နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 30 September 2010

ကိုယ့်အတွေးပါ

ပြောချင်တာတွေ ပြောကြစတမ်းဆို အားမနာတမ်းပြောချင်တယ်…

စိတ်မဆိုးကြေးလို့ပြောပြီး စိတ်ထဲရှိသမျှပြောချင်တယ်…။

တကယ်တော့ ဘယ်သူမှ ကိုယ့်အကြောင်းကို သူများပြောတာ မကြားရဲကြပါဘူးးး…။

ဒါကလဲ လူတစ်ယောက်ရဲ အတ္တလေ…။

ငါလဲ ငါ့အကြောင်း သူများပြောမှာ မလိုလားဘူး။။။

တကယ်တော့ ကိုယ့်အကြောင်းကို သိတာအကောင်းဆုံးပဲ…။

လူတိုင်း ကိုယ့်အကြောင်းကိုယ် မသိတာ ခက်နေတာပေါ့…။

ဘာလဲ မဟုတ်ဘူးလို့ ငြင်းနေမလားးး. …။

ဘာကြောင့် ဗေဒင်စာအုပ်တွေရောင်းကောင်းနေတာလဲ…။

ဗေဒင်ဆရာတွေ ဘာလို့ အလုပ်ဖြစ်နေတာလဲ…။ ဘာရယ်မှတော့ မဟုတ်ပါဘူး…။

ကိုယ့်အကြောင်းထက် သူများအကြောင်း ပိုပြောဖြစ်နေတယ်…။

သိချင်တာကတော့ ကိုယ့်အကြောင်း ပြောဖြစ်တာက သူများအကြောင်း… အဲဒါမှ လူလို့ခေါ်တယ်…။

ကိုယ့်အကြောင်းပြောတော့ရော အမှန်တွေအားလုံးပြောလို့လားးး

ဟုတ်တယ် ငါပြောတဲ့ ငါ့အကြောင်းအမှန်လို့ အာမခံနိုင်လားးး။

လူဖြစ်ရတာ ပင်ပန်းတယ်နော်…။(ကိုယ့်အတွေးပါ)

မှတ်ချက်။ ။ depression ၀င်နေပါသဖြင့် စိတ်ကူးပေါက်ရာ ရေးချလိုက်ပါသည်…။

--
^-*!

Tuesday 21 September 2010

သော့တံလေးရဲ့ ဒဏ္ဍာရီ

 

                   ကောင်မလေးတစ်ယောက်

                   သူ့ လက်ထဲမှာ သော့တံလေးတစ်ချောင်းကို မြဲမြဲကိုင်ဆုပ်ထားလို့

                   သော့တံလေးမှာလည်း အပဲ့လေးတွေနဲ့ ပေါ့

                   သူနဂိုတပ်ထားတဲ့သော့အိမ်လေးက လာပြောတယ်။

                   သူ အခုနောက်ထပ်သော့တံတစ်ချောင်း တပ်ထားပါတယ်

                   ဒါပေမယ့် သူ့ ကိုနားလည်ပေးသင့်ပါတယ်တဲ့။

                   ကောင်မလေး ခေါင်းခါပြီး သော့တံကို ဆွဲထုတ်လိုက်လို့ ပဲ့သွားခဲ့တာလေ။

                   နောက်ပိုင်းမှာတော့ ကောင်မလေးကသူ့ သော့တံကို ထပ်အနာမခံစေတော့ဘူး။

                   နောက်ပိုင်းကြတော့ သော့အိမ်တစ်လုံးက လာပြီးပြောတယ်။

                   ငါဟာ မင်းရဲ့ထာဝရသော့အိမ်လေးပါတဲ့။

                   ကောင်မလေး အရမ်းပျော်သွားတယ်။

                   ဒီသော့အိမ်လေးထဲမှာပဲ သူ့ သော့တံလေးကို အမြဲတမ်းထည့်ပြီး

                   သိမ်းဆည်းထားတော့မယ်ပေါ့။

                   နောက်သော့အိမ်လေးတစ်လုံးက ထပ်လာပြောပြန်ရော

                   ငါတို့ ရဲ့ ရင်းနှီးခဲ့တဲ့အချိန်ကာလတွေကို

                   ထာဝရတည်ရှိကြရအောင်တဲ့ဗျာ။

                   ကောင်မလေး တွေဝေသွားခဲ့တယ်ဗျ။

                   သူတစ်ယောက်ထဲ အချိန်အကြာကြီး စဉ်းစားနေခဲ့တယ်။

                   ဘယ်သော့အိမ်ထဲကို ထည့်ရကောင်းနိုးနိုးပေါ့။

                   သူ့ ရဲ့စိတ်က သူ့သော့လေးကို

                   တစ်ဖက်က သော့အိမ်လေးဆီမှာပဲထည့်ထားချင်တယ်။

                   တစ်ဖက်ကသော့အိမ်ထဲမှာကလည်း  ကာလရှည်ကြာထားရှိခဲ့တဲ့

                   ခင်မင်ရင်းနှီးမှုတွေကလည်း

                   တည်ရှိနေခဲ့တယ်။

                   ကောင်မလေး ပင့်သက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်တယ်။

                   ခင်မင်ရင်းနှီးမှုတွေရှိနေခဲ့တဲ့ သော့အိမ်လေးကို လှည့်ပြီးပြောလိုက်တယ်။

                   "သူငယ်ချင်း... တခါတရံ friend forever ကသူငယ်ချင်းတွေကြားမှာ   

                   ပိုပြီးနွေးထွေးမှုဖြစ်စေတယ်ဟ..

                   အဲ့သော့အိမ်လေးက ခေါင်းငိုက်စိုက်ချပြီး

                   "နင့်ရဲ့ သတ်မှတ်ချက်အောက်မှာ ငါနေတတ်အောင်နေရမှာပေါ့"လို့ ပြောပြီး

                  လှည့်ပြန်သွားခဲ့တယ်။

                   နောက်ဆုံးတော့

                   ကောင်မလေးက သူ့ ရဲ့နဂိုရွေးချယ်ခဲ့တဲ့ သူ့ သော့အိမ်လေးဆီကို

                   အပြေးပြန်လာခဲ့တယ်။

                   အခုချိန်ကစပြီးတော့ ကောင်မလေးရဲ့သော့တံလေးက

                   သူ့ ရဲ့ထာဝရသော့အိမ်ထဲမှာ နွေးထွေးမှုအပြည့်နဲ့ ငြိမ်သက်လို့ပေါ့။

ဆာမူရိုင်းရဲ့ အိမ်ကလေး

ဒီစကားပြေကဗျာလေးကို သူငယ်ချင်းတစ်ယောက်ရေးထားတာပါ.။ ကျွန်မကို လက်ဆောင်ပေးတဲ့ ကဗျာလေးပေါ့.။ သူရဲ့ဘလော့မှာလဲ တင်ထားပါတယ်။ သူကအိမ်မလည်တတ်သေးတော့ ဘယ်သူမှ သိပ်မသိသေးဘူးပေါ့ဆာမူရိုင်းရဲ့အိမ်ကလေးဆီ အလည်တစ်ခေါက်သွားဖို့ ဖိတ်ခေါ်ပါတယ်

အားလုံးပဲ ပျော်ရွှင်သော ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့.။

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်.။ ။


ပုံကို ဒီက ယူသုံးထားပါတယ်...။


 

 

 

Monday 13 September 2010

စိတ်ကြိုက်ဖန်တီးမှု

တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား

ဒီတစ်ခုလေးကို ဘာကြောင့်အချိန်များကြီးယူပြီးဖန်ဆင်းနေရတာလဲ ဟုအပြစ်တင်စကားဆိုလေ၏ ။

ထိုအခါ ဘုရားသခင်က

ဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကို တွေ့လား .. ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်က ဆက်ပြောပြသည်…။ ဘုရားသခင်သည် သူဖန်တီး ပြီးပြီ ဖြစ်သော လူသားမိန်းမ၏ လက်နှစ် ချောင်းအား ညွှန်ပြလိုက်ပြီး

ဒီလက်နှစ်ချောင်း နဲ့ သူမ ဟာအ၀တ်လျှော်နိုင်အောင် လုပ်ထားတယ်..။ အိမ်က ပစ္စည်း ၂၀၀ လောက်ကိုလဲ ဟိုရွှေ့ဒီရွှေ့လုပ်နိုင်တယ် ..။ အစားအသောက်မျိုးစုံကိုလဲ ချက်ပြုတ်နိုင်တယ်..။ ဒါအပြင်ကလေးတွေကိုလဲ တစ်ကြိမ်ထဲမှာ ချီမပြုစုနိုင်တယ်..။ နောက်ပြီး ဒူးနာတာကနေ စပြီး အသဲကွဲတဲ့ ရောဂါ အဆုံးထိသူမက ပျောက်ကင်းအောင် စွမ်းဆောင်နိုင်တယ်.. ဟုဖန်တီးနေရင်းမှ ရှင်းပြသည်..။

ဘုရားသခင်၏ စကားကြောင့် နတ်သမီး သည် လူသားမိန်းမ ကို အထင်ကြီးလေးစားသွားသည်…။

လက်နှစ်ဘက်တည်းနဲ့ အဲဒါတွေ အကုန်လုပ်နိုင်တယ်… ၊ မဖြစ်နိုင်တာ… ဟုပြောပြီးခေါင်းခါနေပြန်သည်…..။

နောက်ဘုရားသခင်အား တစ်ချက်ကြည့်လိုက်ပြီး 

ဒါဟာ လူသားမိန်းမရဲ့ ဖြစ်ပေါ်ရမဲ့ ပုံစံအပြည့်အစုံပဲလား .. ဟုထပ်မေးပြန်သည်..။

ဒီနေ့တော့ သူမကို ဖန်တီးရတာတွေ အရမ်းများနေပြီ …မနက်ဖြန်ကို တစ်ချက်လောက် ကြည့်ပါအုံး…။ အဲဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမ ပုံစံကို တွေ့ရလိမ့်မယ်…။

ဘုရားသခင်က ဆက်ပြောပြန်၏။

ဒီနေ့မှာတော့ လူသားမိန်းမ ပုံစံဟာပြီးသင့်သလောက်တော့ ပြီးနေပါပြီ..။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမ ကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ…။

……….

