
ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ…။
http://www.mylivesignature.com/signatures/85802/hninmoekhine/a6229c22d9caebf2345c88141a4ef21e.png

Saturday, 12 June 2010

ဘဲရုပ်ဆိုးလေး

ဇေရေ ပုံပြင် ပြောပြမယ်နော်…။ ကလေးအတွေး ဆန်တာတော့ ဟုတ်ဘူး ။ ငါ့တူမလေးအတွက် ပုံပြင်စာအုပ်လေးဝယ်လာတော့ ကျွန်မအရင်ဆုံးဖတ်ကြည့်တာပေါ့ ။ အဲမှာ ဘဲရုပ်ဆိုးဆိုတဲ့ ပုံပြင်လေးကို ဖတ်မိတယ် …။ ကဲစပြောပြီနော်…
တစ်ခါက ရေအိုင်တစ်အိုင်ရဲ့ အစပ်မှာ ဘဲမကြီးတကောင်ဟာ ဥတွေကို ဥထားပြီး ဥတွေကို ၀ပ်သတဲ့ ။ ဥတွေကို ၀ပ်ပြီး အတော်ကြာတော့ ဘဲဥတွေ တစ်လုံးပြီးတစ်လုံး ချပ်ခနဲ့ ချပ်ခနဲ ပေါက်လာကြသတဲ့ ။ ဘဲဥခွံထဲက ဘဲကလေးတွေဟာ ခေါင်းလေးတွေ ပြူထွက်လာကြတာပေါ့ ။ ဘဲမကြီးကလဲ ဘဲလေးတွေပေါက်လာလို့ ပျော်ပြီး ဂပ် ဂပ် ဂပ် ဂပ် နဲ့ အော်သတဲ့ ။
ဘဲမကြီးဝပ်တဲ့ ဥတွေအကုန်ပေါက်ပင်မဲ့ ဥတစ်လုံးတော့ ကျန်သေးသတဲ့ ..။ ဘဲမကြီးကလဲ ဒီကျန်တဲ့ ဥတွေကြောင့် စိတ်ဆင်းရဲနေတာပေါ့ ။ ဒီဥပေါက်အောင်ဝပ်ရ မှာကိုး ။ ဒါနဲ့ပဲ ဘဲမကြီးဟာ ဒီဥပေါက်ဖို့ နောက်ရက်အကြာကြီးဝပ်ရပြန်သတဲ့ …။
အဲ.. နောက်ဆုံးကြတော့ အဲဒီဥဟာ ခွပ်ကနဲ ပေါက်ပါလေရောတဲ့ ..။ ကွဲလဲကွဲ ရောဥခွံထဲကနေပြီး ဘဲကလေးတစ်ကောင်ဟာ ကျစ်ကျစ်-ကျစ်ကျစ် မြည်ပြီးထွက်လာတယ် . ဒီဘဲကလေးက ကြီးလဲ အတော်ကြီးသတဲ့ ။ အရုပ်ကလဲ အတော်ဆိုးသတဲ့ ..။သူ့အမေ ဘဲမကြီးကတောင် ငါ့သားသမီးတွေထဲမှာ အတော်အရုပ်ဆိုးတဲ့ ဘဲလေးပဲလို့ ပြောယူရသတယ် ။
ဒါနဲ့ ဘဲမကြီးက ဘဲလေးတွေအားလုံးကို ဘဲခြံထဲခေါ်သွားတော့ အရုပ်ဆိုးတဲ့ ဘဲလေးလဲ လိုက်သွားရတယ် ။ ဘဲခြံကတော့ သူ့ကို အရုပ်ဆိုးလွန်းလို့ အခြားဘဲတွေက ၀ိုင်းစကြတယ်ပေါ့ ။ ပြောင်လှောင်ကြတယ် ပေါ့ ။သူ့အမ အရင်း ၊ အကိုအရင်း ဘဲတွေကတောင် နင့်ကို ကြောင်ချီသွားပါစေလို့ ဆုတောင်းကြတယ် ။ ဘဲရုပ်ဆိုးလေးမှာ နေစရာတောင် မရှိဘူးတဲ့ ။ ဘဲစာကျွေးတဲ့ ကောင်မလေးကလဲ သူ့ကိုကန်တယ် ။ ဘဲအချင်းချင်းကလဲ သူ့ကိုထိုးကြတယ် ။ ကြက်တွေကလဲ သူ့ကိုလာဆိတ်တယ် ။
ဒါနဲ့ဘဲရုပ်ဆိုးလေးဟာ ဘဲခြံထဲကနေထွက်ပြေးပြီး တောထဲမှာ ရှိတဲ့ ကျင်းကြီးထဲ သွားနေတယ် ။ နောက်ဒီကျင်းထဲမှာလဲ စကားခပ်ကြွားကြွားပြောတတ်တဲ့ ဘဲငန်းတွေနဲ့လဲ တွေ့သေးသတဲ့ ။ ဒီကျင်းထဲမှာ တောငန်းတွေကို လာပစ်တဲ့ သေနတ်သံတွေကြောင့် ဘဲရုပ်ဆိုးလေးလဲ ဆက်ပြီးထွက်ပြေးသွားရပြန်ပါရောတဲ့ ။ ဒါနဲ့ပဲ တဲတစ်ခုကို ရောက်သွားရရှာပြန်ပါတယ် ။
တဲထဲရောက်တော့ လေတွေက သိပ်တိုက်နေ သတဲ့ ။တဲထဲ မှာအဖွားကြီးတယောက် နေသတဲ့ ။ အဖွားကြီးမွေးထားတဲ့ ကြောင်တစ်ကောင်နဲ့ ကြက်မ တစ်ကောင်လဲ ရှိသတဲ့ ။ ကြောင်ကလဲ သူ့လို တညောင်ညောင်နဲ့ အော်ခိုင်းသတဲ့ ။ ဘဲရုပ်ဆိုးလေးက မအော်တတ်ပါဘူးဆိုတော့ သူ့ကို ဆူသတဲ့ ။ ကြက်မကလဲ ဘဲရုပ်ဆိုးလေးကို ဥ. ဥခိုင်းသတဲ့ ။ မဥတတ်ပါဘူးဆိုတော့ ကြက်မကလဲ သူ့ကို ဆူသတဲ့ ။ ဘဲရုပ်ဆိုးလေးလဲ ဘယ်ပျော်ရှာမတုန်း ။
ဒါနဲ့ ဒီတဲလေးထဲမှာ မနေတော့ပဲ ဘဲရုပ်ဆိုးလေးဟာ ပြန်ထွက်လာသတဲ့ ။ ပြီးတော့ ရေကန်ထဲမှာ ရေငုပ်လိုက် ၊ ကူးလိုက်နဲ့ ပျော်နေရှာ တယ် ။ ဒါပင်မဲ့ အရုပ်ဆိုးလွန်းလို့ အခြားကောင်တွေက သူ့ကို စကားတောင်လာမပြောကြဘူး ။
ဒီလိုနဲ့ပဲ ဆောင်းတွင်းရောက်လာပါလေရော ။ ဆောင်းတွင်းရောက်လာတော့ သူနေတဲ့ ရေအိုင်လေးဟာ ရေခဲသွားသတဲ့ ။ ဘဲရုပ်ဆိုးလေးဟာ ရေခဲထဲမှာပဲ အအေးမိပြီး မေ့ပြောသွားရှာတာပေါ့ ။ လယ်သမားကြီးတယောက်က  ဘဲရုပ်ဆိုးလေးကို အိမ်ကို ယူသွားတယ် ။ အိမ်ရောက်တော့ ဘဲရုပ်ဆိုးလေး သတိရလာတယ် ။ ကလေးတွေက သူနဲ့ ကစားချင်ကြတယ် ။ ဒါပင်မဲ့ ရုပ်ဆိုေးလးဟာ လန့်ပြီးခုန်လိုက်တာနဲ့ ဘဲရုပ်ဆိုးလေးဟာ နွားနို့ခွက်ထဲ ကျသွားသတဲ့ ။ နောက်အိမ်ရှင်က အော်တော့ ထပျံလိုက်တာ ထောပတ်ပုံးထဲ ကျပြန်ရော …။ အဲဒီနောက် ဂျူံမှုန့်ပုံးထဲ ထပ်ကျပြန်ရောတဲ့ ။ ဒါနဲ့ပဲ ဘဲရုပ်ဆိုးလေးဟာ ပိုပြိးအရုပ်ဆိုးသွားရှာတာပေါ့  ။ ဘဲကလေးတွေက လိုက်ပြီး စကြ ၊ နောက်ကြ ၊ အိမ်ရှင်အဖွားကြီးက နောက်ကလိုက်ရိုက်နဲ့ ၊ ဘဲရုပ်ဆိုးကလေးမှာ အတော်ပြေးထွက်ခဲ့ရရှာတာပေါ့ကွယ် ။
ဒီလိုနဲ့ပဲ ဆောင်းတွင်းတစ်ခုလုံး နှင်းတွေထဲမှာပဲ ဘဲရုပ်ဆိုးလေးနေရှာတယ် ။ သိပ်ချမ်းတာပေါ့ ၊ ဆင်းဆင်းရဲရဲ နေရရှာတာပေါ့ကွယ် ။
ဒါနဲ့ပဲ ဆောင်းရာသီကုန်သွားသတဲ့ ။ နွေဦးပေါက်လာပြီပေါ့ ။ ရာသီဥတုက နွေးလာတာပေါ့ ။ ဘဲလေးရဲတောင်ပံ တွေကလဲ သိပ်ပြီး သန်မာလာတယ် ။ ဒါနဲ့ပဲ ဥယျာဉ်တစ်ခုရဲ့ ရေအိုင်ထဲမှာ ရေကူးနေတုန်း သူ့ရှေ့မှာ သိပ်လှတဲ့ ငန်းကြီး သုံးကောင် ကိုတွေ့ရသတဲ့ ..။ အဲဒီ ငန်းကြီးတွေဟာ သိပ်လှသတဲ့ ။ ရေထဲမှာ ပေါ့ပေါ့လေး မျှောလိုက်နေကြတယ် ။
ဘဲရုပ်ဆိုးလေးက ငါ့ကို ငန်းလှလှကြီးတွေက သတ်ချင်လဲ သတ်ပါစေ ၊ ငါ့ကို ကြက်တွေ ၊ ကြောင်တွေ ၊ ကောင်လေးတွေရဲ့ ကန်တာ ထိုးတာခံရတာ ထက်သေတာက ကောင်းတယ် ” လို့တွေးတာပေါ့ ..။ ဒါနဲ့ ဘဲလေးဟာ ငန်းတွေဆီကိုသွားသတဲ့ ။ငန်းတွေကလဲ ဘဲလေးကိုမြင်တော့ အမြန်လာကြတယ် …။ ဘဲလေးက ကျွန်တော့ကိုသတ်ပစ်ကြပါ ” လို့ပြောပြီး ခေါင်းငုံ့ပေးလိုက်တယ် ။ အဲ… ထူးတာက ဘဲလေးခေါင်းငုံ့လိုက်တော့ ဘာကိုမြင်သလဲ ဆိုရင် သူ့ကိုယ်သူ ပြန်မြင်ရသကိုး ။ဒါပင်မဲ့ သူမြင်ရတာက အရုပ်ဆိုးတဲ့ ဘဲလေးမဟုတ်ပဲ သိပ်လှတဲ့ ငန်းလေးတစ်ကောင်ဖြစ်နေသတဲ့ ။
တကယ်တော့ သူဟာ ဘဲခြံထဲမှာ ပေါက်ရတဲ့  ငန်းလေးဖြစ်နေတာကိုး ။ ကလေးတွေ နဲ့ ငန်းတွေဟာ သူ့ကို  အလှဆုံး ငန်းလေးဟေ့ ” လို့ချီးကျူးကြသတဲ့ ..။ တကယ်ပဲ သူဟာ အလှဆုံးငန်းကလေးပဲတဲ့ …။  သူ့ကို ၀ိုင်းပြီးကြည့်ကြ ၊ ချီးကျူးကြတယ် ။ သူကလဲ ၀မ်းသာပင်မဲ့ မာနမကြီးရှာဘူး ။ သူဆင်းဆင်းရဲရဲ နေခဲ့ ရတာကို ပြန်ပြီး သတိရနေမိတာပဲ တဲ့ ။
အားလုံးက ချီးကျူးကြတဲ့ ၊ သိပ်လှတဲ့ ငန်းလေးဟာ ခုတော့ ရေကန်ထဲမှာ အေးအေးဆေးဆေး လှလှပပ ကြီး ကူးခတ်နေတော့သတဲ့ ကွယ် ။
ကိုကိုဇေ ရေ….ဘဲရုပ်ဆိုး ပုံပြင်လေးက ဒါပါပဲ ကွယ် ။ ။
ပုံပြင်ထဲမှာ လူတိုင်းကိုပြောပြချင်တဲ့ မက်ဆေ့ခ်ျ လေးတစ်ခုရှိတယ် ဇေ ။ ဆရာမကြီး မလုပ်တော့ပဲ ပုံပြင်လေးကို ဖတ်ပြီး လိုရာဆွဲတွေးနိုင်ပါတယ် …။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxT7Wt3NN_KseHxz2uBNd5RxrOAaXMRcWvlFoekmp6N5X_YLZH71ih9jcMjDRTHduiOFiUOjDtJ5P2fQM1wq_wFXnY7s1PD_LTobIQE4zUkYWubxPHBCuQ8BrxCG4xOhY2cydlJe-fYgI/s1600/896d5bfcc4ddb428c201fc2394d46fd4.png



