ပျော်ရွှင်ဖွယ် ခရစ္စမတ် ကာလပြီးမြောက်သွားတဲ့ အခါ ကျွန်မတို့ ၂၀၁၀ ကိုနှုတ်ဆက်ရအုံးမယ်…။ ၂၀၁၀ က ကျွန်မတို့ကို ဘာတွေပေးခဲ့လဲ..။ ၂၀၁၀ မှကျွန်မတို့ ဘာတွေတိုးတက်ခဲ့သလဲ ဘာတွေ ဆုတ်ယုတ်ခဲ့သလဲဆိုတာ ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်သင့်နေပါပြီ…။ ကျွန်မ အတွက်ကတော့ ၂၀၁၀ ကို ရင်မောစိတ်ရှုတ်ဖွယ် ဖြတ်သန်းခဲ့ရတယ်… ။ များသောအားဖြင့် စိတ်မကောင်းစရာ ၊ ၀မ်းနည်းစရာတွေကိုပဲ ကြုံ့တွေ့ခဲ့ရတယ်…။ ၂၀၁၀ ကာလတစ်ခုလုံးမှာ ကျောင်းတက်တာရယ် ၊ အချိန်ပိုင်းအလုပ်တစ်ခုရယ် နဲ့ အိမ်အလုပ်တွေလုပ်ရင်း သာမာန်ဘ၀ တစ်ခုကိုပဲ စိတ်မောစွာဖြတ်သန်းခဲ့ရတယ်…။ ကျောင်းမပြီးသေးတဲ့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်နေပင်မဲ့ တချို့သော သူငယ်ချင်းတွေထက်စာရင် ကိုယ့်ဘ၀က ငြိမ်းအေးနေခဲ့လို့ အဖေ နဲ့ အမေ ကိုလဲကျေးဇူးတင်တယ် ။
တချို့သော သူငယ်ချင်းတွေလို လူကြီးဆန်ဆန် အသက်ရှင်မနေထိုင်ခဲ့လို့ ကလေးတစ်ယောက်လို သတ်မှတ်ချင်ပင်မဲ့ ကိုယ့်အရွယ်က ကလေးမဟုတ်တော့တာ ဒီဇင်ဘာ ၁၂ မှာ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့သွားပြန်တယ်… ။
လူကြီးဆန်ရတာလဲ မော…..
ကလေးဆန်ရတာလဲ မော…..
လိမ်ပြောရတာလဲ မော……
ရိုးသားရတာလဲ မော……
အသက်ရှင်နေထိုင်ရတာ မော ပင်မဲ့… မောမော နဲ့ပဲ ရုန်းကန်လှုပ်ရှားနေရတာကိုက ဘ၀ တဲ့… ။ ဟုတ်လားတော့ မသိဘူး… [^_^] ။ ဒီလိုပဲ တစ်ခါတစ်လေ စကားကြီး စကားကျယ်တွေလေးတွေ ပြောမှ ကိုယ့်စကားနဲ့ ကိုယ် ပြန်အားရှိတာလေ…။ ဥပမာ ကိုယ်မှန်ရင် ခေါင်းမရွှေ့တာတို့ …စသဖြင့်ပေါ့ ^__^ ။
ကဲပြောရင်း လိုရင်းမရောက်တော့ဘူး…။
တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာခဲ့တာ… ပတ်ဝန်းကျင်သာ ပြောင်းလဲသွားတယ် ကိုယ်တိုင် ကတော့ ဘာမှ မပြောင်းလဲသလိုခံစားမိတယ်…။ ကျွန်မအတွက်တော့ အရင့် အရင်နှစ်တွေကလို ကျောင်းတက်နေတုန်း အိမ်က မုန့်ဖိုးတောင်းနေတုန်း အိမ်မှာ ကလေးလုပ်နေတုန်း ၊ အဲ အချိန်ပိုင်း အလုပ်လေးတစ်ခုသာ လုပ်နေရတာ ပိုသွားတယ် ။
အဖေနဲ့ အမေ ကျန်းမာစွာ နဲ့ ကျွန်မတို့ မိသားစုလေးအေးချမ်းစွာနေထိုင်သွားချင်တယ်လို့ ၂၀၁၀ ကိုနှုတ်ဆက်ပြီး ၂၀၁၁ ကိုကြိုဆိုရင်း ဆုတစ်ခုတောင်းချင်တယ်…။
ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့လေးတွေ ဖြစ်ပါစေရှင်….။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။