နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday, 2 June 2016

အရင်တုန်းက

အရင်တုန်းက ဒီနေရာမှာ ပျော်ခဲ့ကြဖူးတယ် ...။
အရင်တုန်းက ဒီနေရာမှာ အချိန်ကုန်ခဲ့ကြဖူးတယ် ...။
အရင်တုန်းက ဒီစာတွေကို ဖတ်ပြီး ကြည်နှူးခဲ့ဖူးတယ်...။
အခုတော့ အားလုံး ဘယ်တွေရောက်လို့ ဘယ်တွေပျောက်နေကြပါလိမ့်..။

အမှတ်ရစွာဖြင့်
နှင်းမိုး
၂-ဂျူလိုင်-၂၀၁၆

Saturday, 15 January 2011

cloud from ကျိုက်ထီးရိုး

တိမ်ပုံလှလှလေးတွေပါ...။ ကိုယ်တိုင်ရိုက်ခဲ့တာမို့ လှတယ်လို့ပဲမြင်ပါတယ်.... :P အီးမေးကနေ ပိုစ့်တင်နေရတာမို့ အမှားအနည်းငယ်ပါရှိပါတယ်...။ ပြင်လို့ဆင်လို့လဲမရဆိုတော့ တော်တော်စိတ်ဓာတ်ကျနေပါတယ်...။ ကျနေတဲ့ စိတ်ဓာတ်ကို အနည်းငယ်ပြန်ကောက်ယူပြီး တိမ်ပုံတွေပဲတင်လိုက်ပါတယ်...။ ဇောက်ထိုး ဖြစ်ပါက ကင်းမြီးကောက်ထောင်ကြည့်ပေးပါ...။ ဘေးတိုက်ဖြစ်ခဲ့ပါက ခေါင်းစောင်းကြည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်...။
ပျော်ရွင်ဖွယ် စနေနေ့လေးဖြစ်ပါစေရှင်....။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ.....။
^-*!

Friday, 14 January 2011

ကျိုက်ထီးရိုး (၂)

ပရောက်စီအခက်အခဲကြောင့် အီးမေးကနေတင်ရတော့ သတ်မှတ်ထားတဲ့ ဖိုင်ဆိုဒ်ကျော်သွားရင် မရတော့ပါဘူး...။ ချုံ့နည်း ကျုံ့နည်းတွေလဲ သိပ်မသိတော့ ကိုရီးကားလို အပိုင်းပိုင်းတွေ ဖြစ်ကုန်ပါတော့တယ်...။ အမှန်တော့ ၂ ပုံတည်းတင်ရတာ အားမရလို့ပါ..။
ဘုရားပုံတွေကို အတတ်နိုင်ဆုံး သပါယ်အောင်ရိုက်ခဲ့ပါတယ်....။
မလှလဲ လှတယ်လို့ပြောပေးကြပါ....  :P
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ....။






ကျိုက်ထီးရိုးခရီးစဉ်

မင်္ဂလာနှစ်သစ်ပါရှင်....။ ရန်ကုန်မှာတော့ အေးလိုက် ပူလိုက်နဲ့... ဆောင်းမပီသလိုမျိုးကြီးဖြစ်နေပါတယ်...။ ကျိုက်ထီးရိုးရာသီဆိုတော့ သူငယ်ချင်းတွေနဲ့ ဘုရားဖူးထွက်ခဲ့ပါတယ်....။ ၃ ညအိပ် ၃ ရက်ခရီးပေါ့....။ အားလုံး ကျိုက်ထီးရိုးဆံတော်ရှင်ကို ဖူးမျှော်လို့ရအောင် ဓာတ်ပုံတစ်ချို့ကို မရိုက်တတ်ရိုက်တတ်နဲ့ ရိုက်ခဲ့ပါတယ်....။ ပုံထွက်ကောင်းရင် ရိုက်တဲ့သူတော်လို့ပါ....။ ပုံထွက်မကောင်းခဲ့ရင်တော့ ကင်မရာမကောင်းလို့ပါ... :P
အီးမေး ပိုစ့်နဲ့တင်တာဆိုတော့ ပုံတွေကိုအရင်မြင်ရပါလိမ့်မယ်...။ အရမ်းလှတဲ့ တိမ်ပုံတွေကို လဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်... ။
  မျှော်..............
ပျော်ရွင်ဖွယ် ၂၀၁၁ ဖြစ်ပါစေရှင်....
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ.......။

^-*!


Wednesday, 5 January 2011

မင်းနဲ့...ငါ့ရဲ့ရှင်သန်ခြင်း...