Friday, 11 June 2010

ဇာတ်ကောင်ရှာတဲ့မေမေ

ဇေ ဒီတလော စာရေးမယ် ကြံတိုင်း ဘာမှတွေးလို့ မရပါဘူး ။ ရေးချင်တာက ရတုကဗျာအကြောင်းပါ ။ နောက် လတွေအကြောင်းတွေ သတင်းဘာသာပြန်လေးတွေ အဲလိုရေးချင်တာပါ ။ ဒါပေမဲ့ စရေးဘို့ ပြင်လိုက်တာနဲ့ အိမ်ကလူတွေအကြောင်းဘဲ ပေါ်ပေါ်လာတယ် ။ အဲဒါနဲ့ ရေးဖြစ်သွားတာပါ ။ ဇေလိုလူက အဲလိုလူပါ ။ လုပ်ချင်တာတစ်ခု လုပ်တာကတစ်ခု…. ဇေ့မှာ ဆစ်အော့တစ် organ တလုံးရှိတယ် ။ အသံတော်တော်စုံပါတယ် ။ ခုံနဲ့ဘာနဲ့ကျကျနနပါ ၊ တရံတခါမှာ ပက်ပက်စက်စက်သီကြွေးပါတယ် ။ တခါတရံမှာတော့ ဟိုမျောက်မကျ လူမကျ ခြောက်ယောက်က အလှည့်ကျ တက်တက်နှိပ်စက်ပါတယ် ။ ဇေသီချင်းတီးတော့မယ်ဆိုရင် စတွေးထားတာက သီချင်းတပုဒ်ပါ ။ ခုံပေါ်ထိုင်မိလိုက်တာနဲ့ လက်ကတီးချင်တာတီးပါတယ် ။ တစ်ခါတစ်ရံ ဗုဒ္ဓ၀င်သီချင်းတွေ တစ်ရံတစ်ခါ ကိုမြကြီးတို့ ၊ ကိုမင်းနောင် တို့ ၊ အဲလိုရောက်သွားတတ်ပါတယ် ။ မိုးလေးဘာလေး တစ်ဖြောက်နှစ်ဖြောက်ကျလာပြီ ဆိုရင်တော့ အလကာင်္ကျော်စွာ ဒေါ်စောမြအေးကြည်ရဲ့ မိုးဒေ၀ါသီချင်းကို ရောက်သွားပါတယ် ။ အစအဆုံးတော့ မရပါဘူး ။ အဲလို တောင်ရောက်မြောက်ရောက်နဲ့ဘဲ သံသရာလည်နေတာကြာပါပြီ ။ အခုလဲစာ ရေးမယ်လုပ်တိုင်း ရေးချင်တာကတခုပါ ။ အခုရေးမလို့လုပ်တုန်း မေမေအကြောင်းဘဲ ခေါင်းထဲ ရောက်လာပါတယ် ။ ကဲရေးလိုက်အုံးမယ် မေမေရေ ခုချိန်ဆို ခေါင်းကြိမ်းနေလောက်ရောပေါ့ ။
ဇေ့တို့မေမေက အေးတယ် ။ တော်တော်လေးအေးပါတယ် ။ ဒါပေမဲ့ အမှတ်ကြီးတယ် ပြောရမလား  ။ သည်းခြေခိုင်တယ် ဆိုရမလား မသိဘူး ။ တခုခုသဘောမတွေ့ရင် ပြောမဆုံးတော့ပါဘူး ။ မနှစ်က ဇေရန်ကုန်ကို ပြန်ပါရော ၊ ပြန်တော့ ဇေလဲဘယ်လို ခံတွင်းလိုက်နေမှန်းမသိဘူး ။ ဟို ပန်းသစ်တော်သီးကို တော်တော့်ကို စားလို့ကောင်းနေတယ် ။ ပန်းဆိုးတန်းလမ်း ထင်ပါတယ် sc ဘဏ်အရှေ့ကမှတ်တယ် အဲလမ်းမှာ ပန်းသစ်တော်ကို စတွေ့တာဘဲ ။ တစ်လုံးလေးရာတဲ့ ၅လုံးလောက်ဝယ်လာတယ် ။ နောက်ဆားချိုအမှုန့် တစ်ဗူးဝယ်ထားတယ် ။ ပျင်းတိုင်း ထထစားနေတာ တစ်လုံးနဲ့တစ် ခြမ်းလောက်ကျန်တယ် ။ ရေခဲသေတ္တာထဲထည့်ထားလိုက်တာ ဘယ်သူကခံတွင်းတွေ့ သွားမှန်းမသိပါဘူး ။ လုံးလုံးလျားလျားကို ပျောက်သွားပါတယ် ။ ဒါနဲ့ နောက်နေ့ညနေကျတော့ ပါးကို လှည်းတန်း ဈေးလိုက်ပို့ခိုင်း မေမေနဲ့ လိုက်ရှာကြတာတွေ့ပါပြီ ။ ပန်းသစ်တော်တွေ တစ်လုံး ၅၀၀ ပါ ။ အလုံးတွေက ကြီးလဲကြီးတယ် ။ ဈေးဆစ်တော့ ၅ လုံးကို ၂၀၀၀နဲ့တည့်သွားတယ် ။ ရောင်းတဲ့ကောင်မလေး ကလဲချောတယ် ၊ ၀ယ်တဲ့လူကလဲလန်းတယ် ဆိုတော့ မေမေစစ်သမျှဖြစ်နေတာဘဲ ။ ဒါကနောက်တာပါနော် ။ သူတို့က ကိုက်လို့ရောင်းတာနေမှာပါ ။ ပိုးပန်းပြီး ရောင်းလိုက်တာမဟုတ်နိုင်ပါဘူး ။ တော်ကြာ နေထိုင်ရင်းထိုင်ရင်း အမြင်ကပ်နေမှာစိုးလို့ပါ ။ အဲဒါနဲ့ ဆားချိုဗူးလေး နှစ်ဘူးထပ်ဝယ် ၊ ရသာမွန်တဲ့ တံဆိပ်က ၂၀၀ဘဲပေးရတယ် ။
အိမ်ရောက်တော့ ခွဲခြမ်းစိပ်ဖြာပြီး ထမင်းစားပြီးတော့ စားလိုက်ကြတာ ဟိုနှစ်ကောင်ရဲ့ လက်ဆိုတာ လေရဲ့လျှင်မြန်မှုနှုန်းနဲ့ သွက်လိုက်တဲ့လက် သစ်သီးပန်းကန်ထဲမှာ မီးပွိုင့်ထားရမလိုတောင်ဖြစ်နေတယ် ။ ပါးကလဲ ကောင်းတယ် မားကလဲ အေးဟယ် ကောင်းလိုက်တာ ဇေရယ်နော် ၊ အေးနေတာဘဲ ၊ ဟုတ်ပ ကိုကိုဇေတော်တယ်ဟေ့ တီထွင် စားသောက်တတ်တယ် ။ နောက်နေ့တွေလဲ စားရအောင်နဲ့ တစ်ယောက်တပေါက် ၀ိုင်းဝန်းမြောက်ပင့်ညာ စားလိုက်ကြတာ ကုန်ရောဆိုပါစို့ ၊
ဒါနဲ့ မေမေ နက်ဖြန်ဈေးသွားရက်မို့လား ။
အင်းဟုတ်တယ်
ထပ်ဝယ်ခဲ့လေ ။ ဇေ့မှာပိုက်ဆံကုန်ပြီ ။
အင်းအင်း မေမေ၀ယ်ကြွေးမယ် ။
ကိုကိုမင်းပိုက်ဆံမေမေ့ ကိုပေးလိုက်အုံးလေ ။ တလုံးလေးရာဟဈေးကြီးတယ် ။ဇေလဲစားအုံးမှာ မင်းတို့စားတာကုန်ပြီ ။
အေး ပါကွာ ငါကြွေးမယ် ၊
ကိုလတ် မင်းပိုက်ဆံထည့်အုံးလေ စားမှာမလား ။
နေပါကွာ မင်းကလဲ သူ့အသီးလဲ တစိတ်လောက်စားရသေးတယ် ၊ ပိုက်ဆံကဇွတ်တောင်းနေတော့တာဘဲ
ဟာ မင်းအများဆုံးစားတာမလား ။ ဇေတောင်နဲနဲစားရသေးတယ် ကုန်ပြီ ပိုက်ဆံကျတော့ မပေးချင်ဘူး ။ သူများဟာကို အလကားစားချင်တယ် ၊ အချောင်သမား ဒီလိုလူတွေကြောင့်တိုင်းပြည်မကြီးပွားတာ ။
 ကဲကွာ နားငြီးတယ် ။ ရော့၁၀၀၀ ၀ယ်လာရင်လဲငါ့အတွက်ချန်ပေးအုံး ။
အေးအဲလိုလုပ်ပါဟ ညီညီညွတ်ညွတ်ပေါ့ ၊ တကယ်တန်း ၂၀၀၀လောက်ပေးသင့်တာ
ဟေ့မပေးနိုင်ဘူးဟေ့ ပြန်ပေးငါ့ပိုက်ဆံ ။
မပေးဘူးကွာ ။
မင်းအသီး စားရတာ အစာတောင်ကြေပါ့မလားမသိဘူး ။
ဘယ်ကျေမလဲမသဒါရေစာ စားတာကိုး
ကဲ ကိုကိုဇေ ပါးပေးမယ် ရော့ ဘယ်လောက်ဝယ်ချင်တာတုန်း ။
မပေးနဲ့ပါးကိုဝယ်ကြွေးမယ် ဇေ၀ယ်တုန်းက ပါးနဲ့ ဇေစားဘို့ဝယ်ထားတာ လူပိုတွေရှုတ်နေတာနဲ့ အချိန်မတန်ဘဲကုန် သွားရတာ ၊
အောင်မလေးဟဲ့
မေမေဘာဖြစ်တာတုန်း ချောင်းဆိုးတာလား ။ ဒီနားမဆိုးနဲ့လေဗျာ ဟိုဘက်လှည့်ဆိုးမှပေါ့…။ ကလုံကလွမ် ပုဂံတွေစောင့်ချပါတယ် ။ သူတို့သားမိသုံးယောက်ကို လူပို တွေလို့ပြောလို့ပါ ၊ ပန်းကန်းဆေးနေရင်း ကနေလှမ်းအော်နေပါသေးတယ်
လျော်မယ်ဟေ့လျော်မယ် ။ လိုက်ဝယ်တုန်းက တစ်ယောက်ထဲသွားဝယ်တာမဟုတ်ဘူး ။ တူတူသွားဝယ်ကြတာ စားခါမှဒီလို ပြောတာတော့ နင်တယ်ဟေ့နင်တယ် ။
အော်မေမေကလဲ ဘာတွေပြောနေတုန်း စိတ်ညစ်တာတအားဘဲ ၊ စိတ်ပျက်ပါ့ ၊ မေမေ့ကိုမပြောပါဘူး ။ ဟိုနှစ်ကောင် ကိုပြောတာပါ ။ သူ့သားတွေကိုပြောလို့ မခံချင်နေတာလေ မသိရင်ခက်မယ် ၊
ဟဲ့အကြီးကောင်တို့ အလတ်ကောင်တို့ သူပြောတဲ့အထဲမှာ မေမေမပါဘူးတဲ့ဟဲ့ နင်တို့ကိုပြောနေတာတဲ့ နက်ဖြန်ပြန်လျော်ပေးလိုက်ကြနော် သူများဝယ် လာတာ စားရတာ လဲတယ်ပြီး မျိုမကျပါဘူး ၊
ဟိုခွေးမသားလေး မင်းကစကားကိုများတယ် ပိုက်ဆံလဲပေးပြီးပြီ
ဟုတ်ပကွာ ငါတို့ဝယ်လာတာကြတော့မစားတာကြနေတာဘဲ
ဘာဖြစ်လဲကွာ
ဟင်းတော်တော့ ဇေသားလေးလာ ပါးတို့စာသွားဖတ်ကြမယ် ။ အဲဒီကိစ္စက အဲနားတွင်မပြီးသေးပါ ၊ နက်ဖြန်ကျတော့ မေမေဈေးသွားပါတယ် ။ လှည်းတန်းဈေးကို အကြီးကောင်ကြီးလိုက်ပို့တယ် ၊ ပြန်လာတော့ မုန့်ဟင်းခါးမှာထားလို့ စောင့်နေတာ ၁၀နာရီကျော်နေပါပြီ ။ ဈေးဝယ်လာတာတွေ နေရာချ ပါးစပ်ကလဲ တဗြစ်တောက်တောက်နဲ့