နာမကျန်းဖြစ်တဲ့ အခါတွေဆို သူမဟာ သူမဘာသာ သူမပြုစုစောင့်ရှောက်တတ်တယ်..၊ ပြီးတော့ တစ်နေ့မှာ ၁၈ နာရီလောက်အလုပ်လုပ်နိုင်တယ်..။

နတ်သမီးသည် ဘုရာသခင်စကား ကိုနားထောင်နေရင်းမှ လူသားမိန်းမနားသို့ တို့ သွား၏ ။ထို့နောက် လူသားမိန်းမကို တို့ထိကြည့်လိုက်သည်..။

နူးညံ့လွန်းလှချည်လား..

ဟုတ်တယ် နူးညံ့တယ် ဒါပင်မဲ့ စိတ်ဓာတ်သန်မာအောင်တော့ ဖန်တီးထားတယ်…။အခက်အခဲတွေ အတားအဆီးတွေကိုလဲ ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်…။

သူမက တွေးတတ်လား.. ဟုနတ်သမီးကမေးလိုက်ပြန်သည်

တွေးတတ်ယုံတင်မကပါဘူး…။ ကျိုးကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီး ညှိုနှိုင်းမှုတွေလဲ လုပ်တတ်သေးတယ်..။

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်သည်..။

ဟင်..ဒီမှာ အရည်တွေ စိမ့်ကြနေပါလား၊ ဖန်ဆင်းထားတာ များလွန်းလို့ သူမမှာ ၀န်ထုတ်ဝန်ပိုးဖြစ်နေပြီလား မသိဘူး..။

ဒါ့ဟာ အရည်တွေ စိမ့်ကျတာမဟုတ်ဘူး..၊ အဲဒါကို မျက်ရည်လိုခေါ်ပါတယ်…

ဘာအတွက်လဲ..

သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊         ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေစတဲ့ စိတ်ခံစားမှုတွေကိုဖေါ်ပြဖို့အတွက်ပါ..။

ထိုအခါ နတ်သမီးသည် လူသားမိန်းမ အတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာအထင်ကြီးသွားလေ၏ ..။

သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ်..၊ အရာရာအားလုံးကိုလဲ စစ်စစ်ပေါက်ပေါက် တွေးတောနိုင်ပေတယ်..၊ သင်အခုဖန်တီးထားသော လူသားမိန်းမသည်လဲ.. ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်..  ဟုဆိုလိုက်လေသည်…။

ဘုရာသခင်က နတ်သမီး စကားကို တစ်ချက်ပြုံးလိုက်၏..။

 ဟုတ်တယ် လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ်..။ သူမမှာ လူသားယောက်ကျာ်းတွေ အံသြသွားစေလောက်မဲ့ ခွန်အားတွေရှိတယ်..။ မိသားစုရဲ့ ဒုက္ခနဲ့ ၀န်ထုတ်ဝန်ပိုးတွေကို လည်းဖြေရှင်းနိုင်သေးတယ်….။

သူမကြောင့်ပျော်ရွှင်ခြင်းတွေ  ၊ ချစ်ခြင်းတွေ  အတွေးအခေါ်တွေဖြစ်ပေါ်လာနိုင်တယ်..။ ကြောက်ရွှံ့မှုတွေ တွေ့ကြုံခံစားနေရတာတောင်မှ သူမက ပြုံးပြနိုင်တယ်..။

အဲဒီလောက်တောင်ပဲလား

ဒါအပြင် ငိုကြွေးရမဲ့ ဒုက္ခတွေ တွေ့ကြုံလာချိန်မှာလဲ သူမက သီချင်းဆိုတယ်..။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလဲ သီချင်းဆိုတယ်..။ ကြောက်ရွံ့တဲ့ အချိန်မှာလဲ သီချင်းဆိုတယ်..။

အို

သူ့မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ်..။ သူမဟာ သူမိသားစုအတွက် အခရာလို့ မှတ်ယူထားတတ်ပြီး ၊ မိသားစုအောင်မြင်ခြင်းဟာလဲ သူ့အပေါ်မှာ တည်မှီနေတယ်လို့ ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ..။ သူမရဲ့ နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိပါဘူး ။။။

သူမရဲ့ သားသမီးတွေ အောင်မြင်တာကိုကြည့်ပြီး ငိုကြွေးရင်လဲ ငိုကြွေးတတ်သေးတယ်..။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ လက်ထပ်တဲ့ အကြောင်းတို့ ကြားရရင်လဲ..တစ်စုံတစ်ဦးတွက် ဂုဏ်ယူနေတတ်သေးတယ်..။

နတ်သမီးမှာ ဘုရားသခင် စကားကို နားထောင်နေရင်းသဘောကျနေပုံရ၏ ။။ ဘုရားသခင်က လူသားမိန်းမ၏ နောက် အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေလေ၏ ။။

သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကြေကွဲတတ်ပါတယ်…။ ဒါပင်မဲ့ သူမဟာထိုကြေကွဲမှုတွေကို ဘ၀ရဲခွန်အားတွေ အဖြစ်ပြောင်းလဲ အသုံးပြုတတ်သေးတယ်..။

………

အနမ်းရယ် ၊ ယုယတဲ့ ထွေးပွေ့မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာကိုလဲ သူမက သိသေးတယ်။။

ဒါပင်မဲ့ သူမမှာ ချို့ယွင်းချက်တစ်ခုတော့ ရှိတယ်..

ဘယ်လို

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏ ။

ချို့ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ…။

ဘာချို့ယွင်းချက်လဲ..

သူမ ဟာ သူမရဲ့ အဲလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်..

ဟင်

နောက်ပြီး သူမ ဟာကမ္ဘာလောက အတွက် အဖိုးတန်လူသားတစ်ယောက်ပါလားဆိုတာကို သူ့ကိုသူအမြဲတမ်းလဲ မေ့နေတတ်တယ်…။

ဟုပြောပြီး ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏…။ ။

ဖတ်ခဲ့ဖူးတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြန်ခံစားတင်ပြထားတာပါ…။ ဒီဝတ္ထုကတော့ ဘယ်သူမှတင်ထားတာ မရှိသေးဘူးထင်ပါတယ်…။သူများဘလော့တွေမှာ တင်ထားတာရှိခဲ့ရင်လဲ တောင်းပန်ပါတယ်….။ သည်ဝတ္ထုလေးကို လူကြီးမင်းစိတ်ကြိုက် ခံစားနိုင်ပါတယ်…။ ဘာအကြောင်းမှ မပြောတော့ပါဘူး…။ ကြိုက်သလို ဝေဖန်နိုင်ပါတယ်…။

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်………။ 


Saturday 11 September 2010

ဋ ဌ ဍ

ငယ်ငယ်က မြန်မာအက္ခရာ ကကြီး၊ ခခွေး ဗျည်းအက္ခရာ ၃၃ လုံးမှာမှတ်ရခက်တဲ့ ဋ ဌ ဍ ကို အမြဲတိုင်ပတ်နေခဲ့တယ်…။ ဗျည်း ၃၃ လုံးမှာ အဲ ၃ လုံးပဲ ထူးဆန်းနေတာလေ…။ ဘယ်လိုမှတ်မှတ် အစဉ်လိုက်မမှတ်မိဘူးဖြစ်နေတယ်…။ ခုတော့ သူငယ်ချင်းတစ်ယောက်က ပုံပြင်လေးတစ်ပုဒ်ပြောသွားလို့ အဲဒါကို တသက်လုံးမှတ်မိသွားတော့တယ်…။

သူငယ်ချင်းက ဘယ်လိုပြောလဲဆိုတော့

လူကြီး ၃ ယောက်အလှုခံထွက်လာတယ်…

ဋ ဌ ဍ

နောက်ဆုံးလူကြီးက အလယ်က လူကြီးကိုခြေထောက် နဲ့ လှမ်းကန်တယ်..

အလယ်က လူကြီးကလဲ ဘယ်ခံမလဲ နောက်က လူကိုခြေထောက် နဲ့လှမ်းကန်တယ်

ဋ ဌ

အဲဒီအခါမှာ ရှေ့ဆုံးရောက်နေတဲ့ လူကြီးက နောက်ကဒီလူကြီး ၂ ယောက်ဘာဖြစ်နေလဲဆိုပြီးလှည့်ဆူတယ်…။

ဋ ဌ ဍ

အဲလိုပုံစံ နဲ့ပဲအလှုဆက်ခံသွားရောတဲ့… ကောင်းလိုက်တဲ့ စိတ်ကူးလေး။


ခုတလော ဘလော့မှာ စာရေးဖို့ဆိုတာ ဘယ်လိုဖြစ်မှန်းမသိဘူးးး …။ စာအုပ်တွေဖတ်ပြီး ကြိုးစားပမ်းစား ရေးလာတော့လဲ သူများရေးထားတဲ့ အကြောင်းအရာကြီးတဲ့ ဇေ ကပြောတယ်..။ ကိုယ်ကလဲ ပရောက်စီအခက်အခဲ အကြောင့် ဘလော့ အစုံကို လိုက်မဖတ်ဖြစ်ဘူး…။ အတတ်နိုင်ဆုံးတော့ လက်လှမ်းမှီသမျှ ဖတ်ဖြစ်တယ်…။ကိုကိုဇေကလဲ စာအုပ် ၄ ၊၅ အုပ်ဖတ်ပြီး ရေးထားတဲ့ တော်သလင်းလဖွဲ့ ကိုဘယ်သူမှ မမန့်လို့ရွှေစိတ်တော်တိုနေလေရဲ့… နားအုံးမယ် ၀မ်းမန့် ဆိုပြီး ကွန်မန့်အလှူခံသွားတာ အ၀င်ကြမ်းအထွက်ကြမ်းကြီး…။ ကျွန်မတို့ မောင်နှမ ပေါင်းပြီး စိတ်ထဲခံစားမိသမျှကို ရေးထားတာလေးတွေကို ဖတ်ရှုပေးတဲ့ လူကြီးမင်းတွေကို ကျေးဇူးတင်ပါတယ်…။ အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့သစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ…

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုးပါရှင်….။ 

 

^-*!