မင်းရဲ့မျက်လုံးတွေနဲ့

ငါ့ရင်ထဲကတစ်စုံတစ်ရာကို..ရှာဖွေပါ...

ဒါပေမဲ့လည်း...ရှာတွေ့တဲ့အခါ

ဆွဲထုတ်ပြီး မလွှင့်ပြစ်လိုက်ပါနဲ့

ဘာကြောင့်လဲဆိုတော့...ငါရင်ခွင်ဗလာနဲ့ဆို...

အသက်ဆက်နိုင်မှာမဟုတ်လို့...



မင်းရဲ့အသံလေးနဲ..

ငါ့အိမ်မက်ရဲ့တေးသွားကို..ဆိုငြီးပါ..

ဒါပေမဲ့လို့...အဲဒါကို..

လွင့်ပျံပျောက်ရှသွားအောင်မလုပ်လိုက်နဲ့...

ဘာကြောင့်လဲဆိုတော့..အဲဒီထဲမှာ.....

ငါ့ရဲ့နှလုံးသွေးတွေ...လည်ပတ်နေလို့...



မင်းရဲ့အရှိန်အ၀ါတွေနဲ့

ငါ့ဦးနှောက်ရဲ့အခန်းတွေထဲမှာ..နေရာအပြည့်ယူထားပါ...

ဒါပေမဲ့....အဲဒီအခန်းတွေကို

မချိတ်ပိတ်ပစ်ပါနဲ့...

ဘာကြောင့်လဲဆိုတော့...အဲဒီအခန်းတွေထဲမှာ..

မင်းပေးတဲ့ရှင်သန်မှုအမှတ်တရတွေ...ငါသိမ်းခဲ့မိလို့...



မင်းရဲ့လက်တွေနဲ့...

ငါ့အနာဂတ်စက္ကူဖြူပေါ်..ရေးခြစ်လိုက်ပါ...

ဒါပေမဲ့.့..အဲဒီစက္ကူကို...

မဖြဲဆုတ်လိုက်ပါနဲ့..

ဘာကြောင့်လဲဆိုတော့...ဒီအရာဟာ

ငါ့တစ်ဘ၀လုံးစာနေရာဖြစ်နေလို့...



......ချစ်သူ..ဖြစ်တည်ခြင်းဟာငါဆိုရင်..

ဖန်ဆင်းခြင်းကိုမင်းသာတတ်နိုင်သလို..

ဖျက်ဆီးခြင်းကိုမင်းပြုခဲ့ရင်..

သေဆုံးသူဟာ...ငါဖြစ်မှာဘဲ...




Monday, 27 December 2010

2010 မှာ.....

ပျော်ရွှင်ဖွယ် ခရစ္စမတ် ကာလပြီးမြောက်သွားတဲ့ အခါ ကျွန်မတို့ ၂၀၁၀ ကိုနှုတ်ဆက်ရအုံးမယ်…။ ၂၀၁၀ က ကျွန်မတို့ကို ဘာတွေပေးခဲ့လဲ..။ ၂၀၁၀ မှကျွန်မတို့ ဘာတွေတိုးတက်ခဲ့သလဲ ဘာတွေ ဆုတ်ယုတ်ခဲ့သလဲဆိုတာ ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်သင့်နေပါပြီ…။ ကျွန်မ အတွက်ကတော့ ၂၀၁၀ ကို ရင်မောစိတ်ရှုတ်ဖွယ် ဖြတ်သန်းခဲ့ရတယ်… ။ များသောအားဖြင့် စိတ်မကောင်းစရာ ၊ ၀မ်းနည်းစရာတွေကိုပဲ ကြုံ့တွေ့ခဲ့ရတယ်…။ ၂၀၁၀ ကာလတစ်ခုလုံးမှာ ကျောင်းတက်တာရယ် ၊ အချိန်ပိုင်းအလုပ်တစ်ခုရယ် နဲ့ အိမ်အလုပ်တွေလုပ်ရင်း သာမာန်ဘ၀ တစ်ခုကိုပဲ စိတ်မောစွာဖြတ်သန်းခဲ့ရတယ်…။ ကျောင်းမပြီးသေးတဲ့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်နေပင်မဲ့ တချို့သော သူငယ်ချင်းတွေထက်စာရင် ကိုယ့်ဘ၀က ငြိမ်းအေးနေခဲ့လို့ အဖေ နဲ့ အမေ ကိုလဲကျေးဇူးတင်တယ် ။


တချို့သော သူငယ်ချင်းတွေလို လူကြီးဆန်ဆန် အသက်ရှင်မနေထိုင်ခဲ့လို့ ကလေးတစ်ယောက်လို သတ်မှတ်ချင်ပင်မဲ့ ကိုယ့်အရွယ်က ကလေးမဟုတ်တော့တာ ဒီဇင်ဘာ ၁၂ မှာ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့သွားပြန်တယ်… ။


လူကြီးဆန်ရတာလဲ မော…..