ကောင်မကစကားပြောတာကိုက ဒေါင့်မကျိုးတာ ၊ ရုပ်ခလေးသနားကမားနဲ့ ၊ တစ်ဈေးလုံး ဒီတစ်ဆိုင်ဘဲရှိလို့ သည်းခံနေတာ ၊ မနေ့ကတောင် လေးရာရသေးတယ် ။ အခု၅၀၀ ဘဲမလျှော့နိုင်ဘူးဆိုတော့ ၊ သူ့ကိုပဲ ထိုင်ရှစ်ခိုးရမလို ဖြစ်နေတယ် ။ မနေ့ကကြတော့ လေးရာရပြီး ဒီနေ့မရတာတော့ တော်တော်အံ့သြစရာကောင်းတယ် ၊
မေမေ ဘာဖြစ်တာလဲ ၊
မမေးနဲ့ ဒီပန်းသစ်တော်ဟာ ကောင်းကျိုးကိုမပေးဘူး ။ မနေ့ကလဲ ခံတွင်းလိုက်လို့ စားလိုက်မိပါတယ် အပြောဆိုခံရတယ် ။ ဒီနေ့လဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မိုးတောင်မလင်းသေးဘူး အပြောဆိုခံရတယ် ၊
ဒီအသီးတွေရေခဲသေတ္တာထဲ ထည့်လိုက်ရမလား
မထည့်နဲ့
ဟုတ် ဘေးမှာလဲ အကြီးကောင်တယောက် လက်ကွက်တွေ တအားပြနေပါတယ် ။ မေမေစိတ်ဆိုးရင် အဲကောင်တအားကြောက်တာ ၊ အသက်က ၃၂နှစ် စကားတခွန်းမှမဟဘူး ။ ဒီအထုတ် ဟိုရွေ့ ဟိုအထုတ်ဒီရွေ့နဲ့ အလုပ်နဲ့လက်နဲ့ မပျက်ဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြောင်း သရုပ်ပြနေပါတယ် ။ ခတ်တော့နေပြီ အခုနေရန်ဖြစ်ရင်လဲ ပါးကလဲမရှိ ၊ ဒီကောင်ကြီးကလဲ မေမေဘက်ကဆိုတော့ ရှုံးဘို့က၉၀% ကြိမ်းသေနေပြီ ၊ ဒီတော့ အေးအေးဆေးနေမှ ဖြစ်မယ် ။ လက်ကွက်လေးပြထားမှ
မား ဇေဘာကူရမလဲ ဇေဗိုက်ဆာပြီ ၊
ဟဲ့ဇေ မင်းဟာလေ အလိုက်ကန်းဆိုးတချက်မသိဘူး ။ အမေ ဒီလောက်မောပန်းလာပါလား ၊ ရေလေးတခွက် လောက်တိုက်မယ် သောက်အုံးမလား မမေးဘူး ။ မင်းဗိုက်ဆာတာဘဲ မင်းပြောနေတယ် ၊ ဒီမယ် ဘယ်လောက်ပင်ပန်းသလဲ မနက်ကတည်းက ဈေးသွားရတာ ဟိုဆိုင်က ကောင်မကလဲ ပြောဆိုလွတ်လိုက်သေးတယ် ။ မရဘူးကြိုက်မှဝယ်ဆိုတော့ ငါကဘဲ ထိုင်ကန်တော့ရမလိုဘဲ ၊ သစ်သီးရောင်းစားလို့ပေါ့ ၊ ရွေသာရောင်းရင် အောင်မလေးဟယ် အသဲတွေယား လိုက်တာ ။ ဟဲ့အကြီးကောင်
ဟုတ် မေမေ
ဘာမေမေတုန်း မင်းလဲဘာမှအားမကိုးရဘူး ။ ဈေးဝယ်တာ ရှက်စရာလား စစ်စရာရှိတာစစ်ရမှာပေါ့ ဈေးဆိုတာစစ်ဝယ်ရတယ်ဟဲ့ ငါလဲဒီလိုဈေးသည်မျိုး တခါမှမတွေ့ဘူးပါဘူး ။ နုတ်သီးကောင်း လျှာပါးတော် သူ့အမေလောက်ရှိတဲ့ အဘွားကြီးကို နိုင်စားလိုက်တာ
မေမေ ဇေဗိုက်တကယ်ဆာနေပြီ မုန့်ဟင်းခါးဘယ်မှာလဲ
ဟဲ့ကောင်လေး မင်းဟာလေ ပြောလေကဲလေပါလား ။ မင်းမှာ မျက်စိမပါဘူးလား ။ လူကြီးပြောတာ မှတ်ထားဟဲ့ ။ ဈေးဝယ်ရင်စစ်ဝယ် ဟိုကောင်ကြီးက သိပ်ရှက်တယ် ဟုတ်လား ။ အေးအေး မင်းတို့ မိန်းမရမှ မင်းတို့ အိမ်ကို တစ်လကိုးသီတင်းလောက် လာနေကြည့်အုံးမယ် ။ ယောကျာင်္းလေးဈေးဆစ်တော့ ဘာဖြစ်တုန်း ။ ဘယ်သူကဈေးဆစ်မှုနဲ့ ဖမ်းမှာတုန်း ၊ ဈေးဆစ်ပြီး ၀ယ်ကျွေးလာလို့ မင်းတို့ ဒီအရွယ်ရောက်နေပြီမို့လား ။
ဟုတ်ကဲ့ပါ မရှက်တော့ပါဘူး
ဘာအခုမှဟုတ်ကဲ့ပါလဲ ၊ ဈေးဝယ်တုန်းက သူ့အားကိုး ရမလားမှတ်တယ် ၊ မင်းကခေါင်းကြီးငုံ့ထားတော့ ငါသားလေးရှက်နေမယ်ဆိုတဲ့ စိတ်နဲ့ ငါအလျှော့ပေးလာတာဟဲ့ ၊ ဟွန်း သမိုင်းဈေးတို့ ကျိုက်ဝိုင်းဈေးတို့မှာ ပေါမှပေါ ၊
မေမေ ဇေတကယ်ဗိုက်ဆာနေပြီနော် တအားကိုဆာနေတာပါ ၊ မုန့်ဖက်ပြုတ်တော့မယ်လေနော် ၊
ဟဲကောင်လေး မင်း ဟာဒီအိမ်မှာအဆိုးဆုံးဘဲ ၊
ဘာလဲဗျာ မပြီးတော့ဘူးလား ဒီကိစ္စက ဆက်ပြောအုံးမှာလား ။
ဟဲ့မအော်နဲ့ လူကြားမကောင်းဘူး ။
ဘာဖြစ်လဲဗျာ ကိုယ့်ဘာသာကိုယ်ကပ်စေးနဲပြီး သွားဆစ်တာကိုး ။ အဲဒါကြောင့် ဈေးဝယ်မလိုက်ချင်တာ သိပ်လေတယ် ။ တော်ပြီးဗျာ မကျွေးတော့နဲ့ အပြင်ထွက် စားမယ် ။
ဇေတော်တော့ သွားမစားချင်လဲ ။
မင်းတို့သားမိကတော့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး လိုက်လဲလိုက်တယ် ။ မင်းဘဲ နားငြီးခံ ငါကတော့ မုန့်တစ်ပွဲစားပြီး နားငြီးမခံနိုင်ဘူးဟေ့ ။ ဘယ်သူမှလာမခေါ်နဲ့နော် အကုန်ရိုက်ခွဲပြစ်မှာ ဘာမှတ်နေလဲ စိတ်ကပေါက်လာပြီ ။
 ဆူညံ့နေတာဘဲကွာ ဘာဖြစ်တာလဲဟ ။ အလတ်ကောင်အိပ်မှုန်စုံမွားနဲ့ ထလာပါတယ် ။ ဘာတွေလဲဗျာ ဆူညံ့ နေတာဘဲ ၊
အောင်မလေးသားတွေဟဲ့ သားတွေ ကျေးဇူးဆပ်နေကြတာ ၊ ကျေးဇူးဆပ်နေကြတာ ၊ အောင်မလေး ကိုတေဇရဲ့ ….
ဘာဖြစ်တာလဲလို့ မေးနေတယ်လေဗျာ ၊ အလတ်ကောင်တိတ်တိတ်နေ အကြီးကောင်က လှမ်းဟန့်တော့ အလတ်ကောင်လဲ တိတ်သွားပါတယ် ။
ဟဲ့အလတ်ကောင်နိုးပလား ။ မင်းတို့ဘ၀က သိပ်ဇိမ်ပါလား ။ သူများတွေ မိုးလင်းဆင်းဆင်းရဲရဲ ဈေးကိုသွားပြန်လာနေပြီ မင်းကခုမှထသလား ။ မင်းတို့ပုံစံကိုလဲ ပြန်ကြည့်ကြအုံး ။ ငါ့မလဲဟယ် တမနက်လုံး အကုသိုလ် အတုံးလိုက် အတစ်လိုက် ၀င်နေတယ် ။ မနက်က ဈေးကကောင်မကလဲ ပြောဆိုလွှတ်လိုက်တာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပြောခံလာရတယ် ။ အောင်မလေးနော် အသဲယားတာ…။ ငါနှယ် အိမ်ပြန်ရောက်လို့ နားရမလား မှတ်ပါတယ် ၊ သားအငယ်ဆုံးက ပြောဆိုသွားလိုက်တာ ရစရာမရှိဘူး ။ မင်းတို့ အတုမခိုးကျနဲ့နော် ။ ဒီကောင်လေးက တော်တော်မိုက်ရိုင်းနေပြီ ။
ဟဲ့အကြီးကောင် မင်းကမရှက်ပါနဲ့ဟဲ့ ။ နားလည်လား ။ ဟုတ်ကဲ့ မေမေဈေးဆစ်လို့ပိုတဲ့ငွေ ကိုဘယ်သူသုံးသလဲ ။ မေမေဖဲရိုက်ပြစ်သလား ။ ထီထိုးပြစ်သလား ။ မင်းတို့က ကိုယ့်ကိုယ့်ကိုယ် သိပ်အထင်မကြီးကြပါနဲ့ ။ မင်းနိုင်ငံခြားသွားတော့ ရှိုးမန်းနီးပြရမယ် ဆိုတော့ မေမေမှာ ငွေမရှိလို့ အတိုးတွေနဲ့ ချေးပေးလိုက်ရတာ လေးနှစ်နဲ့မကျေဘူးဟဲ့ ။ အလတ်ကောင် ဗျာ ၊ မင်းကရောဘာထူးသလဲ သိပ်ဘ၀င်မမြင့်ပါနဲ့ မေမေဒီလိုချွေတာနေလို့ မင်းတို့ဒီလို ဥမကွဲသိုက်မပျက် ရရရနေရတယ်မှတ်ပါ ။ မင်းဖေဖေကို အားကိုးချင်သလား ဝေးပါသေးတယ် ။ မင်းတို့ကမင်းဖေဖေလို စတိုင်ကြီးနဲ့ လုပ်ချင်ကြတာ ဈေးဆိုတာဆစ်တန်ဆစ်ရ တယ်ကွဲ့ ။