နားအုံးမယ် ၀မ်းမန့်

စာလေးတွေ စရေးကတည်းက ကွန့်မင့်တအားရချင်တာ  တချို့ပိုစ့်လေးတွေ ဆိုရင် စာအုပ်တွေ လိုက်ရှာပြီး ၊ ဖက်ရတယ် ဘလော့တွေဖက်ရတယ် ၊ ရာသီဖွဲ့တွေဆို ၁၀ ရက် လောက်တောင် ကြာတယ်  ၊ ရေးပြီး တိုင်းအမောဆို့ရတယ် ၊ ကွန်မင့်ပေးမဲ့လူ မရှိလို့ လာဖက်တဲ့လူတွေ တော့များတယ် ၊ ကွန်မင့်လေးကျတော့ မပေးဘူး အဲဒါကြောင့် စိတ်ဆိုးတယ် ၊ ဒီနေ့ကစပြီး စာမရေးတော့ဘူး ၊ လို့တွေးတာ စာတပုဒ်ရေးပြီး တိုင်းဘဲ ၊ တချို့သူငယ်ချင်း နာမည်ပါပြော လိုက်မယ် ချောစု တဲ့ အိန္ဒိယမှာ ကျောင်းတတ်နေတာ ၊ ကွန်မင့်လေး ဖက်ချင်တာ တအားဘဲလို့ ပြောတာ ၊ အခါ ပေါင်း တစ်သောင်းခြောက်ထောင်နဲ့ ရှစ်ဆယ့်လေးကြိမ် ၊ ပေးပါဘူးဗျာ ။

ဝန်ထမ်းလုပ်ပါတယ်ဆို လခလိုချင်လို့ပေါ့  ဘလော့မှာ စာရေးပါတယ်ဆို ကွန်မင့်လိုချင်လို့ပေါ့ ဗျ ဟုတ်ပါဘူး အခု ဟာက ၊ ဘာလဲ အဖက်မလုပ်တာလား ၊ တင်းတယ်နော် အဲလိုစိတ်ထဲ မှာစာလာ ဖက်တဲ့လူတွေနဲ့ ရန်ဖြစ်တာ ခဏခဏဘဲ ၊ တော်ပြီဗျာ စိတ်ကုန်တယ် ကွန်မင့်လဲမပေးကြဘူး နောက်တခါကျရင် စာမဖက်တော့ဘူး ၊ ပေါက်ကရတွေဘဲ ရေးမယ်ဆိုပြီး စာစရိုက်တော့ အော်သူ တို့က အချိန်ပေးဖက်ရမှာ ငါမဟုတ်တာတွေ ရေးမှိရင် အချိန်ကုန် လူပန်းဖြစ်ပြီး ဘာအကျိုးမှ မရှိဘဲဖြစ်မှာ ပေါ့ လို့စိတ်က အဲလိုဖြစ်လာပြန်တော့ မြန်မာစာတောင် သတ်ပုံမှန်အောင် မရိုက်တတ် တဲ့လူက စာတွေကို ပြန်ပြန်စစ်ရတာ အခါပေါင်းမနဲဘူး ဒါတောင်မှားသေးတယ် ။

ဘာ မကောင်းဘူး ဟုတ်လား မင်းကဘာတတ်လို့တုန်း ၊ အမ်အေ တတ်တော့မဲ့ ကျောင်းသားကွ ဘိုလိုရေးလိုက်ရမလား ၊ စကားကြည့်ပြော လူကိုမစော်ကားနဲ့ ပညာလဲမစော်ကားနဲ့ ဘာမှမစော် ကားနဲ့ လာပြောတဲ့ ငနဲကို လက်သီးနဲ့ ပိတ်ထိုးလိုက်တာ ဆေးရုံပို့လိုက်ရတယ် ၊ သွားနှစ်ချောင်း ထွက်သွားတယ် ၊ သူ့အမေနဲ့ဆိုတာ ရန်ဖြစ်လိုက်ရတာမောလို့ အိမ်မက်ကလဲ နိုးရော ရေဆာ လိုက်တာ တအားဘဲ ၊ အဲလိုအိမ်မက် မက်ခဲ့ပေမဲ့ ဂျီတော့မှာ မင်းရေးတာတွေကလဲ ကွာရှုတ်ပွ နေတာဘဲ ၊ ရှင်းရှင်းလင်းလင်း မရှိဘူး လို့ရန်တွေ့လာရင် ဟုတ်ကဲ့ ဇေကြိုးစားနေပါတယ် လို့ပြန်ပြောရတာ ၊ ဘယ်လောက်တင်းဘို့ ကောင်းတုန်း ဟုတ်တယ်မလား….။

ကွန်မင့်တွေ အမြဲတမ်းလာပေး တဲ့ အစိမ်းရောင်လွင်ပြင်က မမချောရယ် ၊ ဗေဗေရယ်ကို မန္တလေးကြိုး ကြီးအချိပ်ထမိန် နှစ်ထည်စီ ၊ ကိုကိုးအိမ်ကို ဘန်ကောက်လုံချည်တကွင်း ၊ တခါတရံ မှ မျက်စိလည် လမ်းမှား ၀င်လာတတ်တဲ့ နတ်ဆိုးနဲ့ နတ်မိစ္ဆာမာနတ်ရယ် မသဒ္ဓါရယ်ကို နာရီလှလှ လေးတွေ တလုံးစီ ၊ ၀ယ်ပေးဘို့ အကြံအစဉ်ရှိပေမဲ့ စကာင်္ပူထီကလဲ မပေါက်ဆိုတော့ နဲနဲခတ်နေ တယ် ၊ တခုခုတော့ ပေးနိုင်ပါမှာ ၊ ဘာလို့လဲဆိုတော့ အခုတလော ရွှေဆိုင်တွေ ရတနာရောင်း ၀ယ်ရေး တွေဘက် လမ်းလျှောက်ဖြစ်နေတယ် ၊  လူကံဆိုတာ ပြောမရဘူးမလား ပေးကမ်း လှူ ဒါန်းချင်စိတ် ကတအားထက်သန် နေတော့ သိန်းတစ်ထောင် တန်စိန်တပွင့် လောက်ကောက်ရ လိုက်ရင် ပြီးပြီ ပြောထားတာထက် နှစ်ဆတောင် ပေးနိုင်သေးတယ် ၊ ကဲ အဲလောက်လှူဒါန်း ဘို့စိတ်သန် နေတဲ့လူ ကောက်မရဘူးလို့ ၊ ဘယ်သူပြောနိုင်တုန်း ကောက်ရနိုင်ပါတယ် ၊ ကောက်မရနိုင် ဘူးလို့ပြောတဲ့လူ ဘာမှမရဘူးမှတ်ပါ ။

ဂျီတော့က ဘလော့လာလာ ဖက်တဲ့လူတွေ သတိနဲ့နေကြ ၊ သိပ်ကောင်းတာဘဲ သိပ်ကောင်းတာဘဲ ချီးမွမ်းပြီးတော့ ဘလော့ကို လာကြည့်တော့လဲ ကွန်မင့်က ၇ ဆောင်ကနေ မတတ်ဘူး ၊ ဘာကောင်းတာလဲ မောက်နဲ့(ပါးစပ်) မကောင်းစမ်းပါနဲ့ ၊ လစ်တာနဲ့ ကောင်းစမ်းပါ ၊ အသဲယား လိုက်တာနော် ၊ ဟဲ့ခွေး ဒီခွေးကတမှောင့်  လူကကြောက်တတ်ပါတယ် ဆိုနေမှ သန်းခေါင် သန်းနွဲကြီး ထထဟောင်တာ ကြည့်လို့ကိုမရဘူး ၊ နက်ဖြန် စည်ပင်ကို ဖုန်းဆက်ရမယ်  အခုဘယ်နာရီ တုန်းမှန်း ၂ နာရီ ၃ မိနစ် ရှိပြီ တွေ့လား ၊ ပိုစ့်တိုင်းကို နေ့ဘက်မရေးဘူး ညမှ အိပ်ရေးပျက်ခံ ပြီးရေးတာ ၊ ဒါတောင် ကွန်မင့်မပေးချင်ဘူး ၊ ဘာကြည့်တာတုန်း မင်းကိုပြောနေတာ ။

ကဲကြာပါတယ် ဒဲ့ဘဲပြောလိုက်မယ် ကွန်မင့်လိုချင်လို့ဟေ့ ကွန်မင့်လိုချင်လို့ ၊ အရိပ်ပြ အကောင် မထင်ဘူး ၊ လခမပေးရင် ဘယ်သူမှ အလုပ်မလုပ်ချင်ဘူး သဘောပေါက်လား ၊ ဒီမယ် ဒီပိုစ့်အောက် မှာကွန်မင့်တွေ ၁၀ ခုမကျော်လို့ကတော့ ၊ နားပြီ နားပြီ  မရေးတော့ဘူး ဟာသတွေ ဘာသာ ပြန်ထားတာ အများကြီးဘဲ ၊ ရီချင်ရင် ကွန်မင့် များများ သာပေးကြ ၊ ကွန်မင့် ၁၀ စောင် ဆိုတာ ဘယ်လောက်မှ မများပါဘူး ၊ တစ်ယောက် ကိုနှစ်ဆောင် ရေးရင် ငါးယောက်နဲ့တောင် ကိစ္စပြတ်တယ် ၊ အဲဒီစကာင်္ပူက လူတွေအဆိုး ဆုံးဘဲ တနေ့ကို စကာင်္ပူကလူတွေ ၂၀ အထက်လာ ဖက်တယ် ၊ တစောင်မှ ရေးမသွားဘူး ၊ သူတို့ရီဘို့ စာလေးတွေရေးပေး ရသေးတယ် ကျေးဇူးတင် စကားတောင် မပြောသွားကြပါလား ၊ နောက်တခါ ရီစရာကောင်းတဲ့ ပိုစ့်တွေ မရေးပေးတော့ဘူး ဖိုရမ်တွေကို လိုက်ရေးတာမှ တနာရီကို လေးဆောင် လောက်ရအုံးမယ် ၊။

