နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday, 2 October 2010

ထိုတစ်နေ့


ဒီနေ့ state ကျောင်းတုန်းက သူငယ်ချင်းတွေ ဂဲသားရင်း လုပ်ကြတယ်..။ အများကြီးတော့ မဟုတ်ပါဘူး..။ အဆက်အသွယ်မပြတ်ကြတဲ့ သူငယ်ချင်း ၆ ယောက် ၇ ယောက်လောက်ပါ…။ အားလုံးလိုလိုက တစ်နေရာရာမှာ တစ်ခုခုအတွက် ကြိုးစားနေကြတယ်..။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေကော ကျောင်းမပြီးသေးတဲ့သူတွေကော.. အစုံပါပဲ..။ နှစ်တိုင်း တွေ့နေကြဒီလိုမျိုးအချိန်မှာ လူစုံလေ့ စုံထရှိကြပါတယ်…။ မလာတဲ့သူကတော့ အဟဲ… သူ့အတင်းဝိုင်းတုတ်မယ်.. မဟုတ်က ဟုတ်က သတင်းကို ဖွမယ်ဆိုတော့ အားလုံးက မလာဖြစ်လာကြတယ်..။ မလာဖြစ်ဘူးဆိုရင်တောင် ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတာကို ဆင်ခြေလှလှလေးတွေပေးပြီး အားလုံးအတွက် စားသောက်စရာတစ်ခုခုကို စပွန်ဆာပေးရပါတယ်…။ နိုင်ငံခြားရောက်နေတဲ့ သူတွေကတော့ တမျိုးပေါ့…။ သီတင်းကျွတ်တော့မယ်တဲ့ … ခေါင်းစဉ်ကို စပြောလိုက်တော့ ဘာဖြစ်လဲပေါ့…။ ကလေးတွေ ဗျောက်အိုးတွေ ၊ ရှုးဒိုင်းတွေဖောက်ရင် ကိုးတန်းတုန်းက ကျူရှင်တက်တုန်းက ဖြစ်ရပ်ကို အားလုံးသတိရသွားတယ်..။

အဲနေ့က ကျူရှင်က စောစောပြန်လွှတ်လိုက်တယ်..။ ကျွန်မတို့ အားလုံးအတွက်တော့ မဟာအခွင့်အရေးပဲဆိုပြီး ရထားလမ်းဘက်လာခဲ့ကြတယ်…။ ကျူရှင် နဲ့ အိမ်ဘက်ကြားမှာ မြို့ပတ်ရထားဘူတာတစ်ခုရှိတယ်…။ သံလမ်းပေါ်က ဇလီဖားတုံးတွေကိုရေပြီးလျှောက်ကြတာလေ.. ကျွန်မတို့ ရေတွက်နေကြ ဇလီဖားတုံး ၄၅၂ တုံးရှိတယ်…။ ရထားလမ်းဘေးဘက်တွေမှာ ကျူးကျော်တွေလား ၊ မကျူးကျော်တွေလားတော့ မသိဘူး မြေစိုက် ဓနိအိမ်သေးသေးလေးတွေရှိတယ်.။ ရထားလမ်းသံလမ်းနဲ့ ဇလီဖားတုံးတွေက ကျွန်မတို့ အားလုံးအတွက် ကစားကွင်းတစ်ခုပါပဲ…။ စွန်လွှတ်တဲ့ သူတွေလွှတ်နေကြသလို ဂေါ်လီရိုက်တဲ့ သူတွေကလဲ ရှိပါသေးတယ်။။။

သီတင်းကျွတ်ခါနီးဆိုတော့ ဗျောက်အိုးတွေ ၊ ရှုးဒိုင်းဆိုတာတွေဖောက်နေချိန်ပေါ့…။ ခုတော့ အဲလိုမကစားရတော့ဘူးလေ..။ ညတိုင်း ရပ်ကွက်ရုံးက လူတွေ လိုက်လိုက်အော်နေတယ်… ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီးလေ..။ ကျွန်မတို့ သူငယ်ချင်းတွေ ရှုးဒိုင်းဆိုတာကြီးကို ၀ယ်လာပြီး ရထားလမ်းပေါ်ဖောက်ကြမယ်ပေါ့..။ ရှုးဒိုင်းဆိုတာက ၈ လက်မအရွယ် အချောင်းလေးထိပ်မှာ ယမ်းတောင်တပ်ထားတာပါ..။ အဲ့ရှုးဒိုင်းကို မြေကြီးပေါ်မှာအရင်စိုက် ပြီးရင် ယမ်းတောင့်အောက်ဘက်ကကြိုးလေးကို မီးတို့လိုက်ပြီး ၃ စက္ကန့်လောက်ကြာရင် ကျွီးးးး ဆိုပြီးအပေါ်ကိုအော်တက်သွားပြီး ၁၅ ပေလောက်ရောက်ရင် ဒိုင်း ဆိုပြီး အသံမြည်သွားတာပါ..။ အားလုံးသိမှာပါ..အဲဒီပစ္စည်းကို အခေါ်အဝေါ်ကွဲနေမှာစိုးလို့ ရုပ်လုံးဖေါ်ပြနေတာပါ..။ အားလုံး တစ်ယောက်တစ်လှည့် ဖောက်ကြတယ်…။