ဈေးသည်ဆိုတာ အင်မတန်လောဘကြီးကြတာ ၊ ဒီလောက်ငွေနဲ့ မမွဲဘူးဆိုပေမဲ့ နဲယောင်းများယောင်းတောင်းပြည့်ဟဲ့ ။ မင်းတို့အဖေလဲ ဘာထူးတုန်း ။ ဟိုတခါ မကျီးရွက်နုလေး စားချင်တယ်ဆိုတော့ မေမေက ပိုပိုသာသာ ပေါပေါများများစားရပါစေတော့လို့ တစ်ပုံတရာကို သုံးပုံ နှစ်ရာနဲ့ စစ်တာဟဲ့ ၊ အောင်မလေးတော် သူက ကယ်တင်ရှင်ကြီးလုပ်ပြီး မဆစ်ပါနဲ့ကွာ ၊ သူတို့မှာ ဒီလောက်ရဘို့ တော်တော် ခူးရစွတ်ရတာပါနဲ့ ၀င်ပြောတော့ ဈေးသည်က မာန်တက်ပြီးသွားလိုက် တာ တစ်ရာနဲ့တောင် မနဲဝယ်လာရပါလား ။ ဟဲ့အကြီးကောင် မင်းက နားရွတ်မလှုတ်ပါနဲ့ ။ မင်းတို့က မင်းတို့ ဖေဖေကိုပြောလိုက်ရင် ဟိုအကောင်လေးလိုလေးဘဲ ၊ ဘာမှမထူးကြပါဘူး ၊ တပုံစံထဲဘဲ အဲဒါတွေ လိုက်အတုမယူကြပါနဲ့ ၊ မင်းတို့က ငါလိုမေမေလို မိန်းမနဲ့ ရရင်မင်းတို့ချမ်းသာမယ် ၊ မင်းတို့ ဖေဖေလို မိန်းမယူရင် မင်းတို့ဘယ်လောက်ရှာရှာမွဲမှာပါ ။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဟဲ့ ၊ မင်းတို့ တွေ လူတန်းစေ့နေနိုင်တယ်ဆိုတာ ၊ မေမေခုလို မကုန်သင့်တဲ့နေရာ မကုန်အောင် ဈေးဆစ်ဝယ်နေလို့ပါ နားလည်လား ။
ဟဲ့အလတ်ကောင် မင်းဟာလေ အသိတရားမရှိဘူး ။ အထုတ်တွေကိုဖြေး ဖြေးချပါဟဲ့ ။ ပေါက်ကုန်ပါ့မယ် ။ မေမေ့ကို မရွဲ့ပါနဲ့ ။ မင်းတို့ကို မေမေမွေးထားတာပါ ။ မြင်လိုက်တာ နဲ့သိတယ်။ ဒီအိပ်ပေါက်သွားရင် နောက်တအိပ် မကုန်ပါလား ၊ ဥစ္စာဖြိုစဖိုကတဲ့ ကြားဘူးကြရဲ့လား ။ အကြီးကောင်
ဗျာ
မဗျာပါနဲ့ နောက်တခါ မင်းမေမေနဲ့ဈေးလိုက်ရင် ဈေးဆစ်တတ်ပါစေ ဘာမှရှက် စရာမလိုဘူးဟဲ့ သူတို့လဲရှုံးရင်မရောင်းပါဘူးဟဲ့ မနက်သစ်သီးသည်လက်မှာ ၀တ်ထားတာတွေ တွေ့တယ်မို့လား မင်းတို့ကြီးဒေါ် မတင်မေတောင် အဲလောက်မ၀တ်နိုင်ပါဘူး ။ ဈေးရောင်းတာ အဲလောက်ဝတ်နိုင်စားနိုင်တာ ကို ကြည့်ပါလား ။ ဘယ်လောက်မြတ်နေတုန်း ၊ မင်းကဘာအားနာစ ရာရှိသလဲ မရှိပါဘူး မရှိသာမရှိတယ် မျက်နှာကဘာကြောင့် ဈေးဝယ်တုန်းကငုံ့ထားရတာတုန်း ဒါမျိုးမရှက်ရဘူးဟဲ့ ။
အလတ်ကောင် မင်းလဲကြပ်ကြပ်သတိနဲ့နေပါ ။ မင်းတို့လုပ်စာကို မေမေတစ်ပြားမှ မစားပါဘူး ။ မေမေ့ပိုက်ဆံနဲ့ မေမေစားသောက်နိုင်ပါတယ် ။ မင်းအကိုကြီးတောင် အစောကြီး ထနိုင်တာ မင်းက ဘာလို့မထနိုင်တာတုန်း ။
အောင်မလေးတော် ဘာကြောင့်တော်က နောက်ကျရတာတုန်း ။
စာရေးနေလို့
အောင်မလေး ပြော လိုက်ရင်တော့ သားဖတွေသိပ်လိုက်တာဘဲ ။ တပုံစံထဲဘဲ ဟဲ့ အကြီးကောင် ဗျာ ဇေ့ကိုသွားခေါ် မုန့်ဟင်းခါးလာစားလို့ ဟုတ်ကဲ့ ပါအောင်ခေါ်ခဲ့
ဟုတ်မေမေ ။ ဇေတံခါးဖွင့် အုန်းဟ မေမေက မုန့်လာစားတဲ့ ။
မစားဘူးကွာ ငါ့ကိုလာမခေါ်ကြနဲ့နော်  ။ မင်းနောက်တခါ ခေါ်ရင် ငါအခန်းတံခါး တွေ ရိုက်ခွဲမှာနော် ၊
ဟာ မလုပ်ပါနဲ့ ညီလေးရာ မေမေက ပါအောင်ခေါ်လာရမယ်တဲ့ သူတအားစိတ်ဆိုးနေတာ သွားစားလိုက်ပါနော် ။
မစားဘူးဆိုကွာ ခွမ်း ခွမ်း ခွမ်း ခွက်သုံးလုံး ဆက်တိုက်ရိုက်ခွဲပေးလိုက်တော့ အကြီးကောင်လဲ အသံမထွက် အိမ်ဘက်အခြမ်းကလဲ အသံမကြားတော့ပါ ။ ဇေလဲဗိုက်ဆာပြီး အိပ်ပျော်သွားလိုက်တာ
ဒုံး ဒုံး ဇေ ပါးပါ တံခါးဖွင့်အုံးကွာ ။ ပါးပြောစရာရှိလို့
ဟုတ်ဘာပါလဲ
ကြေးအိုးဝယ်လာတယ် စားမယ်မလား ။
ဟုတ် စားမယ် ။
နေအုံးပါးပန်ကန်သွားယူအုံးမယ် ။
ဟုတ် ၊
မနက်စာ မစားဘူးဆို ဇေ ဘာလို့လဲ မေမေကိုစိတ်ကောက်တာလား ။ အခန်းထဲလဲ ပုဂံတွေကွဲနေပါလား ။
ရိုက်ခွဲထားတာ
မလုပ်ရဘူးလေ ဇေရယ် မင်းမေမေက စိတ်တွေတအားပူနေတာ ။ ဖေဖေ့ကိုဖုန်းဆက်လို့ ပြန်လာတာ သူက စိတ်ဆိုးလို့ ပြောတာမှမဟုတ်တာ ။ သူကစကားနဲပါတယ် ။ တခါတရံကျတော့လဲ သူကပြောချင်မှာပေါ့ကွာ ။
မဟုတ်ဘူးပါးရဲ့ မဟုတ်တာလေးနဲ့ တစ်အိမ်လုံး မွေနှောက်ပြီးလျှောက် ပြောနေလို့ တင်းတာ ။
မဟုတ်ဘူးဇေရဲ့ မင်းတို့တွေကလိမ်မာတော့ သူကပြောစရာမရှိဘူး ။ ပြောလဲပြောချင်တော့ ဇာတ်ကောင်ရှာရတာ ၊ သူ့ခင်မျာ လှည်းတန်းဈေးကနေ ဇာတ်ကောင်မွေးလာလိုက်တာ အိမ်ရောက်တဲ့ထိ သူ့ဇာတ်ကောင်ကမသေသေးဘူး ။ ဒီဇာတ်ကောင်ကို မင်းမေမေက မသေစေလိုတဲ့ဆန္ဒရှိတယ် ။ ဒါမှလဲသူပြောချင်တာပြောလို့ရမှာလေ ၊ စကားနဲတဲ့လူတွေက အဲလိုဘဲ ကွ ဇေရ
ဒါဆိုဈေးဆစ်တာကရော ပါးကလဲ ပါးမိန်းမဘက်ကဘဲ လိုက်နေတော့တာဘဲ ။
ဟားဟား ဈေးဆစ်တာကလဲ တခြားဟုတ်ပါရိုးလား ဇေရ ။ မင်းမေမေက ဘွားအေ အမျိုးလိုက်တာ ။ မင်းမေမေ ကျောင်းတက်တုန်းက လှည်းတန်းမှာ အဆောင်ရတယ်ဗျ ။ အဲကနေတက်တာ မင်းဘွားဘွားကြီးက လိုက်လာပြီး ချက်ပြုတ်ကြွေးတယ် ။ ဈေးဝယ်ရင် မင်းဖွားဖွားက တောသူဆိုတော့ ဈေးမဆစ်တတ်ဘူး ။ အဲတော့ မင်းမေမေကဆူတာပေါ့ ။ သူက ရန်ကုန်သူတပိုင်းဖြစ်နေတာကိုး ။ အဲကနေ မင်းဘွားဘွား အကျင့်ပါသွားလိုက်တာ ဘာဝယ်ဝယ် စစ်တော့တာဘဲ ၊ ဘယ်လောက်ထိစစ်လဲဆိုရင် မင်းဘွားဘွား လဲမော်လမြိုင်ပြန်ရော မီးရထားလက်မှတ်သွားဝယ်ကြတော့ ဟိုမှာလက်မှတ်မှာရေး ထားတာ ၄ကျပ် ၅၀ပြားဆိုတာ အဲဒါကို မင်းဘွားဘွားက သူသမီးစကားသတိရပြီး ၂ကျပ်ထားပါ သွားစစ်နေလို့ဟ ။ ဟားဟားဟားဟားဟား သားဖနှစ်ယောက် သဘောကျပြီးရီကြပါတယ် ၊ ပြီးတော့ မင်းမေမေဈေးဆစ်တော့လဲ ပိုတဲ့ပိုက်ဆံတွေ မင်းတို့ရတာဘဲလေ ။ မဟုတ်ဘူးလား  ။ ကောင်းပါတယ်ကွ ၊ လာ ဇေမင်းမေမေကို သွားစကားပြောရအောင် ၊ မေမေကတော့ အေးဆေးဘဲ ကိုးရီးယားကားကြည့်နေတယ် ။ မနက်က သူမဟုတ်သလိုဘဲ ၊ မသိချင်ယောင်ဆောင်နေတာလား ၊ သူ့ဘဲ အရှေ့မှာမို့ အမှတ်ယူနေတာလားတော့မသိဘူး ၊ ဇေတောင်နုတ်မဆက်ရသေးဘူး
အငယ်ကောင် ထမင်းမစားတော့ဘူးလား ၊ ပန်းသစ်တော်တွေစိပ်ထားတယ် ။ စားလိုက် သိပ်ချိုတာဘဲ ၊ မင်းပါးပါးလဲကြွေးလိုက်နော် မေမေ လိုက်မလုပ်ပေးတော့ဘူး ။ ဒီမှာကားက ဇာတ်သိမ်းနေပြီ ဟူသတည်း……
ဆရာမနှင်းရေ မေမေဟာ အဲလိုကြီးပါ ။ စကားမပြောရင်လဲ မပြောပါဘူး ။ ပြောမိရင်လဲ အကုန်လုံး လျှောက်ပြောပါတယ် ။ မှတ်ဥာဏ်လဲ အင်မတန်ကောင်းပါတယ် ။ သူတစ်ခါပြောရင်လဲ တစ်အိမ်လုံး ရစရာမရှိအောင် ပြောပါတယ် ။ ပြီးသွားရင် သူမဟုတ်သလိုပါဘဲ ဆရာမရော အဲလိုကြီးဘဲလား ။ အိမ်ထောင်သည်ဖြစ်လို့ သားတွေမွေးခဲ့ရင် အဲလိုကြီး မလုပ်နဲ့နော် ဇေလိုသားက အဲဒီလို  အမူအကျင့်ကို တအားမုန်းတယ် ….။
ဟုတ်ကဲ့ ကျွန်တော် ဇေတာရာပါခင်မျာ………။