ကလေးဆန်ရတာလဲ မော…..


လိမ်ပြောရတာလဲ မော……


ရိုးသားရတာလဲ မော……


အသက်ရှင်နေထိုင်ရတာ မော ပင်မဲ့… မောမော နဲ့ပဲ ရုန်းကန်လှုပ်ရှားနေရတာကိုက ဘ၀ တဲ့… ။ ဟုတ်လားတော့ မသိဘူး… [^_^] ။ ဒီလိုပဲ တစ်ခါတစ်လေ စကားကြီး စကားကျယ်တွေလေးတွေ ပြောမှ ကိုယ့်စကားနဲ့ ကိုယ် ပြန်အားရှိတာလေ…။ ဥပမာ  ကိုယ်မှန်ရင် ခေါင်းမရွှေ့တာတို့ …စသဖြင့်ပေါ့ ^__^ ။

ကဲပြောရင်း လိုရင်းမရောက်တော့ဘူး…။


တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာခဲ့တာ… ပတ်ဝန်းကျင်သာ ပြောင်းလဲသွားတယ် ကိုယ်တိုင် ကတော့ ဘာမှ မပြောင်းလဲသလိုခံစားမိတယ်…။  ကျွန်မအတွက်တော့ အရင့် အရင်နှစ်တွေကလို ကျောင်းတက်နေတုန်း အိမ်က မုန့်ဖိုးတောင်းနေတုန်း အိမ်မှာ ကလေးလုပ်နေတုန်း ၊ အဲ အချိန်ပိုင်း အလုပ်လေးတစ်ခုသာ လုပ်နေရတာ ပိုသွားတယ် ။


အဖေနဲ့ အမေ ကျန်းမာစွာ နဲ့ ကျွန်မတို့ မိသားစုလေးအေးချမ်းစွာနေထိုင်သွားချင်တယ်လို့ ၂၀၁၀ ကိုနှုတ်ဆက်ပြီး ၂၀၁၁ ကိုကြိုဆိုရင်း ဆုတစ်ခုတောင်းချင်တယ်…။


ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့လေးတွေ ဖြစ်ပါစေရှင်….။


ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

Friday, 22 October 2010

မုန်တိုင်းနှင့်အတူ


မုန်တိုင်းတဲ့….။ ၂ လုံးတောင်…။ မီဂီ ရယ်… ဂီရီရယ်…။ ဂီရီကတော့ မြန်မာနိုင်ငံထဲဝင်နေပြီလေ…။ ဒေါက်တာထွန်းလွင်ရဲ့ MCCW မှာနောက်ဆုံးသတင်းတွေတင်ထားတယ်….။ နောက်ဆုံးလို့တော့ပြောတာပဲ…။ နာဂစ်တုန်းက ၁၅ မိုင်လောက်ပဲ စိတ်မပူပါနဲ့တဲ့…။ တကယ်တမ်း ၁၁၅ မိုင်နီးပါးတိုက်သွားတယ်…။ နဲနဲလေးပဲလွဲတာပါ…။ အေးလေ... သူက သိကြားမင်းမှ မဟုတ်တာနော်...။

နောက် http://www.tropicalstormrisk.com/ အဲမှာကော ၊ ပြီးတော့ http://www.gdacs.org/#TC_20542 ကော၊ အစုံတော့ကြည့်ဖြစ်တယ် ။ စလောင်းမှာလဲလာနေတယ်…။ Breaking news ပေါ့…။ အဖေကတော့ အိမ်မှာ ရေဒီယိုနားထောင်လိုက် သတင်းတွေကြည့်လိုက် MRTV 4 ကြည့်လိုကနေတယ်..။
MEGI အကြောင်းနဲ့ GIRI အကြောင်းကို ဒီမှာ ဖတ်နေတယ်…။ MEGI ကအဆင့် ၂ ပဲရှိတယ် တဲ့..လိမ္မော်ရောင်မရှိတရှိပေါ့ ။ GIRI ကတော့ အဆင့် ၄ လေ အနီရောင်အဆင့်ပေါ့..။  နာဂစ်တုန်းက လဲအနီရောင်လေ…။