ကဲ ရန်လဲတွေ့ပြီးပြီ ကိုယ်လိုချင်တာလဲ တောင်းပြီးပြီး ဖြစ်မလာလို့ကတော့ ဘလော့ကို နှင်းမိုးမိုး လက်ထဲ ပြန်အပ်လိုက်ပြီ သာမှတ်ပေ တော့ ၊ ကဲ အပျင်းမ မိရွှေနှင်း ဇေနားတော့မယ် တလ ကြားလား ဒါဘဲ…..။

Thursday 9 September 2010

တော်သလင်း လဖွဲ့

ဝါဆို ၀ါခေါင် တော်သလင်းရယ်လို့ ရှေးလူကြီးများက လအစဉ်လိုက် ခေါ်ဝေါ် သုံးစွဲခဲ့ရာက နေဒီနေ့တော့ တော်သလင်းလကို ချဉ်းနှင်းဝင်ရောက်ခဲ့ ပြန်ပါပြီ ၊ တော်သလင်း လကိုရောက်တိုင်း ဇေခပ်ငယ်ငယ် အရွယ် ၁၉၉၈ အဲဒီနှင်း ၀န်းကျင်လောက်က ရန်ကုန်မြို့ အင်းလျှားကန် ကြီးထဲမှာ လှေသဘင် စီရင်တာကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကတိုက်ရိုက်ထုတ်လွင့် တာကိုမြင်ခဲ့ ဘူးသပေါ့ ခင်မျာ လှေလှော်ခတ်တဲ့ အခါ လှေတော်သား တွေ သံပြိုင်သီကြွေးတတ်တဲ့ လှေတော်သံ သီချင်းလေးကတော့ ဒီလိုလေးပါခင်များ

xxx စုန်ကာဆန်ကာ ခေါက်တုန့်လူးလာ၊ ဗုံတောင်စည်မောင်း မြစ်ကြောင်းမြစ်လယ်၊ ပျော်ဖွယ်အံ့ချီး တီးကာမှုတ်ကာ၊ ကြော်ငြာ ချိမ့်သဲ မြစ်ဧရာနဒီထဲမှာ xxx တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင်း၊ တက်ထောင်၊ တက်ယှက်၊ တက်ဝှက်၊ တက်ခက်၊ တက်လှ၊ တက်သုတ်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ နေရောင်ကာ၊ နေရောင်ပြေး၊ တက်ရေး(၃၇)ချင်း၊ ကုန်စင်အောင် သင်လာခဲ့ရ၊ သပြေတောရွာက နတ်မျှားလှေတော်၊ အားကောင်းမောင်းသန် ကျင့်သားရတဲ့ လှေတော်သားတွေ၊ လှေဦးစီးသာချို၊ တက်မကိုင် ကိုသန်းဖေတို့ပါ xxx

ဒီသီချင်းလေးဟာ လှေတော်သံ သီချင်းလေးပေါ့ ခင်မျာ အရင်တုန်းက မြန်မာ့လှေလှော်ပြိုင် ပွဲကို တခမ်းတနားလုပ်ပေသမို့ ၊ ကြားလိုက်ရ မှတ်လိုက်ရတာလေးရယ်ပါ အခုတော့ ဒီအသံတွေ ကင်းဆိတ်သွား ပေသမို့ သက္ကရာဇ်၂၀၀၀နောက်ပိုင်း မွေးတဲ့ ဇေတို့ရဲ့ ညီငယ် ညီမငယ်လေး များ လှေပွဲ သဘင်ဆိုတာ မြင်ဘူးကြမယ်မဟုတ်ပါဘူး ၊ ခေတ်ကောင်းတဲ့ တချိန်မှာတော့ ဒီသီချင်းလေး တွေ အင်းလျှားကန် အတွင်းပြန့်လွင့် လာပါလိမ့်အုံးမယ် လို့မျှော်လင့် မှိတာပါဘဲ..။

သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထား အိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့၊
မည်ဘဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။

ရယ်လို့ ကျိုက်လတ်မြို့ မဟာဂီတ ပညာရှင်ကြီး ဘဘဦးပြုံးချိုရဲ့ ရာသီဘွဲ့လေးချိုး မှာ စာချိုးထားပါ တယ်ခင်မျာ ၊ တော်သလင်း လမှာ ကောင်းကင်က လမင်းကြီးက တအားထွန်းပ ပါသတဲ့ ၊ မြစ်ထဲမှာတော့ လှေတွေပြိုင်ကြတယ် ၊ နောက်တမျိုးသစ်ဆင်းပွဲ ဆိုတာလဲ ကျင်းပတယ် တဲ့ သစ်ဆင်းပွဲ ဆိုတာကို အောက်ပိုဒ်ကျမှ ဇေသိထားသလောက် ရေးပြပါမယ် ၊ ကောင်းကင်မှာ ဗြှုဗ္ဗာသ ကြယ်နဲ့ ဗျိုင်းတာရာတို့ ထွန်းတောက်ပါသတဲ့ ၊ ရာသီပန်းအနေနဲ့ ကတော့ ယင်းမာ ပန်းပွင့်ဖူးပါတယ် ၊ ရာသီဥတု အနေအထားကတော့ တော်သလင်း နေပုဇွန်သေ တော်သလင်းမိုး ကန်းဇွန်း ကျိုးလို့ စာဆိုတော်များ အမှတ်သားပြုကြလေရဲ့ ၊ ပူရင်အဲသလောက်ပူပြီး မိုးရွာမှ ဖြင့်လဲ ရေထဲမှာ နေတဲ့ ကန်ဇွန်းပင်တောင် ထက်ပိုင်းပြတ် ကျိုးတဲ့ အထိရွာပါတယ် ၊ မိုးသား တိပ်လိပ်တွေ အမြဲမဲညိုတတ်သမို့လွမ်းစရာကောင်း လှသလို ယင်းမာပန်း ရနံ့လေးနဲ့ တောင်လေ တဖြူးဖြူး လေးတို့ဟာ အလွမ်းဓာတ်ခံ ရှိနေတဲ့ လူတွေကို လွမ်းချင်းရေးဖြစ်တဲ့ အထိ တွန်းပို့တတ်သမို့ လွမ်းချင်းဆရာကြီး မဟာအတုလမင်းကြီးက တော်သလင်းလ လွဏ်းချင်းကို ဒီလိုလေး ရေးစပ်ခဲ့ပါတယ်..။

ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။

ဒါကတော့ မဟာအတုလမင်းကြီးရဲ့ တော်သလင်းလ ဖွဲ့လွမ်းချင်းလေးရယ်ပါ ၊ ဒီလောက်တောင် လွမ်းမောစရာကောင်း တဲ့တော်သလင်းလလေးကို သမိုင်းကြောင်း အရဘယ်လိုရှိသလဲလို့ ဆက်လက်ပြီး ဇေနဲ့ အတူလေ့လာကြည့်ကြရအောင်နော်..။

‘တော်’ ဆိုတဲ့ စာလုံးဟာ ဗမာနဲ့ တချို့ တိုင်းရင်းသား လူမျိုးများအဖို့ အထွတ်၊ အထိပ်၊ အမြင့်၊ အမြတ်၊ မိုး၊ ကောင်းကင် စတဲ့ အဓိပ္ပာယ်တွေ ဖွင့်ထားတဲ့အတွက် အထက်အပေါ် ဆိုတာကိုချည်း ညွှန်းတဲ့ သဘော တွေ့ရပါတယ်။ ‘သလင်း’ ဆိုတာကိုတော့ သာယာပွင့်လင်း၊ သာယာ ကျင်းလင်း၊ ပွင့်လင်း စတဲ့ အဓိပ္ပာယ်တွေ ကောက်ယူတဲ့အတွက် အဘိဓာန်မှာ ‘ကောင်းကင် သာယာ ထွန်းလင်း၊ ပွင့်လင်း၊ လင်းကျင်းသောလ၊ သစ်ဆင်းလ၊ မြန်မာ့ တစ်ဆယ့်နှစ်လတို့တွင် ဆဋ္ဌမလ၊ ကန်ရာသ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ပြီးတော့ တော်သလင်းလကို ရှေးက ‘သစ်ဆင်းလ’ လို့လဲ ခေါ်ခဲ့ကြပါသတဲ့ ။ ဒုတိယ အင်းဝခေတ်ကျမှ အဲဒီ ‘သစ်ဆင်း’ ဆိုတဲ့ စာလုံးကို သျှင်အဂ္ဂသမာဓိရဲ့ သုဝဏ္ဏသျှံ သူဌေးခန်း ပျို့မှာ စပြီး တွေ့ရတာပါ။ သက္ကရာဇ် (၉၅၂) ခုနှစ်မှာ ထိုးတဲ့ ကျောက်ဆည်မြို့ ရွှေသာလျောင်း ကျောက်စာမှာလဲ တွေ့ရပါတယ်။ ဒါပေမဲ့ မှတ်တမ်း မှတ်ရာ ထားတာတော့ မရှိပါဘူး တဲ့ ခင်မျာ ။


သစ်ဆင်းလ လို့ ခေါ်ခဲ့တဲ့ သဘင်ပွဲတခု ရှိခဲ့ကြောင်း ကိုတော့ ‘မင်းရဲနန္ဒာဧချင်း’ မှာ မင်းဇေယျ နန္တမိတ်က ရေးဖွဲ့ခဲ့ပါတယ်။ မင်းရဲကျော်စွာ စုန်ဧချင်းမှာလဲ ‘တော်သလင်းတုံ၊ သစ်ဆင်းအခါ၊ ပျော်ဘွယ်သာတည့်၊ ဗိုလ်ပါထွေဖြီး၊ သဘင်ကြီး၌’ လို့ ရေးစပ်ကြပါတယ်။