Thursday, 10 June 2010

နာမည်



ကျွန်မ နာမည် အပြည့်အစုံက နှင်းမိုးမိုးခိုင် ပါ ။ သူငယ်ချင်းတွေ က နှင်းမိုး ၊ မိုးမိုး ဆိုပြီးခေါ်တတ်ပါတယ် ။ နှင်း ပါတယ်ဆိုတော့ စနေသမီး ပေါ့ ။ အိမ်မှာတော့ အငယ်ဆုံးဆိုတော့ မီးမီး လို့ခေါ်ပါတယ် ။ နေ့နံ အလိုက်တွေ ဗေဒင်တွေ ၊ ဂြိုလ်တိုင်တွေ စတာတွေနဲ့ အမည်ပေးတာတွေ ကျွန်မနားမလည်ပါဘူး ။ ကျွန်မ သူငယ်ချင်းတွေ မှာ နာမည်ပြောင်လေးတွေရှိတတ်ပါတယ် …။ အသားမဲမဲ မျက်နှာပြဲပြဲ နဲ့ ဇေယျာထွန်းဆိုတဲ့ကောင် ကိုတော့ ပေါင်ချိန်လို့ ခေါ်ပါတယ် ။ ပြီးတော့ သူတိုရဲ့ အကျင့်စရိုက်တွေ ကို အစွဲပြုပြီး လဲနာမည်ပြောင်ပေးတတ်ပါတယ် ။ အရမ်းကပ်စီးနည်းတဲ့ သူကိုတော့ နှပ်ချေးလို့ ခေါ်ပါတယ် ။ ပြီးတော့ သိတာ ၊တတ်တာက နည်းနည်း နဲ့ စကားကို ဖေါင်းပွအောင် ပြောတတ်တဲသူကိုတော့ ကျီးကန်း လို့ခေါ်ပါတယ် ။ ခုပြောချင်တာကတော့ ဒီနာမည်တွေအကြောင်း ပြောချင်တာမဟုတ်ပါဘူး .။

မြန်မာဓလေ့ ပေးတတ်တဲ့ နစ်နိမ်းလေး လေးတွေအကြောင်းပါ ။ နစ်နိမ်း ဆိုပင်မဲ့ တကယ်အမည်အရင်း ဖြစ်သွားတာတွေ ရှိတတ်ပါတယ်…။ ငယ်စဉ်ကတည်းက ကလေးရဲ့ ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ပေးတတ်ကြပါတယ် ။ အသားဖြူတဲ့ သူကို ဂွမ်းပုံ တဲ့ ။ မည်းကြီး တဲ့ ၊ မည်းလို့ပေါ့နော် ။ နီတာ ဆိုတာက နီနီရဲရဲ လေးမို့လို့နေမှာပေါ့နော် …။ ခွက်ထော် ( ဂွက်ထော် ) တဲ့ မျက်နှာလေးက ခွက်ပြီး နှခမ်းလေးက ထော်နေလို့ နေမယ် ။ မျက်လုံးပြူးပြူးလေးကိုတော့ ဇီးကွက် ပေါ့နော် ။ မျက်လုံးလေးမှေးပြန်တော့ ပွေးမ တဲ့။ သေးသေးပိန်ပိန်လေး ကိုကျတော့ မတဆုပ် ပါတဲ့ ။ ကိုယ့်သားသမီး ဆိုတော့ ဘာပဲဖြစ်ဖြစ် မိဘတိုင်းက ချစ်ကြတော့ ချစ်စနိုးနဲ့ နစ်နိမ်းလေးတွေ ပေးကြ ခေါ်ကြတာပေါ့နော် ။

ချစ်စရာ ၊ သနားစရာ ကြည်ညိုစရာ မိဘမေတ္တာ ကိန်းအောင်းနေတဲ့ နာမည်လေးတွေလဲ ရှိပါသေးတယ် …။ မဆယ်မိ ၊ မောင်ဆယ်တင် ၊ မဆွဲမိ ဆိုတဲ့ နာမည်တွေဆိုရင် သူတို့အထက်က သားသမီးတွေ ဖိတ်စဉ်ခဲ့တာ သိသာနေပါတယ် …။ ဆယ်ဆိုတာ လေးကိုက ကြားကောင်းနေပါတယ် ။ စကားသံကိုက နိမိတ်ကောင်းပြီးသား ၊ ဒီကလေးကို ဆယ်ယူလိုက်ပြီပေါ့ ။ ဘယ်လောက်များ ကြားကောင်းလိုက်ပါသလဲနော် …။

တိရစ္ဆာန် အမည်များကိုလဲ ပေးတတ်ကြပါတယ် ။ ကျန်းမာစေလိုသောကြောင့် ဖြစ်မှာပေါ့နော် …။ တိရစ္ဆာန်လောက မှာဆရာဝန်ဟူ၍မရှိ ။ ဒါပင်မဲ့ နာမကျန်းဖြစ်မှုနည်းသည်ပေါ့ ။ ထို့ကြောင့် ကိုခွေး ၊ မိကြွက် ၊ ဖိုးဝက် ၊ ငနွား ၊ ကျွဲကြီး ရယ်လို့ ဖြစ်လာပြန်ပါတယ်…။ နာမည်ကတော့ မလှပါဘူး ၊ မိဘမေတ္တာကတော့ လှနေပါတယ် ။

သားသမီးတွေများပြီး တယောက်မကျန်အဖတ်တင်သည့် ရှင်မွေးလွန်းများကြတော့လဲ မိဘကညည်းယူရတယ် ။ ဟိုအရင်တုန်းကတော့ သားဆက်ခြားနည်းတွေ ၊ ဘာတွေ မသိ မရှိခဲ့လို့ ရလာရင် မွေးလိုက်ကြတာပဲပေါ့ ။ ပထမ ကလေးကတော့ မောင်ကြီး ၊ နောက်သမီးက မကြီး ၊နောက်တယောက်က မလတ် ၊ နောက်တယောက်မွေးပြန်တော့ မငယ် ၊ နောက်တယာက်ကျတော့ အထွေးဆုံးလေးဆိုပြီး မောင်ထွေး ၊ အဲ မထွေးသေးပဲ နောက်တယောက်မွေးလာပြန်တော့ မိနှောင်း ၊ မနှောင်းသေးပဲ နောက်တယောက် ပိုလာတော့ မိပို ပေါ့ ၊ မိပို နဲ့ တင်မပြီးသေးပဲ နောက်တယောက်ထပ် တိုးလာတော့ နောက်တိုး ပါတဲ့ ၊ မပြီးသေးပါဘူး နောက်တယောက်လာပြန်တော့ မိန်းမရေ တော်တော့ဟ ဒီတယောက်ပြီးရင် နင့်ဗိုက် ကိုပိတ်လိုက်တော့ ဟုပြောပြီး ငပိတ် ကိုမွေးပါသတဲ့ …။ ငပိတ်ကို မွေးပြီး ရပ်သွားတော့ ဟုတ်ပြီပေါ့ အောက်မေ့နေတုန်း နောက်တယောက်ထပ်မွေးလာတော့ အင်းလေ ကောက်ရသလိုပဲ သဘောထားရအောင်ဆိုပြီး ကောက်ရ တဲ့ ။ ဟဲဟဲ နောက်တယောက် ထပ်မွေးပြန်တော့ ၀ိညာဉ်တွေ ၊ တစ္ဆေတွေက ကြုံတိုင်း ၀င်စားတော့တာပဲ ဆိုပြီး ကြုံတိုင်း တဲ့ ။ သားသမီးတွေ တလှေကြီးဖြစ်နေလို့ ဘယ်လောက်ပဲ ညည်းကြ ညည်းကြ ၊ နာမည်မှည့်လိုက်ပုံက ပျော်နေကြောင့်သိသာပါတယ်နော်…။ ဒါကတော့ မြန်မာ့ဓလေ့ လေးတွေပေါ့ရှင် ။