မုန်တိုင်းဆိုတဲ့ အသံကြားရုံနဲ့ အမေက သွေးတိုးနေတယ်…။ နာဂစ်လိုမျိုးဖြစ်မှာကြောက်နေတယ်…။ ထမင်းတောင် အစောကြီးစားခိုင်းတယ်…။ အလုပ်သွားတော့လဲ အမေက သမီး ဘယ်လိုဖြစ်နေ ဖြစ်နေ အိမ်ကိုရောက်အောင် ပြေးလာနော်တဲ့…။ အဖေကတော့ ရီနေတယ် ။ အမေရယ် ရန်ကုန်နဲ့ အဝေးကြီးပါလို့တော့ ကူပြောပေးနေတယ်..။ ဒါပင်မဲ့ အမေတစ်ယောက်ကတော့ဖုံးတစ်လုံးနဲ့ အလုပ်ရှုတ်နေတယ်….။ သူသားငယ်ဆီ ဖုံးဆက်ပြီး သူ့အိမ်ကို စောစောပြန်ဖို့နဲ့ သူ့တူမ ကိုလဲ အိမ်ကို ချက်ချင်းပြန်လာဖို့ ပေါ့…။ ဟိုတလောက မုန်တိုင်းရှိမယ်ဆိုတဲ့ ကောလဟာလ သတင်းထွက်တုန်းက ဆန်တွေဝယ်ထားတာဆိုတော့ သူ့အတွက်တစ်ပူအေးနေပြန်တယ်…။ ပြီးတော့ မနက်ကလဲ ဘလချောင်ကျော် ကျော်နေတယ် မုန်တိုင်းလာလို့ ဟင်းမချက်နိုင်ရင်စားရအောင်တဲ့ …။ ကြက်ဥတွေလဲ အများကြီးဝယ်ထည့်ထားတယ်….။ နာဂစ်ကို အမေ ခုထိမမေ့နိုင်သေးဘူး…။ နာဂစ်အရှိန်မသေသေးဘူးပေါ့…။

ရန်ကုန်မှာတော့ နက်ဖြန်ဆိုသတင်းကျွတ်ပြီး ။ ခုဆိုလူတွေ ဈေးမှာ တိုးလို့တောင်မပေါက်ဘူး…။ သတင်းကျွတ်အတွက်ဝယ်စရာတွေဝယ်နေတယ်..။ သူတို့တွေ မုန်တိုင်းကို မမှုပေါင် …။ ရောင်းသူ ၀ယ်သူတွေများ တိုးမပေါက်နိုင်ဘူး…။ ပျော်ပျော်ပါးပါးပဲ…။ Show ပွဲတွေကော…၊ shopping center တွေမှာ သတင်းကျွတ်ပျော်ပွဲ ရွှင်ပွဲတွေတောင် ကျင်းပနေသေးတယ်….။ အေးဆေးပဲနော် ရန်ကုန်လေ…။ သိတယ်မလား…။ ရခိုင်ပြည်က လူတွေကတော့ ဘယ်လိုနေမှန်းမသိဘူး…။

အမေ ဆုတောင်းနေတယ်….။ ဒီအန္တာရယ်ဆိုးကြီးက လွတ်မြောက်စေဖို့ပေါ့…။ သူ့အတွက်တော့မဟုတ်ဘူး…။ ခံစားနေရတဲ့သူတွေအတွက်ပါ…။ ကျွန်မလဲ ဆုတောင်းနေမိတယ်…။ မြန်မြန်ပြီးဆုံးစေချင်နေပြီလေ…။ နာဂစ်လို အဖြစ်မျိုးဘယ်သူ့ကိုမှ ထပ်မကြုံစေချင်ဘူး..။ ကိုယ်တွေ့ဆိုတော့ အဲလိုအဖြစ်က အရမ်းခါးတယ်နော်…။ လူတွေသေလိုက်တာ…။ သေသွားတဲ့လူတွေကတော့ သေပေါ့…။ မသေတဲ့သူတွေက ဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲ…။ ဘေးနားမှာ လက်တွဲဖေါ်တွေ ပျောက်ဆုံးကုန်တယ်လေ…။ သနားစရာ ကလေးငယ်တွေ …. အိုးးးးးးးးးးး

ဘုရားသခင်…. ဒီဒုက္ခ၀ဋ်ဆင်းရဲ မှလွတ်မြောက်လိုပါတယ်…။ လူသားတိုင်း အေးချမ်းစေချင်တယ်…။ နက်ဖြန် သတင်းဆိုးတွေ မကြားရဖို့မျှော်လင့်ချင်တယ်...။

မုန်တိုင်းနှင့်အတူ သောကြာနေ့ကိုဖြတ်သန်းရင်း…
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