ဆီသည် ရွာစား ဦးအောင်ကြီးရေးတဲ့ အင်းဝ မြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ကန်ရာသီဖွဲ့မှာ ကျတော့ ----

xxx သာစွလေ ----၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍၊ စည့်စည့်မိုးလ၊ ဘဒြနှင့် ပြည့်ဝအညီ၊ ကန်ရာသီဟု၊ အာနီ မြဲခိုင်၊ ယင်းမာလှိုင်က၊ မွှေးကြိုင်နံ့ရွှင်း၊ တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းရင်လျက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေခြင်း လှော်ပြိုင်၊ ခွင့်ရေးကိုင်၍၊ လေးတိုင်တန်ဆောင်း၊ မမြင့်တောင်းကို၊ နီမောင်ပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုးသွယ်ခံ၊ ဝန်းရံခင်းကျင်း၊ ခုန်ကဆင်းသော်၊ မင်းမင်းမှန်ဖု၊ ထွက်စံရှုသည်၊ ဇမ္ဗူထွတ်ထိပ် ပန်းတည့်လေ၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ xxx(လူးတား)

ဒီလူးတားမှာ လှေပွဲရော၊ သစ်ဆင်းပွဲရော ပေါင်းပြီး ဖွဲ့စပ်ထားတာ တွေ့မှာပါနော်။ သစ်ဆင်းပွဲ ကျင်းပပုံကလဲ ဆန်းဆန်းပြားပြား အသဲယားစရာကြီး ပါလားကရို့ ---- လို့ ပြောရမှာပါဘဲ့။ အလွန်မြင့်တဲ့ သစ်တိုင်လေးတိုင်နဲ့ ဆောက်လုပ်တဲ့၊ အနီရောင် အဝတ်အမိုး မိုးထားတဲ့ ‘တန်ဆောင်း’ ခေါ်တဲ့ စင်မြင့်ကြီးပေါ်ကနေပြီး အောက်မှာရှိတဲ့ ရေပြင်ပေါ်က ပိုက်ကွန်ခံထားတဲ့ နေရာဆီကို ကရင်းနဲ့ ခုန်ချကြတဲ့ ပွဲသဘင်ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်ခင်မျ၊ ရှေးပဝေဏီကာလ ထဲက ရှိခဲ့ပြီး၊ အင်းဝ ခေတ်မှ ‘လ တလရဲ့ နာမည်’ တွင်လာတဲ့ အထိ အလေးတယူ သိုက်သိုက် မြိုက်မြိုက် ရှိခဲ့မှာပါ။ သစ်တိုင် အမြင့်အဖျားက ခုန်ချရတာမျိုး ဆိုတော့လဲ အသက်အန္တရာယ် ရှိတာပေါ့။ အဲဒီပွဲမျိုးမှာ အသက်ထိ ခိုက်ခဲ့ရင် မိုးကောင်းမယ်၊ ချောင်းစီးမယ် လို့လဲ နိမိတ်ဖတ်တယ် ဆိုလားဘဲ။ ဒီလို နိမိတ်ကြီးကတော့ မနိတ်ပါဘူးနော။ ကုန်းဘောင်ခေတ် ကျတော့ မဆင်နွှဲ ကြတော့ဘူးတဲ့လေ။ အန္တရာယ် မကင်းလို့ ဖြစ်မှာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အဘိဓာန်မှာတော့ ‘သစ်ဆင်း’ အလွန်ရှည်သော သစ်တိုင်လေးတိုင်ဖြင့် ဆောက်လုပ်ထားသော ‘တန်ဆောင်း စင်မြင့်’ ပေါ်မှ ရေပေါ်၌ ခံထားသော ပိုက်ကွန်တွင်းသို့ ခုန်ချသည့် ပွဲ ကျင်းပသည့်လ၊ တော်သလင်းလ လို့ ဖေါ်ပြထားကြောင်းပါခင်မျာ ။

မန်လယ်ဆရာတော်ဘုရားကြီးရဲ့ မဟာသုတကာရီ မဃဒေ၀ လကာင်္ကျမ်းရင်းသစ်မှာတော့ “ပန်းလု သစ်ဆင်း တော်သလင်းဟု ၊ မြစ်တွင်း သဲးရိပ် ၊ စဲးလိပ် လိပ်နှင့် ၊ ဖျောက်ဆိပ် မွန်းလွဲး ၊ နှမ်းကြီး ကြဲးလျှက် ၊ အမြဲးတူကွ ၊ နိယာမဖြင့် ၊ တွင်းဝ ညိုးညံ ၊ ပရစ်သံတို့ ၊ မောင်နှံ ဖို-မ ၊ မြည်စကြ၏” လို့ စပ်ဆိုရေးသား ထားခြင်းကို ကြည့်ခြင်းအားဖြင့် ၊ သစ်ဆင်းပွဲ ဆိုတာ ပန်းပုတဲ့ ပွဲ လို့ဆို လိုဟန်ရှိပါတယ် ၊ အမြင့်ကနေ ခုန်ချပြီး ရေထဲမှာ ရှိတဲ့ ပန်းကိုလုတာလို့ မှန်းဆကြည့်မှိပါ တယ် ၊ ဒီပိုစ့်ကို ဖက်တဲ့အဝေး ရောက် ပရစ်ကျော် ကြိုက်ရွှေမြန်မာ တွေအတွက်ကတော့ ဖြင့် ဒီလ ဟာ ပရစ်တွေ တွင်းဝမှာ ရော့ခ် ဂီတ သီကြွေးနေချိန်ဖြစ်သမို့ ၊ ပရစ်ကျော် အစာသွတ်ခလေး စားသုံးချင်မှ ဖြင့် တို့တိုင်းဋ္ဌာနီ အလည်တစ်ခေါက်ပြန် ပြီးစားသောက်ကြပါအုံးလို့ ၊ နက္ခတ္တဝေ ဒပညာ ရှင်များ အနေနဲ့ကတော့ ငါးပေါ၏ ၊ မပေါ၏ စပါးပေါ၏ မပေါ၏ ၊ မိုးနှောင်းကောင်း ၏ မကောင်းကို ၏ ကြည့်ရှုနာခံဘို့ သောရ ၊ သ၀န ၊ စန္ဒြ ၊ နက္ခတ္တ တို့ကိုတွက်ချက်ရန် ဖျောက်ဆိတ် ကြယ် ထွန်းလင်းတဲ့ အချိန်ခါကောင်း ဖြစ်သလို ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး များရဲ့ အထွဋ်မြတ်ထားရာ ဗုဒ္ဓဘာသာ ပွဲတော်တခုကတော့ တော်သလင်းလပြည့်နေ့မှာ ကျင်းပမဲ့ ဂရုဓမ္မ အခါတော်နေ့ ဖြစ်ပါကြောင်း သိမှတ်ထား သလောက် ရေးသားတင်းပြရင်း ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ….။

နှစ်ထပ်ကွမ်း မွေးနေ့ရှင်ကြီး ကိုကိုးအိမ်


မင်္ဂလာပါ ကိုကိုးရေ မွေးနေ့မှာ ဇေကိုယ်ရေး ကိုယ်တာပြဿနာတွေ ကြောင့်ဆုတောင်းမ ပေးနိုင် ခဲ့လို့ အရမ်းကိုစိတ်မကောင်း ဖြစ်ရပါတယ် ။
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်ပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ် ကိုကိုးရေ့ happy   birthday (  生日快 ) ( 생일 축하 ) ပါလို့ လူ အထင်ကြီးအောင် ဘာသာစကားလေးနဲနဲညှပ် ထည့်ဆုတောင်းလိုက်ပါတယ် ၊ ဘလော့မွေးနေ့ ကြရင် လာခဲ့အုံးမယ် ၊ အဖက်တွေကြီး သိပ်မကြွေးနဲ့လေ ကိုယ့်လူကလဲ အရေလေးလဲတိုက် အုံး ဇေတို့က အသက်ကြီးပြီ အဖက်သိပ်မ၀င် တော့ဘူး အရေဘဲအဓိက ထားနေရတယ် ။

နတ်ဆိုးလေး ဘလော့မွေးနေ့ လုပ်ပြီးကတည်းက ၀မ်းမီးပျက်သွားတာ ၊ အခုကိုကိုး မွေးနေ့ကျတော့ သိပ်မစားနိုင်ဘူး ၊ ဓာတ်ပုံတွေမို့လို့ ဟီးဟီး နောက်တာနော် စိတ်ဆိုးသွားလား ဇေတို့က ဓာတ်ပုံကို ဓာတ်ပုံလို့မမြင်ပါဘူး ဖိုတို လို့မြင်ပါတယ် ၊ ကိုကိုးဟင်းတွေက တအားကောင်းတယ် ၊ ကွန်ပျုတာနဲ့ ဖွင့်ကြည့်နေတုန်း ကြောင်နှစ်ကောင် ရောက်လာပြီး တညောင်အော်ပြီး ကိုကိုးဟင်းတွေကို စိုက်ကြည့်နေကြတယ် ၊ ညဘက် ကွန်ပျုတာဖွင့် အိပ်တော့လေ ကြွတ်တွေ ဆိုတာ ကွန်ပျူတာနားမှာ တစီစီနဲ့ အနံ့ကောင်းတယ်ဆို တဲ့သဘောနေ မှာပေါ့ ၊ ဒီလိုမွေးနေ့ မျိုးကို မန္တလေးသား ဘလော်ကာ နှစ်ယောက်မွေးနေ့ မှာဘဲ စားဘူးနေသးတယ် ၊ ဇေလဲ ဒီဇင်ဘာလ ကြရင်မွေးနေ့ လုပ်မယ် ကြွခဲ့အုံးနော် နှင်းလဲလုပ်ပေး ရအုံးမယ် ဒါပေမဲ့ သူ့ကံကြမ္မာက မွေးလမကျော်ဘူး ထင်တယ် ၊ စိတ်မကောင်းပါ ဘူးအခုလဲမအား ဘူးတဲ့ သနားပါတယ် ။