တခြားလူမျိုးတွေကော ဒီလိုနာမည်ငယ်နာမည်လေးတွေ ရှိသလားမသိဘူးနော် …။ ကျွန်မ စဉ်းစားကြည့်မိတော့ သည်လိုနာမည်မျိုးရှိချင်မှ ရှိမယ်နဲ့တူတယ်..။သူတို့မှာ မျိုးနွယ်စု နာမည်တွေသာ ရှိမည်ထင်ပါတယ် ။ ကျွန်မတို့ တိုင်းရင်သားလူမျိုးအချို့ တွေမှာလဲ မျိုးနွယ်စုနာမည်တွေ ရှိကြပါတယ် ..။ ကျွန်မတို့မှာ ဘာကြောင့်မရှိတာလဲ ။တခါကရှိခဲ့ ဖူးသလား ။ ရှိဖူးရင်ကော ဘာကြောင့်ပျောက်ကွယ်သွားတာလဲနော် ..။ လူတယောက် ဘယ်မျိုးနွယ်က လာလာ ၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အရေးမကြီးပါ ၊ သူဘယ်လိုလူလဲဆိုတာ သာအရေးကြီးပါတယ် ။ ပြီးတော့ ကိုယ့်ကိစ္စလဲ မဟုတ်ဘူးလေ ..။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးတွေးတာပဲ ကောင်းပါတယ် ။ တွေးနေ ရေးနေတာတောင်ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး ။ မြန်မြန် အဆုံးသတ်မှ ဖြစ်တော့မယ် ... တွေးတာ ရေးတာတွေ ကဘေးချော်နေပြီ ။

ဒီခေတ်မှာတော့ ကိုမျိုးမြင့်ထွဋ်ခေါင်ဖြိုး ၊ မသီတာဇင်ဇင်ညွန့်ဖြိုးဝေ ၊ အောင်မြတ်မှုးခင် ၊ ခင်ထိပ်ထိပ်ထားကေသရီ ၊ မမိုးမိုးမြင့်သီတာကေသီလွင် (ဟူးးးး မောလိုက်တာနော်) စတဲ့ လှပေ့ ၊ ဆန်းပေ့ ၊ ယဉ်ပေ့ ၊ ခန့်ပေ့ ၊ သန့်ပေ့ စတဲ့နာမည်တွေကိုသာ မိဘများက ပေးတတ်ကြပါတယ် ။ ဒါတွေကလဲ မိဘတွေက ချစ်လို့ပါပဲ ။ ဒါပင်မဲ့ ဟိးုအရင်က ပေးခဲ့တဲ့ ချစ်စရာ ငယ်နာမည်လေးတွေကတော့ ကြားရတာ ချစ်စရာ ၊ ပျော်စရာကောင်း လှတာကို လွမ်းမောဖွယ်တွေ့ရပါတယ် ။ ခင်ထိပ်ထိပ်ထားကေသရီ ဆိုတလဲလှပါတယ် …၊ ကိုမျိုးမြင့်ထွဋ်ခေါင်ဖြိုး ဆိုတာလဲလှတာပါပဲ ။ မဆယ်မိ ဆိုတာလဲလှပါတယ် ၊ သာအေး ၊ နောက်တိုး ၊ ဂွမ်းပုံ တို့လဲ လှနေတာပဲ မဟုတ်ပါလားရှင်…။

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ ။

အင်္ဂလိပ်စာအထောက်ကူပြု

ခွက်နဲ့ ကတုံး ဗုန်း နဲ့ ပုံး ၊

ဗုန်း နဲ့ ကတုံး ခွက် နဲ့ ပုံး ။

ကတုံး နဲ့ ဗုန်း ခွက်နဲ့ ပုံး ၊

ပုံးနဲ့ကတုံး ခွက်နဲ့ ဗုန်း ။

တနေ့ကိုအကြိမ် ၂၀ ထက်မနဲရွတ်ဆိုပါက ၊ အင်္ဂလိပ်စာ လေ့လာနေသူများအတွက်ထူးပင်အ ထောက်အကူဖြစ်မည် ဖြစ်ကြောင်း
အာမခံပါသည် ။