Saturday, 16 October 2010

စကားလေးတခွန်း

ကျွန်မ ၁၀ တန်းဖြေထားပြီး သင်တန်းတွေလိုက်တက်နေတဲ့ အချိန်မှာ ကျွန်မ နားထဲမှာ အနာစိမ်းပေါက်ပါတယ်..။ ပြင်ပခန္ဒာကိုယ် မှာအနာစိမ်းပေါက်ရင်တောင် တော်တော်ခံစားရတာ ခုတော့မမြင်နိုင်တဲ့ နားထဲမှာဆိုတော့ တော်တော်ခံစား၇ပါတယ်..။ ဆေးခန်းသွားပြရတော့တာပေါ့..။ နားနှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်ကြီး Drဦးမောင်မောင် ဆီမှာပြပါတယ်..။ အဲဒီမှာဆရာဝန်ကြီးက ကျွန်မနားကို ကိုင်မယ်လုပ်တော့ ကျွန်မ အော်တာပေါ့..ဆရာဝန်ကြီးက ပြုံးပြီး ကျွန်မကို
သမီး ဒီ လောက် လေး နာ တာ ကို အော် နေ ရင် ဒီ ထက် မ က နာ တဲ့ ဒါဏ် ရာ တွေ ဆို သမီး ခံနိုင်ရည်မရှိပဲ ဖြစ်သွားလိမ့်မယ်..။ ဘ၀ မှာ ဒီထက်မက နာကျင်စရာတွေ သမီး ကြုံရအုံးမှာ…နာကျင်စရာတွေ ကြုံတိုင်း အော်ဟစ်ငြီးတွားနေခဲ့ရင် ဘ၀ မှာ ရှေ့ ဆက် မဲ့ အား အင် တွေ ကုန် ခန်း သွား လိမ့် မယ်…ဒီ ထက် ပို ကြီး တဲ့ နာ ကျင် စ ရာ တွေ ကို သမီး ရင် မ ဆိုင် နိုင် ပဲ ဖြစ် သွား လိမ့် မယ်…သမီး ခံ နိုင် ရည် ရှိ အောင် ကြိုး စား ကြည့် ပါ နော်…. “
ဆိုပြီးပြောသွားတာ..   အဲတုန်းကကျွန်မခံစားနေရတဲ့ ဝေဒနာကို ကြိတ်မှိတ်ခံစားလိုက်ပါတယ်..
ခုတော့ကျွန်မ တခါတလေ နာကျင်စရာတွေ ကြုံတဲ့အခါ ဘယ်သူမှကြားအောင် မငြီးတွားတော့ပါဘူး..။ လောက ကပေးတဲ့နာကျင်မှုတွေ၊ ကံကြမ္မာရဲ့နောက်ပြောင်မှုတွေ ၊ အချစ်ကပေးတဲ့နာကျင်ခြင်းတွေကို ကျွန်မခံနိုင်ရည်ရှိအောင် ကြိုးစားဖြတ်သန်းနေပါတယ်..။ ကြိတ်မှတ်ခံစားနေတာတော့ မဟုတ်ပါဘူး..။ အဲလိုနာကျင်စရာတွေနဲ့ ကြုံလာတိုင်း ဒီကိစ္စလေးကတော့ အသေးအဖွဲလေးပါ.. ဒါထက်ပိုပြီးကြီးမားတဲ့ ပြဿနာတွေကြုံလာရင်များ…ဆိုပြီး…ကိုယ့်ကိုကိုယ် နှလုံးသွင်းလိုက်ပါတယ်…။
ခုတော့ ကျွန်မ ဘာကြောင့်ပဲ ခံစားရ ခံစားရ…ပိုပြီးတိတ်ဆိတ်စွာ ရင်ဆိုင်ဖြတ်သန်းနေပါတယ် ။ ။
ကျွန်မ Dairy ကိုပြန်ရှာဖတ်ကြည့်ပြီး ဟိုအရင်က အဖြစ်အပျက်လေးကို new version ခံစားထားတာပါ..
 
အရင်တုန်းကရေးထားတာလေးပါ... သူငယ်ချင်းတစ်ယောက်က ပြန်ဖတ်ချင်တယ်ဆိုတာရော.. ခုတလော ဘာကိစ္စလေးဖြစ်ဖြစ် ငြီးတွားနေတတ်တဲ့ ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ ပြန်တင်လိုက်ပါတယ်...။

ဆားချက်တဲ့ စနေနေ့ကို ငြီးတွားစွာဖြတ်သန်းရင်း
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်....။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...