ဒါနဲ့ အတင်းပြောတာတော့ မဟုတ်ပါဘူး မရွှေနှင်း ခရီးထွက်အုံးမယ် ဆိုဘဲ ဗျ ဘလော့တနှစ် ပြည့်လာနိုင် မယ်မထင်ဘူး ၊ သူ့ခမျာလဲ အားတယ်ကိုမရှိဘူး စိတ်ကလဲ တရက်ကို ၂၄နာရီ နဲ့ မိနစ် ၂၀လောက် ညစ်နေရတော့ ၊ ဘာမှခိုင်းလို့မရဘူး ရယ် စာရေးဆိုတော့လဲ ဟုတ်တာမဟုတ်ဘူး တောင်လုပ်မြောက်လုပ်နဲ့ ၊ စိတ်တာညစ်တာ တဟီးဟီးနဲ့ ပါးစပ်ကို ယဉ်ကောင်တောင် မနားနိုင်ဘူး မယုံဖုန်းခေါ်ကြည့်ပါ ၊ ဟိုနေ့က သူ့ခုံရှေ့မှာ တင်ထားတဲ့ ပန်းအိုး ပြုတ်ကျလို့တဲ့ ဘယ်လိုပြုတ်ကျတယ် ထင်တုန်း ၊ ဘယ်လိုမှကျတာ မဟုတ်ဘူး သူ့ပါးစပ်က လေထွက်တာ များတော့ လေဖိအားနဲ ရပ်ဝန်းတခု ဖြစ်ပြီး ပန်းအိုးလှုတ်ပြီး ပြုတ်ကျတာ ဘလော့တွေ လျှောက်ဖက်ပါ လို့တောင်းပန်တာလဲ ကြာပြီ ပရော်ဆီ မရှိလို့တဲ့ ကိုကိုးစီက ဇေ တောင်းပေးတော့လဲ မဟုတ်ရပြန်ဘူး လူတွေခတ်တယ် ဗျ ။

မဃဒေ၀လကာင်္မှာ ရှိသမို့လား လူပျင်းတို့သွေး ၊ ကျင့်မူရေးကား ၊ အေးလည်းအေးဟူ ၊ ပူလည်းပူ၏ ဆိုတာလေ အဲဒါလိုနေမှာပေါ့ ၊ သူများအကြောင်း မပြောတတ်ပါဘူး ကိုကိုးရဲ့ လူစုံတုန်း ရှင်းပြတာပါ ၊ ကိုကိုးရေ ဘလော့မွေးနေ့ကတော့ ၊ အကုန်အကျ သိပ်မများစေနဲ့ ဗျာ ဆန်လေး ဆီလေးစုထား တိုင်းပြည်က သိပ်ငြိမ်သက်တာမဟုတ်ဘူး ၊ တိုင်းပြည်က ဆူချင်လာမှ ဖြင့် ၊ ပခုက္ကူက ဘုန်းကြီး ထုပြလိုက် ၊ ပခူးက လူကိုသက်ပြလိုက် နဲ့ဖြစ်တတ်တယ် ၊ ကိုကိုးတို့သိမလား တော့မသိဘူး အခုတော့ မရှိတော့ပါဘူး ၊ ဖျက်သိမ်းလိုက်ပြီလေ ဗဟိုနိုင်ငံရေး တက္ကသိုလ်ဆိုတာ မင်္ဂလာဒုံမှာပေါ့ အဲဒီကျောင်းတော်ကြီး ရှိတုန်းကဖြင့် ကျောင်းတော်ကြီးရဲ့ သင်ရိုး ညွန်းတမ်းထဲမှာ ၊ တိုင်းပြည်ကို သွေးခွဲအုပ်ချုပ်ပုံတို့ ၊ အဓိကရုဏ်း ဖြစ်အောင်ပြုလုပ်ပုံ အဓိကရုဏ်း ဖြစ်လာမှဖြင့် အဓိကရုဏ်းကို အဓိကရုဏ်းနဲ့ ပြန်ပြီး တန်ပြန်ပုံ ၊ အဲသလို တိုင်းပြည်အတွင်းက ဆန်ကုန်သယ် ဆီကုန်သယ်ကြီးများ ကြီးပွားချမ်းသာအောင် ပြုလုပ်ပုံ ပြုလုပ် နည်းနာ တွေသင်ပေးတာပေါ့ ၊ အခုအဲဒီကျောင်းတော်ကြီးလဲ ဖျက်သိမ်းလိုက်ပါပြီ ၊ ဒါပေမဲ့ စာတွေ ကတော့ ရှိနေဆဲပေါ့ ၊ အစိုးရက ကြီးမှူးကျင်းပ တဲ့ ရွှေးကောက်ပွဲ တို့ ဘာတို့ရှုံး တော့မယ်ဆိုရင် ဖြင့် ဒီနည်းလေးတွေ သုံးတတ်သပေါ့ဗျာ ။

ဒါကြောင့် ရွှေးကောက်ပွဲက လဲနီးနေပြီ ၊ လျို့ဝှက်မဲ့ပေးစနစ်အရ တောင်ကြီးမှာ ကောက်ယူတာက တော့ ကြံ့ဖွတ်ဟာ ဖွတ်တောင်မဖြစ်တော့ဘဲ ပဒတ်ဖြစ်သွားတယ်တဲ့ ၊ ဟိုဟိုဒီဒီ ပေါ့ဗျာ အဲဒါကြောင့် ဆန်ဆီ ဆားလေးတွေ ၀ယ်စုထား ၊ တိုင်းပြည်တခုခုဖြစ်ရင် အရင်ဆုံး ကော်တာတော့ ဆန်ကုန်သယ်နဲ့ ဆီကုန်သယ်ကြီးတွေဘဲ ၊ သူတို့ကလဲ ဆန်တွေကို ပြည်ပကမ၀ယ်တော့ဘူး ဆိုတော့ လက်ထဲရှိနေတော့ သူတို့နဲ့ ဟိုဟာတွေ နဲ့ပေါင်းပြီးတော့လဲ ရိုက်လို့ရတယ်လေ ၊ ဒါကြောင့် ကိုကိုးကို ပြောတာပေါ့ မွေးနေ့ပါတီတွေ သိပ်မလုပ်ပါနဲ့ဆိုတာ ကို အခုလဲ နက်ဖြန်ဘာ ကြွေးမှာတုန်း အရေအဓိက ထားဗျာ ၊ ငွေကုန်ကြေးကျမ များစေနဲ့ ဟုတ်တယ်မလား အင်းဒါဆိုရင် နက်ဖြန်လာခဲ့မယ် ၊ အခုတော့အိပ်တော့မယ် ၊ ဂွတ်ညနော်…။

Wednesday 8 September 2010

ကဲပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ

မရေးတာလဲ တော်တော်ကြာပါပြီ ဟိုလုပ်ဒီလုပ် နဲ့ကိစ္စလေးတွေရှုတ်လို့ ရေးမယ်လို့ စိတ်ကူးမှိတုန်း ဘလော့တကာ ဘလော့ လိုက်လည်ဖက်လိုက်တော့ ပဲခူးက နှစ်လောင်းပြိုင်လူ သတ်မှု ကိုရောက်သွားတော့တာဘဲ ဒီသတင်းက ဒီသီတင်းအပတ် အတွက်တော့ သိပ်ဟစ်ဖြစ်တာ ပေါ့ ၊ ဘာမဆိုင်ညာမဆိုင်နဲ့ ကိုယ်ကပါ မခံချင်ဖြစ်ပြီး ၀င်စိတ်ဆိုးလိုက်သေး တာကိုး ပြည်သူမို့ လား ခင်မျ ၊ ကိုယ့်လူထိ တော့ဘယ်ခံချင်ပါ့မတုန်း အကိုတစ်ယောက်လဲ တပ်ထဲရှိပါရဲ့ သူကတော့ ခလရ ၅၉က ဗိုလ်ဆိုတဲ့ လူလောက်တော့ မိုက်ဘူးထင်တာပါဘဲ ပညာလဲတတ်သမို့ လား ၊ အခုတော့ ကျော်မကောင်း ကြားမကောင်း လူသတ်မှုအပြင် မသာဣနြေ္ဒပျက် မှုပါ ပါလာ တော့ လက်ကလေးကလည်း သိသလောက်ခလေးနဲ့ ရေးချင်ပြန်ပါရော ဗျာ ။

အခုဟာက အရပ်သားအခြင်းခြင်း ဖြစ်တဲ့လူသတ်မှု မျိုးမဟုတ်ပေဘူး မို့လား ၊ အာဏာပိုင် အဖွဲ့ အစည်းနဲ့ ဖြစ်တာ အာဏာပိုင် အဖွဲ့အစည်း ဆိုတာတောင် ၊ သာမန်အရပ်သား အာဏာပိုင် မဟုတ်ပေဘူး ၊ ကြည်း ၊ရေ ၊ လေ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကနေ ဖြစ်တဲ့ကိစ္စရယ်ပါ ၊ အစိုးရပိုင် FM သီတင်းဋ္ဌာန နဲ့ ပိတောက်မြေ အသံလွှင့်ဋ္ဌာန ကတော့ အရပ်သား မောင်ရင်နှစ်ပွေ သေနပ်လုလို့ ၊ တပ်က ပြစ်သက်လိုက်တယ် လို့ ကျေညာသွားတာဘဲ ၊ အခင်းဖြစ်တာက ပဲခူးမြို့ ဇိုင်းကနိုင်း တောင်ပိုင်းမှာ ၊ လာပြစ်တာက မြောက်ပိုင်းဆိုတော့ လုတယ်မလုဘူး ၊ ဟုတ်တယ်မဟုတ် ဘူးကတော့ ဖက်တဲ့သူရဲ့ တာဝန်ပေါ့ ၊

ဖြစ်တဲ့နေရာက ကယ်လီဖိုးနီးယား အရက်ဆိုင်ဆိုဘဲ ၊ အရာရှိမင်းများက တပ်ထဲကထွက်လာပြီး ဇရပ်မင်းစည်းစိမ် လာယူတော်မူဟန်ရှိပါရဲ့ ၊ အခင်းဖြစ်တဲ့ အချိန်နဲ့ဆိုရင် တပ်မတော်အရာရှိ တဦးဟာ အရပ်ထဲက ဘုံဆိုင်မှာ ရှိကိုမရှိသင့်တဲ့ အချိန်ဘဲမဟုတ်လား ၊ ဆိုင်ကယ်အမြီးချင်း ချိပ်မှိ တာစိတ်ဆိုးလို့ ၊ ရန်ဖြစ်တယ်ဆိုရင် အရာရှိမင်းအနေနဲ့ ပြန်လှန်ထိုးကြိတ်ပေါ့ ၊ နောက်ဆုံးဗျာ မကျေနပ် သေးဘူးဆိုရင် ဆိုင်ရာ ရယက ကိုခေါ်အပ်ပြီး ထုခိုင်းလိုက် အမိန့်လေးသုံးပြီး ၊ အခုတော့ တပ်ခွဲတခွဲလောက် ရှိတဲ့အင်အားကို လွတ်ပြီး ကျည်ကပ်လိုက် ကုန်အောင် ပြစ်သတ်တယ် ဆိုတော့ နဲနဲတော့ တွေးကြည့်ကြအုံးလေ ။