Tuesday, 8 June 2010

မိသားစုထမင်းဝိုင်း

မိသားစုရှိရင်ထမင်းဝိုင်းရှိတယ် ။ စုံတာမစုံတာတော့ အိမ်ကလူတွေရဲ့ စိတ်ထားပေါ်မှာ မူတည်ပါတယ် ။ တော်တော်များများ မိသားစုတွေကတော့ မိသားစုတွေစုံမှစားတတ်ကြပါတယ် ။ ဇေတွေ့ဘူးတဲ့ သူငယ်ချင်ွးအိမ်တွေမှာလဲ မိသားစုထမင်းဝိုင်းရှိတယ် ။ အလုံသစ်တောလမ်းက ဇေယျာမင်းခန့်တို့ဆို ထမင်းမစားခင် ဒေရှင်နယ်ရီအရင်ကြည့်ရတာ ၊ သူဖေဖေက အထူးကုဆရာဝန်ကြီး ၊ ထမင်းစားတိုင်း ဒီနေ့စကားလုံး အသစ်လေးလုံးလောက် ပြောစမ်းပါ ။ အဲလိုကြီး စားတိုင်းမေးတာ ။ အဲ မောင်ရင်လဲအကျင့်ပါသွားလိုက်တာ ၊ အိမ်မှာတခါတုန်းက ကြုံလို့ ကြုံတယ်ဆိုတာဒီလို ကျောက်တော်ကြီးဘုရားကို လာဖူးတာ လိုင်းကားနဲ့ ၊ မှတ်တိုင်မသိလို့ ခရေပင်လမ်းခွဲထိပါသွားတာ ။ အဲဒါနဲ့ အိမ်ကသွားခေါ်ပေးတော့ လိုက်လာရင်း ၊ ထမင်းမစားရသေးလို့ ထမင်းတူတူစားကြတာ အဲဒီမှာအဲ မောင်ကစဖောက်တာဘဲ ၊ မေမေက သူ့ကို စားလေ ကိုခန့် စားပါအားနာလို့လား စားပါ ။ ဟုတ် ဟုတ် နဲ့သာပြောနေတာ အဲကောင်ထမင်းသိပ်မ၀င်ဘူး ။ ထမင်းတလုပ်တလုပ်က ၂မိနစ်မတ်တင်း တနည်း ၂မိနစ်နဲ့၄၅စက္ကန့်လောက် ကြာတယ် ။ ဇေက မေမေသွားနားလေ သားတို့ဘာသာ စားမယ်ဆိုလို့ ပထုတ်လိုက်တော့မှ ၊
ဟေ့ကောင် ဇေမင်းမှာ အီးတူအီး တအုပ်လောက်မရှိဘူးလား ။
 အေးရှိတာပေါ့ ဘာလုပ်မလို့လဲ ထမင်းစားရင်းမတ်တပ်က
မဟုတ်ဘူး ငါလေးလုံးလောက် ကြည့်ချင်လို့ ။
အမ်ဘာလို့တုန်း …. ။
ငါထမင်းကိုမျိုလို့မရဘူးဖြစ်နေတယ်….။
အယ် ၊ ဖြစ်မှဖြစ်ရလေကွာ….။
ဟုတ်တယ် ငါအိမ်မှာနေ့တိုင်း လေးလုံးလေးလုံးစားခါနီးတိုင်းရွတ်နေကျဟ ၊ အော အဲဒါနဲ့စာအုပ်ယူပေး လိုက်တော့ ဒီမောင်လက်ဆေးပြီး စာအုပ်ကြည့်ပြီး စာကျက်တယ် ။ ပြီးတော့မှ ဇေ့ ကိုရွတ်ဖက်သရဇ္ဈာယ်ပြတာ  ပြီးလဲပြီးရော စားလိုက်တဲ့ဖြစ်ချင်း စကားပြန်ကို မရတော့ဘူး ။ ကောင်းလားလဲ မေးလို့မရ ။ အိုကေလားဆိုလဲ တခွန်းမှမပြော စားသောက်ပြီး အိမ်လိုက်ပို့ပေးလိုက်တယ် ။ ဒါက သူတို့အိမ်က ထမင်းဝိုင်းကလုပ်ပေးလိုက်တဲ့အကျင့် ။
နောက်တယောက်က မိန်းခလေး ခင်ဇာထက်တဲ့ ။ ခပေါင်းအိမ်ယာမှာ နေတယ် ။ သူတို့ ထမင်းဝိုင်းကျတော့ တမျိုး ၊သားမိသားဖ သုံးယောက်ဘဲရှိတယ် ။ ဟင်းက ၅ခွက်လောက် ချက်တယ် ။ သူတို့အဒေါ် မှတ်တယ် အဲ့ ဘွားတော်ကချက်တာ ။ တခါတရံ အန်တီနွယ် ချက်တယ် ။ အန်တီနွယ်က ထက်ရဲ့မေမေလေ ။ သူ့ဖေဖေက စီးပွားရေးဘဏ် ၂ ကအရာရှိ ။ ဒီလိုပါဘဲ လူစုံမှစားကြတာ ။ စားရင်လေးယောက်ပေါ့ သူတို့က ၊
ဖအေက စပြောတယ်း ငန်တယ်ဟေ့ ဒီဟင်း ၊
သမီးး ဟုတ်ပ ၊
အမေး ဟိုဟင်းကလဲစပ်တာ ဟာ ၊
ချက်တဲ့ဘွားတော်း ကဲကြိုက်မှသုံးဆောင်ကြဟေ့ မကြိုက်ရင်သွန်ပလိုက် ၊ ဒီလောက် အကောင်းကြိုက်ရင်လဲ ကိုယ့်ဘာသာကိုယ်ချက်ကြ ၊
အန်တီနွယ်း အောင်မလေးအေ ဟင်းလေးချက်ရတာများ စကားကြီးစကားကျယ် ပြောနေလိုက်တာ ၊
ထက်ကး ဟုတ်ပ အန်တီလေးကလဲ ၊
ဖခင်ကြီးး အော် ခတ် လိုက်တာ ငါနှယ် ငံတာတောင်မပြောရပါလား ၊ ဒီမိန်းမကိုရကတည်းက ဟင်းလဲတခါမှအစပ် တဲ့တဲ့မစားရပါဘူး ၊
  ထက်တို့အမေး ဒါကဘာစကားလဲ စကားပြောတာကြည့်ပြော ရှင့်ကိုယူတုန်းက ဟင်းအစပ်တည့်တည့် ချက်ကြွေးပါမယ်လို့ ကျမ်းကြိမ်ထားလို့လား ဘာလားညာလား ၊
ထက်ကး သူဖေဖေဘက်ကနေ ၀င်ပြောတယ် ၊မေမေစားပါ စကားပြောမနဲ့တော်ကြာရန်ဖြစ်နေအုံးမယ်  ။
ထက်မေမေး ဟကောင်မနင် စကားမများနဲ့ ညီးကညီးအဖေဘက်က ကာစီးကာစီး နဲ့ ညီးရော ဘာအားကိုးရလို့တုန်း ။ ဟင်းချက်တာ ကြတ်သွန်တဥလှီးပေးဘူးလား ၊ ဒီလောက်ချက်ရတာငံတဲ့အခါငံမပေါ့ ။ ဆိုငြင်းခုန်ပြီး ရန်ပွဲလဲပြီးရော ထမင်းပွဲသိမ်း ခါတိုင်းလိုဘဲ ပြန်ဖြစ်သွားပြန်ရော ။ ဆယ်တန်း တုန်းက ကမာရွတ်မှာ ကျောင်းတက်တာဆိုတော့ ထက်ကအိမ်မှာ မကြာခဏဆိုသလို အ၀င်အ  ထွက်လေးရှိတယ် ။ ရံဖန်ရန်ခါ ထမင်းစားတယ် ။ စားတဲ့အခါတိုင်း သူပြဿနာရှာတယ် ။ သူနဲ့ထမင်းစားရမှာ လန့်လန့်လာတယ် ၊ သူ့ကိုအရင်ကြွေးရင်လဲ မစားဘူး ။ တူတူစားတော့လဲ ကွိုင်သိပ်ရှာတယ် ။ (အော်ကွိုင်ဆိုတာပြဿနာကိုပြောတာနော် ။ တော်ကြာ ထမင်းစားရင်းနဲ့ ဘယ်ရောက်သွား ပါလိမ့်နဲ့ တွေးနေမှာဆိုလို့) ။
ဟဲဇေ့ ဆားဗူးလေးပေးစမ်းပါဟာ ရော့ နဲနဲပေါ့တယ်နော် ၊ ဆော့ လေးမရနိုင်ဘူးလား ၊ ငါ့ပုဂံထဲကဟင်းကို နင်စားလိုက်ဟာ နဲနဲနယ်ပေးအုံး ။
ဟာရှုတ်ပွနေတာဘဲ မပြီးတော့ဘူး ။ ကိုယ့်အိမ်မှာ စားနေတာဆိုတော့လဲ ပြောရတာ ဂွတော့ကျတယ် ။ တော်ကြာပြော လိုက်လို့ စိတ်မကောင်းဖြစ်သွားမှာဆိုးလို့ သည်းခံရတယ် ၊ ကိုကိုတွေကိုလဲ သူမကြောက်တတ်ဘူး ။ ဟိုကလဲ လူကြီးတွေဆိုတော့ သူ့ကိုချစ်တယ် ။ သူကလဲ အိမ်ကို သူ့အိမ်လိုဘဲ မှတ်ထားတယ်ထင်တယ် ။ နောက်ဆုံး ပြဿနာရှာစရာမရှိရင် ၊ ထမင်းစားခါနီးရင် ဖြူကွတ်နဲ့ ငမဲက ခုံအောက်ကိုလာနေတတ်တယ် ။ အဲဒီခွေးနှစ်ကောင်ကို ပြဿနာရှာတယ် ။
ဟဲ့ဇေနင်မရွံ့ဘူးလား ဟင် ၊ ဒီခွေးနှစ်ကောင်အနံ့ ကငါစားလို့မရဘူး ၊ ရွေ့ပေး
 ဟာ ဘာဆိုင်လဲ နင့်လိုမှတ်လို့လား ဖြူကွတ်က နင့်ထက်မွှေးတယ် ၊ ငမဲက နင့်ထက်သန့်တယ် ။ စားချင်စားမစားချင်နေ ငါမရွေ့ပေးနိုင်ဘူး ၊ ရွေ့လဲသူတို့က သွားမှာမဟုတ်ဘူး ၊
ဒါဆိုငါမစားတော့ဘူး ရွေ့ပေးရမယ်
မရွေ့ပေးနိုင်ဘူး သူတို့ကနေနေကျ ။
အဲဒါဆို ငါ မစားတော့ဘူး ။
နေပေါ့ အကုန်ကျတောင်သက်သာသေးတယ် ။ အဲဒါနဲ့စောင့်ကြီးအောင့်ကြီးနဲ့စား သောက်ပြီး ပြန်ပို့တော့လဲ အရင်လိုဘဲ ၊ ထမင်းစားခါနီးမှ သူက ပြဿနာရှာတတ်တာ ။
ဇေတို့ကျတော့ တမျိုး ထမင်းစားခါနီးအရင်ဆုံး စကားပြောတယ် ။ ရီတယ် ။ ထမင်းခူးကတည်းက ရီတာ ရီပြီးတာနဲ့ ပြဿနာစတယ် ။ ဟင်းခတ် ပါးကိုထည့်ပေး ၊ ဟိုအကြီးကောင်က မေမေထဲထည့်ပေး ၊ အလတ်ကောင်က ငါးကြော်ရင် ခေါင်းပိုင်းကို အကိုကြီးကို ထည့်ပေး ၊ ဂါရဝေါစ နိဝါတောစကြောင့် ဦးချတာမဟုတ်ဘူး ။ ခေါင်းဆိုတော့ အရိုးများလို့ အကြီးကောင်ထဲ အရင်ထည့်ပေးတာ ဒါမှသူကနောက်ပိုင်းတို့ ခါးပိုင်းတို့ရမှာ ။ အကြီးကောင်ကလဲ လူလည်ဘဲ ၊ အလကားကောင်မှမဟုတ်တာ သူ့ပန်ကန်ထဲပြန်ထည့်ပေး ၊ အဲဒါကနေ ဇေ့ပုဂံထဲရောက်လာ ၊ ဇေ့ပုဂံကနေ…..အလတ်ကောင် ၊ အလတ်ကောင် ကောင်ကနေ အကြီး ၊ အကြီးအလတ်အငယ် အဲလို ဟင်းတုန်းက ဒေသစာရီ ၃ ပတ်လောက် ကြွချီပြီး မှနဂိုမူရင်း ဟင်းပုဂံထဲပြန်ရောက် ၊ အဲကျမှ ဟင်းပုဂံထဲကကြက်ဆိုလဲ ပေါင်သား ၊ ငါးကြော်ရင်လဲ ခါးပိုင်း အလုအယက်စားသောက်ပြီး ခုနက လယ်တယ်ပူတယ် ဖြစ်နေတဲ့ အတုံးကိုအရိုးမပါအောင် ပုဂံထဲမှာဘဲ ဇွန်းနဲ့လှည့်ပတ်ခတ် ၊ အကြီးကောင်ကဟောက်၊ အလတ်ကောင်က မျက်စောင်းထိုးနဲ့ မသထာရေစာလား ၊ ဘာလားတော့ မသိဘူး ၊ တော်တော်စားကောင်းတယ် ။ ဒါမို့လို့ အရိုးမပါတဲ့ ဟင်းချက်တဲ့နေ့ဆို စားလို့ သိပ်မကောင်းဘူး ။ ဒါက ဇေတို့ညီကိုယ်သုံးယောက်ရဲ့ ပြဿနာ ။
အိမ်ဦးနတ်ကြီးနဲ့ အိမ်ဦးနတ်ကြီးရဲ့ကတော်တို့ရဲ့ ပြဿနာကိုလေ့လာကြည့်လိုက်တော့ ဒီလို ၊
မေမေး  ဖေကြီးတော်မနေက ဇာတ်လမ်းတွဲစီဒီ ဘယ်သိမ်းခဲ့တုန်း ။ နေ့လည်က ရှာလိုက်ရတာ မူးနေ တာဘဲ ။
ဖေဖေး  မသိဘူးလေကွာ ။
မေမေး  မသိလို့ရမလား ။ ဒီမှာပြီးသေးတာမဟုတ်ဘူး တိုးလို့တန်းလန်းကြီးနဲ့ဟာ ။
ဖေဖေး မသိပါဘူးဆို ခလေးတွေမေးကြည့်လေ ။
မေမေး ဘာလို့မေးကြည့်ရမှာလဲ ရှင်မသိဘူးလား ။ ရှင်ဘဲမနေ့က နောက်ဆုံးမလား ။
ဖေဖေး  အေးကွာ ဟုတ်ပီစဉ်းစားပေးမယ် ။
မေမေး  မရဘူးရှာပေးရမှာ ဒီက ထမင်းစားပြီးတာနဲ့  ဆက်ကြည့်ရမှာတော့ ။
ဖေဖေး  ဟေ့ခလေးတွေ မင်းမေမေစီဒီခွေ ယူသိမ်းထားသေးလား ။
ဟင့်အင်း မကိုင်ပါဘူး သားတို့မှမကြည့်တာ ၊
ဖေဖေး  မေးလိုက်ရင်ဘယ်သူမှသိတယ် မရှိဘူး ။ ဒါဆိုစီဒီခွေက ခြေထောက်ပေါက်ပြီး ဘယ်ကို သွားတာလဲ ။
ဇေး  ဟာဗျာမသိဘူး ။ သိပ်ရစ်တာဘဲ ထမင်းကိုကောင်း ကောင်းမစားရဘူး ။
ဟုတ်ပသားရာ မင်းမေမေက ဘာမှန်းမသိဘူး ။
 အကြီးကောင်ကး တစ်စခမ်းထပြီး ဖေဖေကလဲ ဟုတ်တာဘဲ မေမေကြည့်တဲ့အခွေကို သေချာချာသိမ်းမှပေါ့ ။
ဇေကလဲး ဘာဟုတ်တာလဲ မင်းမေမေက ကိုယ့်စီဒီကိုယ်သိမ်းပေါ့ ဘာလို့ ဖေဖေ့ကို သိမ်းခိုင်းတာလဲ ၊
အလတ်ကောင်း ဟိုကောင်မင်းက လူကြီးတွေစကားထဲ ၀င်ဝင်ပါတယ် ။ မင်းဟာ ဘယ်လောက်ပြောပြော အမှတ်သဲခြေမရှိဘူး ။ သောက်သုံးကျမဲ့ ကောင်မဟုတ်ဘူး ၊
 ဖေဖေး အလတ်ကောင် ကိုယ့်ညီလေးကိုအဲလို မပြောရဘူးဟ ၊
အကြီးကောင်း ဖေဖေကလဲ ဖေဖေဘဲ ဒီကောင်ဆို သိပ်ပစားပေးတယ် ။ ဒီကောင်က အရောင့်သိပ်တပ်တာ ။ မေမေ့ကိုတောင် အော်လား ငေါက်လားနဲ့ ။
ဖေဖေး ကဲတော်ကြတော့ ဟိုအရိုးတွေ ဖြူကွတ် ကိုကျွေးလိုက် ၊ ဒီအရိုးက ငမဲကိုကျွေး ရော့ ဇေပုဂံဆေး ၊ မေကြီးလာဟေ့ ၊ ပုဂံတွေကိုခလေးတွေနဲ့ ထားခဲ့ ။ 
အဲဒါ နေ့တိုင်း ထမင်းစားရင်းနဲ့ ကြုံတွေ့ရတဲ့ပြဿနာပါ ။ နေ့တိုင်းဘဲ တခုမဟုတ်တခုနဲ့ ပြဿနာတတ်ပါတယ် ။ စကားများတယ်ဆိုပေမဲ့လဲ အနိစ္စလက္ခဏာထင်ရှားတော့ ထမင်းစား ချိန်တတ်တဲ့ပြဿနာက ထမင်းစားပွဲသိမ်းတဲ့အထိမခံပါဘူး ။ ထမင်းပွဲပြီးတာနဲ့ ရန်ပွဲလဲ အလိုလို ငြိမ်းပါတယ် ။ အဲဒီအသံ အဲဒီဂီတတွေ နားယဉ်လာလို့ ပြည်ပရောက်တဲ့အခါမှာ ပြဿနာတတ်ပါ တယ် ။ ထမင်းစားရတာ ခြောက်တောက်တောက်ကြီးမို့ စားလို့လဲမကောင်းပါဘူး ။ အိမ်ကထမင်းဝိုင်းကို တွေးပြီးလွမ်းမှိပါတယ် ။ ဒါကြောင့် ထမင်းစားခါနီး ပြဿနာတခုကို အမြဲရှာပါတယ် ။ အနည်းဆုံး သူငယ်ချင်းတွေရဲ့ ဟိုလွန်ခဲ့တဲ့ရက်က အပြစ်တွေ အသုံးမကျတာတွေကို ထမင်းစုစားတဲ့အခါ ပြောဖြစ်ပါတယ် ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာလဲ တနေ့စာ အစားအသောက်ကို ချက်ပြုတ်ကျွေးမွေးပါတယ် ။ သူငယ်ချင်းပေါင်း ၆ ယောက်တို့ဟာလဲ အဆူခံ အဆဲခံချင်လွန်းလို့လားမသိပါ ။ ကျွန်တော်မပါရင် ထမင်းကို မစားတော့ပါဘူး ။ ဗုဒ္ဓဟူးနေ့ဆိုရင် လူမရှိရင်တောင် ထမင်းပြန်လာမှ စားဘို့ စာရွတ်ခ လေးနဲ့ အခန်းဝမှာချိတ်ဆွဲ သတိပေးထားခဲ့ပါတယ် ။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ ဆိုပါတယ် ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့စာထဲမှာ ထမင်းမြိန်အောင် စားသောက်တဲ့နည်းကို ထည့်သွင်းသင်ကြားပေးတာမရှိပါဘူး ။ ဒါကြောင့် အမျိုးသားများ တတ်အပ်တဲ့ အဌာရဿ တဆယ့်ရှစ်ပါးမှာ တဆယ့်ကိုပါးမြောက် အတတ်ပညာတခုအနေနဲ့ ထမင်းမြိန်အောင် စားသောက်တတ်ဘို့ကို ထည့်သွင်းသင်ကြားပေးရင် ကောင်းလိမ့်မယ်လို့လဲတွေးမှိပါတယ် ။ ဘယ်လိုဘဲဖြစ်ဖြစ် မိသားစုထမင်းဝိုင်းဆိုတာ အတတ်ပညာ တခုခုကိုသော်လည်းကောင်း ၊ အသိပညာ တခုခုကိုသော်လည်းကောင်း ဖြန့်ဖြူးလို့ရကောင်းတဲ့ နေရာတခုဖြစ်တယ်ဆိုတာ အားလုံးသတိထားမှိကြမှာပါ ။
ဒါကြောင့် မိခင်ဖြစ်တဲ့အခါ အန်တီနှင်းအနေနဲ့ ခလေးတွေကို ဒေရှင်နယ်ရီကြည့်ခိုင်းမှာလား ၊ ထက်တို့ မိသားစုလို တရားခံရှာမှာလား ။ ဇေတို့မိသားစုလို လုပ်မှာလားလို့ တွေးကြည့်စေလိုပါတယ်……………..။ ပရိတ်သတ်များ ခင်မျာ ။ ကျွန်တော် မရွှေနှင်းကိုသာ ပြောပြနေခြင်း ဖြစ်ပါတယ် ……..။
ကျွန်တော်ဇေတာရာပါခင်မျာ……..။

Sunday, 6 June 2010

အအေး နှင့် အနွေး



ခုတလော ကျွန်မ တို့မြို့တော် ရန်ကုန်မှာ မိုးတွေရွာနေပါပြီ ။ အလွန်တရာ ပူနေရာကနေ အေးတဲ့ဘက်ကို ရောက်လာပြီပေါ့လေ ။ အိပ်ရတာလဲ အေးအေး နဲ့ကွေးလို့ကောင်းတဲ့ အချိန်ပေါ့ ။ ကျွန်မက မိုးတွေအရမ်းရွာ ၊ ပြီးတော့ အိပ်ယာထဲမှာ ဖတ်စရာစာအုပ်တအုပ် ၊ ကော်ဖီတစ်ခွက် နဲ့သာဆို နတ်စည်းစိမ်နဲ့တောင် မလဲနိုင်ပါဘူး ။ စောင်လေးခြုံပြီး အိပ်တော့မယ်ဆိုတော့ ကျွန်မ လက်တွေအေးစက်နေတာ သတိထားမိလိုက်တယ် ။ အဲဒီတော့ ချိုင်းကြားထဲ လက်ထဲထည့်လိုက်တော့ နွေးသွားတာသတိထားမိလိုက်ပါတယ် ။ လက်တွေကလဲ တော်တော်အေးစက်နေတာ ကိုး။ အဲဒီမှာ စိတ်ကူးတခုရသွားတယ် …။ ချိုင်းဘက်ကနေ ခံစားကြည့်လိုက်တော့ အေးစက်သော အတွေ့ကို ခံစားမိပြီး ၊ လက်ဘက်ကနေ ခံစားကြည့်တော့ နွေးတဲ့ အတွေ့က်ုခံစားမိတော့ ဇိမ်ကျသလို ဖြစ်သွားတာပေါ့နော် ။
ချိုင်းတွေဘက်က ကြည်တော့ အအေး ၊ လက်တွေဘက်ကကြည့်တော့ အနွေး တဲ့ ။ ကိုယ်လက်နဲ့ ကိုယ်ချိုင်းပဲ မဟုတ်လားနော် ။ကိုယ်ကြိုက်ဘက်က ခံစားလိုက်ရုံပေါ့ ဟုတ်ဘူးလား ။ ဒါကြောင့် ချိုင်းဘက် အေးစက်တဲ့ အတွေ့ကို မယူတော့ပဲ ၊ လက်ဘက်က နွေးတဲ့ အတွေ့ကိုပဲ အာရုံမှာတဘက်သတ်ဆွဲယူလိုက်တယ်ပေါ့ ..။ ဒါပင်မဲ့ ကိုယ်အတွေးနဲ့ ကိုယ့်ဘာသာ ဒုက္ခရောက်နေရပြီပေါ့ ။ နှစ်ဘက်ကနေ တွေးထားတော့ ချိုင်းဘက်က အေးစက်တဲ့ အတွေ့ဘက်ကို ပြန်ရောက်သွားတယ်…။ ထပ်ပြီး အာရုံကိုစုစည်းလိုက်တယ် ၊ လက်ကလေးနွေးနေတယ် ၊ မကြာပါဘူး ဒီလက်ကလဲ အေးလိုက်တာနော်တဲ့ ။ ကျွန်မစိတ် နဲ့ ကျွန်မ နပမ်းလုံးနေရတယ် …။ အေးလိုက် ၊ နွေးလိုက်နဲ့ နောက်တော့ အေးစက်စက် အတွေ့ကသာ အနိုင်ယူသွားတယ် ။ သြော် ကိုယ့်စိတ်နဲ့ ကိုယ်တောင် အစိုးမရပါလား ဆိုပြီးအောက်မေ့လိုက်ပါတယ် ။
ဒီလို အတွေးတွေ နဲ့ လုံးထွေးရစ်ပတ်ပြီး ချာလပတ်ရမ်းနေတုန်း အေးတာတွေ ၊နွေးတာတွေ မေ့သွားပြီ “ ငါတို့ ခန္ဒာကိုယ်ကြီးက သုခဝေဒနာထက် ဒုက္ခဝေဒနာကို ပိုပြီးထက်ထက်မြက်မြက် ခံစားတတ်တယ်ထင်ပါရဲ့ ဆိုပြီး အတွေးများနေပါတော့တယ် …။ မရေမရာအတွေးတွေ ပေါ့ ။ ကော်ဖီတန်ခိုးကြောင့် အိပ်လို့မရမဲ့ အတူတူ အတွေးကိုလိုနီလုပ်နေပါတော့တယ်..။
ကျွန်မတို့ လူလောကကိုကလဲ ချမ်းသာခြင်းထက် ဆင်းရဲခြင်းကို ပိုပြီးအကဲဆတ် ခံစားမိတတ်ကြတာပဲမလား ။
ကျွန်မတို့ ထမင်း ၊ ဟင်း စတဲ့စားကောင်းသောက်ဖွယ်တွေကို မြိန်မြိန်ယှက်ယှက် စားသောက်ရတဲ့ အခါ နှစ်သက်စွာ အရသတွေ့ကျေနပ်တတ်ကြတာပဲမလား ။ ဒါပင်မဲ့ မွတ်သိပ်ဆာလောင်မှု ကိုတော့ ပိုပြီးခံစားမိကြတယ် လို့ထင်မိပါတယ်…။ အရမ်းဆာလောင်နေတဲ့ အချိန်မှာ ခံစားရတဲ့ဒုက္ခက ပိုတယ်လို့ခံစားမိကြမှာပါ ။
ကျွန်မတို့ ခန္ဒာကိုယ်ကြီးကိုကပဲ ဒုက္ခကိုတော့ ဒုက္ခမှန်း ပိုသိတတ်ပြီး သုခကိုတော့ သုခပါပဲရယ်လို့ သိသိမှတ်မှတ် မခံစားတတ်ဘူးထင်ပါရဲ့လို့ အောက်မေ့မိပါတယ် ။
အနာရောဂါမရှိ ကျန်းမာနေစဉ် ကျန်းမာနေခြင်းရဲ့ အနှစ်သာရကို မှတ်မှတ်ထင်ထင် အရသာယူပြီး ခံစားမိရန်ခဲယဉ်းမိကြပါတယ် …။ အဲ နာဖျားမကျန်း ရှိလာတဲ့အခါမှာတော့ ထိုဒုက္ခဝေဒနာကို တသိတမှတ်ပြုပြီး ခံစားနေတတ်ကြတာ လူ့သဘာဝပေပဲလား ။ ရောဂါဝေဒနာ ပျောက်ကင်းသွာတဲ့ အခါမှာတော့ ဧရာမသုခကြီးကို ရလိုက်သကဲ့သို့ ထင်မိကြပြန်ပါတယ်….။ဒါဆို ဒုက္ခကင်းဝေးခြင်းသည်ပင်လျှင် သုခဖြစ်သည် ပေါ့နော် ။
ကျွန်မရဲ့စိတ်ထဲမှာ ( အူကြောင်ကြောင် အတွေးလို့ပဲထင်ထင် ) ဒုက္ခကိုတော့ အသေအချာ ခံစားပြီး ဒုက္ခကင်းငြိမ်းရခြင်း သုခကိုတော့ တရားဝင် အသိအမှတ်ပြုပြီး မခံစားဘူးဆိုရင် တရားရာမကျဟု တွေးမိပါတယ် ။
ကျွန်မမှာ လောဘလဲရှိပါတယ် ။ ဒေါသလဲ ကြီးပါတယ် ။ ဒါကြောင့် လောဘကြောင့်လဲ စိတ်ပင်ပန်းရပါတယ်  ။ ဒေါသကြောင့်လဲစိတ်ပင်ပန်းရပါတယ် ။ အများနည်းတူ လောကဓံတရားကြောင့် ကိုယ်စိတ်ပင်ပန်းခြင်းကိုလဲ ကြုံရတတ်ပါတယ် …။  အဲဒီ ဆင်းရဲပင်ပန်းခြင်းတွေကနေ လွန်မြောက်တဲ့ အခါမိန်းမောမနေပဲ ဆင်းရဲခြင်းကို ခံစားလိုက်ရသကဲ့သို့  ချမ်းသာခြင်းကိုလဲ တရားဝင် အသိအမှတ်ပြူခံစားတတ်ဖို့ ကျွန်မကြိုးစားနေပါတယ် ။
ငါ့ဘ၀ ငါ့အဖြစ်လေးက ၊ မဆိုးလှပါလားနော် ဆိုပြီးတွေးလိုက်တဲ့အခါ စိတ်ချမ်းသာမှုလေးတခုရသွားသလို ၊ ရောင့်ရဲမှုလေးကလဲ တိုးတက်လာသလို ရှိသွားတတ်ပါတယ်…။ ခုဆို မနက် ၂ နာရီရှိပါပြီ ။ကျွန်မရဲ့ လက်ကလေးလဲ နွေးသွားပါပြီ ။ ခုထိကျွန်မရဲ့ အူကြောင်ကြောင် အတွေးတွေကို စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။
ကျွန်မ နှင်းမိုးမိုး ပါ…။


အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...