အခုခေတ် တပ်မတော်ကြီးကလဲ အရာရှိတွေတောင် ဥပဒေကို မသိတော့ပေဘူး လက်အောက်က ဟာတွေဆိုတာတော့ ထမင်းရှာမစားတတ်လို့ တပ်ထဲဝင်နေကြတာဘဲ ရှိတယ် ၊ အောက်ကတပ် သားတွေခင်မျာလဲ ၊ ပြစ်ဆိုပြစ်တာဘဲ ဘာမှန်းညာမှန်းကိုမသိဘူး လူနေရပ်ကွတ် ထဲမှာသေနပ် စစ်ဆင်ရေး တရပ်လို သေနပ်ဝင်ဖောက်တာ ကတော့ မင်းမဲ့ယုံတင်မဟုတ် ရှိကိုမရှိတဲ့ သဘောဘဲ လေ ၊ တပ်တွင်းမှာလဲ တပ်တွင်းဥပဒေဆို တာတော့ရှိမှာပါ ၊ ပုဂ္ဂလိက အခန်းကဏ္ဍကို ရာထူးအာဏာ ပါဝါကိုအသုံးချပြီး တပ်တွင်းဥပဒေကို ချိုးဖောက်တာမှန်း သိပါလျှက်နဲ့ လက်အောက် အမှုထမ်းကို အပြစ်ကျုးလွန်စေတာဟာ ရာဇ၀တ်မှုမြောက်ပါတယ် ၊ သေတာမသေ တာအပထားပေါ့ ဗျာ..။

ပြစ်မှုဆိုင်ရာ ဥပဒေ ကျင့်ထုံး ရာဇသတ်ကြီး အပိုင်း(၆-ခ)ကြည်း ၊ရေ ၊လေ တပ်နှင့်ဆိုင်သော ပြစ်မှုများမှာ ပုဒ်မ ၁၃၈ ၊ စီးကမ်း ဖီဆန်မှုကိုပြု ရန် တပ်သားကို အားပေးကူညီခြင်း ၊Abement of act of insubordindtion by soldier, soilor or airman. (section-138) အဓိပ္ပါယ်ဖွင့် ဆိုချက်ကတော့ ၊ ပြည်ထောင်စုနိုင်ငံတော်၏ ကြည်း ၊ရေ ၊ လေ တခုတခုတွင် အမှုထမ်းနေသော တပ်သား သို့မဟုတ်အရာရှိ၏ ပြုလုပ်မှုသည် ၊ စည်းကမ်း ဖီဆန်ရာရောက် ကြောင်းသိလျှက် ထိုပြုလုပ်မှုကို အားပေးကူညီသည်တွင် ၊ ထိုအားပေး ကူညီခြင်းကြောင့် စီးကမ်းဖီဆန် မှုကို ကျုးလွန်လျှင် ထိုအားပေးကူညီ သူကို ခြောက်လထိ ထောင်ဒဏ် အမျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ကိုဖြစ် စေ ၊ နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည် ။ လို့ပါရှိပါတယ် ထိုကျုးလွန်မှုဟာ လူသက်မှုမြောက်တဲ့ အထိ ဖြစ်ပေါ်လာခဲ့ရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေ (၃၀၂) နဲ့ တွဲဖက်ရမှာဖြစ်ပါတယ် ၊ ဒါကအာဏာ တပ်တွင်းအာဏာကို ဖီဆန်ပြီး လက်အောက်ငယ်သားကို အားပေးအားမြောက် ပြုတာဘဲရှိသေး တာပါ ။

အကျုံးဝင်တဲ့ အင်္ဂါရပ်တွေရှိပါသေးတယ် ၊ အဲဒါတွေကတော့ ကြည်း ရေ လေ တပ်တခုခု၏ တပ်သား သို့မဟုတ် အရာရှိ၏ ပြုလုပ်မှုသည် ၊ စီးကမ်းဖီဆန်မှု ပြုရာရောက်ခြင်း ။ စည်းကမ်းဖီဆန် မှုပြုရာရောက်ကြောင်း သိလျှက် တရားခံအား အားပေးအားမြောက်ပြုခြင်း (ဥပမာ အမိန့်ပေးစေခိုင်းခြင်း) အားပေးကူညီ သည့်အတိုင်း စီးကမ်းဖီဆန် မှုကိုကျုးလွန်ခြင်း စတဲ့ အချက်သုံးချက်လုံးနဲ့ ညီညွတ်မှ သာ ဒီဥပဒေနဲ့ ငြိစွန်းပါတယ် စွန်းတယ်မစွန်းဘူးကတော့ စာဖက်သူ တာဝန်ပေါ့ဗျာ ။

နောက်ပြီး ရှိသေးတယ်ဗျ ပြည်သူ့ဝန်ထမ်းနှင့် ဆိုင်သော ပြစ်မှုဥပဒေ ဆိုတာ ပုဒ်မ ၁၆၆ မှာ ပည်သူ့ဝန်ထမ်းက တဦးတယောက်သော သူကို နစ်နာစေရန် ကြံရွယ်၍ ဥပဒေကို ဖီဆန်ခြင်း ၊ Public servent disobeying law with intent cause injury t0 any person. (section-166) အဓိပ္ပါယ်ဖွင့် ဆိုချက်မှာကတော့ ပြည်သူ့ဝန်ထမ်းတဦးသည် ပြည့်သူ့ဝန်ထမ်းအဖြစ် ဖြင့်လိုက်နာရ မည့် ဥပဒေ ညွန်ကြားချက်ကို ဖီဆန်ခြင်းဖြင့် ၊ တစ်ဦးတစ်ယောက် သောသူအား နစ်နာစေရန် အကြံနှင့် သော်လည်း ၊ နစ်နာစေတန်သည်ကို သိလျှက်နဲ့သော် လည်းကောင်း ထိုဥပဒေ ညွန်ကြား ချက်ကို သိလျှက်ဖီဆန်လျှင် ထိုသူကို အလုပ်မဲ့ ထောင်ဒဏ်တစ်နှစ် ကိုဖြစ်စေ ၊ ငွေဒဏ် ကိုဖြစ်စေ ၊ ဒဏ်နှစ်ရပ် လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ကျင်းထုံးတွင် ဆိုပါ၏ ။

ဒါကဥပဒေစာအုပ် ထဲကဟာတွေ ဖက်ပြီးပြောတာ အပြင်မှာ ဥပဒေအထက် ဘယ်သူတွေရှိမှန်း မသိဘူး တချို့ကတော့ ခြင်္သေ့တွေ တဲ့ တချို့ကတော့လဲ အစိမ်းကောင်တွေတဲ့ ရွှေပြည်ကြီးမလဲ ဘုရားကားအောက် မျောက်ကား အထက်ဖြစ်နေတာ တွေက မဆန်းတော့ဘူးမလား ဗျ ၊ နိုင်ငံဝန် ထမ်းဟာ နိုင်ငံသားအတွေ အပေါ် တရားလက်လွတ် နိုင်ထက်ကလူ ပြုတာတော့ နိုင်ငံသား တိုင်း ခံချင်ကြမယ် မဟုတ်ပါဘူး ပြည်သူ့ဝန်ထမ်းနဲ့ ပြည်သူဆိုတာေ၇နဲ့ကြာ ကမ်းနဖူးနဲ့ ဒီရေ အမြဲတွဲစပ် နေရတာမို့ ညီညီညွတ်ညွတ် ပြေပြေလည်လည် ဆိုရင်တော့ သိပ်ကောင်းတာပေါ့ အခု ဟာက သေတဲ့လူလဲ သေသွားပါပြီ ၊ တရားခံ မဖြစ်သေးတဲ့ လူတွေလဲ မဖြစ်သေးပါဘူး ၊ အဲတော့ ဗျာ စာဖက်သူတို့လဲ စဉ်းစားပေါ့ ဇေလဲစဉ်းစားလိုက်အုံးမယ် ၊ တရားဆိုတာ နတ်စောင့်ပါတယ် အမှန်တရား အတွက် အချိန်တခုလိုပါတယ် ၊ ပြည်သူတွေ အတွက် မျှတမဲ့ အချိန်တခုတော့ မုချ ရှိလာမှာပါ အဲဒီအခါ ကြမှပေါင်း ပြီးစီရင်တာပေါ့ဗျာ ဥပဒေနဲ့ တွေအကြောင်း ပြောလာခဲ့တာမို့ ဥပဒေ စကားလေးတခုနဲ့ နိဂုံးချုပ်ပါ့မယ် တွေးခေါ်ပညာရှင် ကြီးဆော့ခရတ္တိရဲ့ စကားတခွန်းရှိပါ တယ် “လက်နက်မဲ့နဲ့ လက်နတ်ရှိသူ ရန်ဖြစ်ရင် လက်နက် ရှိသူဟာ အမြဲတမ်းရှုံးပါသတဲ့” ၊ အခုကိစ္စဟာ လက်နက်မဲ့တွေ သေကျေခဲ့တယ်ဆိုပေမဲ့ ၊ မျက်နှာဖုံး တချို့ကို ခွာချနိုင်ခဲ့ပြီ မဟုတ်ပါလား ၊ အဲလို မျက်နှာဖုံးတွေ ခွာချနိုင်ခြင်းက ပင်လျှင် နက်နှက်မဲ့တို့ရဲ့ အောင်ပွဲ တရပ် ပေမို့ လက်နက်မဲ့ များမရှုံး ပါဘူးလို့ ပြောရင်း ဟုတ်ကဲ့ ကျွန်တော် ဇေတာရာပါ..။

Saturday 4 September 2010

ထိုသုံးယောက်


အခုပြောမဲ့ အဖြစ်အပျက်လေးဟာ ကမ္ဘာကျော် အီတလီနိုင်ငံဖွား ပန်းချီ ၊ ပန်းပု ၊ ဗိသုကာ ပညာရှင်ကြီး ၊ Michelangelo မိုက်ကယ်အိန်ဂျလိုရဲ့ ငယ်သူငယ်ချင်းနှစ်ဦးတို့ရဲ့ တကယ်ဖြစ်ပျက် ခဲ့တဲ့အဖြစ်ပျက်လေးပါ၊ ဆရာကြီးရဲ့ သူငယ်ချင်းတွေကတော့ ဂရာနာချီနဲ့ ၊ တိုရီယိုဂီနီ  ..။

 ဂရာ နာချီဟာ သူကိုယ်တိုင် မိုက်ကယ်ရဲ့ ပညာကို ခြေဖျားတောင် မမှီဘူး ဆိုတာ သိတယ်။ အဲဒီ အချက်ကို စိတ်သာယာ နှလုံးနှင့် ထားနိုင်တယ်။ မနာလို မဖြစ်ဘူး။ သူကိုယ်တိုင် မိုက်ကယ်ကို ဆရာသမားကောင်းဆီ ပို့ပေးတယ်။ အားပေး ချီးမြှောက်မယ့် လူတွေနဲ့ တွေ့ပေးတယ်။ အစွမ်းကုန် ကူညီတယ်။ မိုက်ကယ် ကျော်စော ကိတ္တိ ဖြစ် ကြီးပွားတာကို ၀မ်းမြောက် တယ်။
ဂရာနာချီ ကိုယ်တိုင်တော့ အနုပညာသည် အနေနဲ့ သိပ် အဆင့်အတန်းမမြင့်ပါဘူး။ မင်းပွဲ စိုးပွဲ အခမ်းအနားတွေ၊ ဘုရားပွဲ တွေမှာ သုံးတဲ့ မုခ်ဦးတို့၊ မဏ္ဍာပ်ဆောက်ပေး၊ ဆေးရောင် ခြယ်ပေး၊ ဒီလို အလုပ်တွေနဲ့ပဲ အချိန်ကုန် တာပဲ။


ဒီလို အဖြစ်မျိုးကို ဂရာနာချီ ကျေနပ် ပျော်ရွှင်တယ်။ မိုက်ကယ် အိန်ဂျလိုတို့ ဗင်ချီတို့လို ပန်းချီကားကြီးတွေ မဆွဲရ လေခြင်းလို့ စိတ်ဆင်းရဲခြင်း မဖြစ်ပါဘူး။ မိုက်ကယ်က သူ့သူငယ်ချင်းကို ခဏခဏ အပြစ်တင်တယ်။ ဒီလို “ပွဲပြီး အမှိုက် ဖြစ်တဲ့” ဟာတွေနဲ့ အချိန်ကုန် ရမလား ပေါ့လေ။


ဒီတော့ ဂရာနာချီက ပြန်ပြောတယ်။ “တကယ်တော့ သူငယ်ချင်းရာ အနုပညာ ဆိုတာ ယုတ်စွအဆုံး လူတွေကို နှစ်သက် ရွင်လန်းအောင် လုပ်နိုင်ရင် ပြီးတာပါပဲကွာ။ ပွဲပြီး အမှိုက်ဖြစ်တော့ ဘာဖြစ်သေးလဲ။ ငါလဲ ဒါလောက် လုပ်တတ်လို့ ဒါပဲ လုပ်ရ တာပါ။ မင်းလိုတော့ ခေတ်အဆက်ဆက် တည်ရစ်မယ့် ပန်းချီကားကြီးတွေ၊ ပန်းပု ရုပ်ကြီးတွေ မဖန်တီး နိုင်ဘူး။ အဲဒါ ဘာတတ် နိုင်မှာလဲ၊ ငါလုပ်တတ်တာ လုပ်ပြီး ငါတော့ ပျော်နေတာပဲ။ ငါ့ကို အကြောင်းပြုပြီး လူတွေ ပျော်တယ်။ ဒါကို ငါကျေနပ်တယ်။ 


မိုက်ကယ်က တော့ဖြင့် ဂရာနာချီရဲ့ အဖြေကို မကျေနပ်ဘူး။ သူ့ရဲ့ သူငယ်ချင်းဟာ ဒါထက်မက တတ်နိုင်တယ်လို့ ယုံကြည် တယ်။ ဘယ်လိုပြောပြော ဂရာနာချီကတော့ဖြင့် လေကလေး တချွန်ချွန်နဲ့ သူ့ရဲ့ မုခ်ဦးတွေ၊ ဘုရားပွဲ မဏ္ဍပ်တွေ ပွဲပြီး မီးသေ ပစ္စည်းတွေ လုပ်ပြီး ပျော်နေ တာပါပဲ။


ကျန်တယေက် တိုရီယိုဂီနီက ရှိသေးတယ်။ သူကလည်း ဂရာနာချီလို မိုက်ကယ့် ခြေဖျား မမီနိုင်တဲ့ အတန်းအစားမှာ ပါတယ်။ သူက မိုက်ကယ်လို ဖြစ်ချင်တယ်။ မဖြစ်နိုင်ဘူး။ ပါရမီချင်း မတူဘူး ဆိုတာလည်း သိတယ်။ အဲဒီလို သိလာလေလေ၊ မိုက်ကယ်ကို မနာလိုလေပဲ။ “ငါသူ့လို မဖြစ်ရလေခြင်း” ဆိုပြီး တနုံ့နုံ့ ခံပြင်းစိတ်တွေ ဖြစ်နေတယ်။


ဒီတော့ ပညာချင်း မပြိုင်နိုင်တော့ မိုက်ကယ်ကို ရန်စတယ်။ မထေမဲ့မြင် လုပ်တယ်။ ကွယ်ရာမှာ သိက္ခာ ချတယ်။ တခါတော့ မိုက်ကယ်ကို လက်သီးနဲ့ ထိုးတာ ခမျာမှာ နှာခေါင်း ကျိုးသွားတယ်။
ဂရာနာချီက ဒါတွေ မြင်တော့ ပြောတယ်။ “မိုက်ကယ်ရေ၊ လောကကြီးမှာ လူအမျိုးမျိုး ရှိကြတယ်။ တချို့က မင်းတို့လို အနုပညာ ပြောင်ပြောင်မြောက်မြောက် ဖန်တီး တတ်ကြတယ်။ တချို့က တော့လဲ အဲသလို အနုပညာ ပြောင်မြောက်အောင် မဖန်တီး နိုင်တော့ ဖန်တီး တတ်တဲ့ လူတွေကို မနာလို ဖြစ်ပြီး ဖျက်လို ဖျက်ဆီး လုပ်ကြတာပဲ”


အဲဒီ အဖြစ်အပျက် ကလေးဟာ အတော်ပဲ မှတ်သား စရာ ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ကို မနာလိုဘူးခဲ့ပါတယ် ၊ တခါတရံမှာ မုဒိတာမပွားနိုင် ဘဲကြည့်ရှုနေ ရတာဟာ တော်တော်လေးကို ပူလောင်ပါတယ် ၊ အခုတော့ မနာလိုခဲ့ဘူး တဲ့သူငယ် ချင်းလဲ ဇေ့ထက်မြင့်တဲ့ အနေထားတခုမှာ ရောက်နေပါပြီ ဇေမနာလိုခဲ့ပေမဲ့ အဲဒီသူငယ်ချင်း ဟာဘာမှမဖြစ်ခဲ့ပါဘူး ၊ ဇေသာပူလောင်ခဲ့ရပါတယ် ဒေါသတွေဖြစ်ခဲ့ရပါတယ် ၊ ဆရာမကြီးဒေါ်ခင် မျိုးချစ်ရေးခဲ့တဲ့ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” စာအုပ်ထဲက “ပညာ”ဆိုတဲ့ ဆောင်းပါးလေး ဖက်မှိလိုက်တဲ့ အချိန်မှာတော့ ဇေတော်တော်လေး ရှက်သွားမှိပါတယ် ၊ သူငယ် ချင်းဟာ ဇေမနာလိုတာ ကိုမသိဘဲ အမြဲတမ်း ဖော်ရွေတဲ့သူပါ ၊ အဲဒီသူငယ်ချင်းကို ဒီပိုစ့်လေးနဲ့ တောင်းပန်လိုက်ပါတယ် ၊ ကြာတော့ကြာခဲ့ပါပြီ ဒါပေမဲ့ တွေးလိုက်တိုင်းရှက် မှိပါသေးတယ် ၊ ဘယ်လိုပင်ဖြစ်ဖြစ် လူတိုင်းဟာ တတ်နိုင်တဲ့ အလုပ်တခုတော့ ရှိကြစမြဲပါ အဲလိုကိုယ်တတ်တဲ့ အတက်ပညာ အသိပညာလေး အနဲငယ်နဲ့ ကိုယ်စွမ်းနိုင် သလောက် ၊ လုပ်နိုင်ကြမယ်ဆိုရင် မိုက် ကယ်အိန်ဂျလို ကမ္ဘာကျော်ချင်မှ ကျော်ပါလိမ့်မယ် ၊ ဒါပေမဲ့ ဂရာနာချီ လို အမြဲတမ်း ပြုံးပျော် နေမှိပါလိမ့်မယ်လို့ ထင်မြင် ယူဆမှိပါတယ် ၊ တိုရီယိုဂီနီ လို တတ်စွမ်းသမျှကို လုပ်ကိုင်နေတဲ့ လူတွေကို မနာလိုမရှုစိမ့်ဖြစ်နေပြီး ၊ ဘေးထိုင်းဘုတော အာဝါဒ လုပ်နေမယ်ဆိုရင် အနာဂတ်မိမိရဲ့ ပတ်ဝန်ကျင်နဲ့ ဘ၀ မလှ မပ ဖြစ်မှာ ဧကန်ပါ ဒါကြောင့်မို့လို့ ဇေအပါဝင် ဘလော့စာရှုသူ အားလုံး အကောင်းမြင်ပြီး မုဒိတာပွားခါ တတ်စွမ်းသည့်ဘက် မှ အကျိုးပြုနိုင်ပါစေကြောင်း ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…..။
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...