ဇေယျာထွန်းနဲ့ ခိုင်ဇာက ငါတို့ဖောက်ကြမယ်… ဒီအတိုင်းတော့ မဆော့ဘူး မြေကြီးမှ မစိုက်ဘူး လက်ကကိုင်ပြီးလွှတ်မယ်တဲ..။

အားလုံးကတော့ အလဲ့…ဆရာကြီးတွေပေါ့… လုပ်ကြည့်လေဆိုပြီး ၀ိုင်းမြှောက်ကြတယ်..။

ပထမ ဆုံး ဇေယျာထွန်းက အရင်ဆုံးဖောက်တယ်..။

 ကျွီးးးးးးးး ဒိုင်းးးးးး ဆိုပြီး မိုးပေါ်ကို ၄၅ ဒီဂရီလောက် စောင်းပြီးတက်သွားတယ်..။

ခိုင်ဇာအလှည့်ကျတော့ ၆၀ လောက်စောင်းပြီးတက်သွားတယ်…။ အားလုံးရှေ့မှာ သူတို့မျက်နှာတွေက မော်ကြွားလို့ပေါ့..။ သူတို့လို သတ္တိမရှိဘူးဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့..။ ဟုတ်လဲ ဟုတ်ပါတယ် ..။ ကျွန်မတို့အားလုံး ဘယ်သူမှ အဲလိုကိုင်ပြီးမလွှတ်ရဲပါဘူးးး..။ ကစားရင်းနဲ့ တဖြေးဖြေးမှောင်လာတော့ နောက်ဆုံး တစ်တိုင်ပဲကျန်တာကို ဘယ်သူလွှတ်မလဲဆိုတာ ငြင်းနေရင်..

ဇေယျာထွန်း နဲ့ ခိုင်ဇာက ငါတို့ ၂ ယောက်လွှတ်မယ်တဲ့..။

ဘရာဗို ပေါ့..။ သူတို ၂ ယောက်က ရှုးဒိုင်းကို လက်က ကိုင်ပြီး ဇေယျာထွန်းက မီးညှိပါတယ်..။

အဲဒီမှာပါ… ၂ ယောက်သားကိုင်ထားတာ ဘယ်သူလွှတ်နိုးနိုး စောင့်နေရာကနေ ရှုးဒိုင်းက ယမ်းရှိတဲ့နေရာကိုရောက်ခါနီးမှာ

အားလုံးက ဟဲ့..လွှတ်လိုက်တော့လေ…ဘာလုပ်နေတာလဲ ဆိုပြီး အော်တော့မှ သူတို့ ၂ ယောက် ကမန်းကတမ်းလွှတ်လိုက်တာ…

ဒီဂရီ ၃၀ လောက်ပဲစောင်းပြီး ရထားလမ်းဘေးက မြေစိုက်ဓနိမိုးတဲလေးရဲ့ ခေါင်းမိုးပေါ်ကြသွားပါတယ်…။ မီးခိုးတွေ အူထွက်လာတာကို အားလုံးကြောင်ပြီးကြည့်နေကြပါတယ်…။ အဲဒီမှာ တဲထဲက မိန်းမ တစ်ယောက်ထွက်လာပြီး…….

ဘယ်အုတ်ကြားမြက်ပေါက် ကလေက၀ တွေ လက်ကမြင်းတာလဲဟဲ့.. လူလိုနားမလည်ဘူးလား @#$%#$%^^@@%^&   ဆိုပြီးကလော်တုတ်သံကြားမှာ အားလုံးသတိပြန်ဝင်လာပြီး နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ထွက်ပြေးကြတာ နောက်တောင်လှည့်မကြည့်တော့ပါဘူးးး။။

ရပ်ကွက်နား ပြန်ရောက်မှ အားလုံးလူပြန်စုကြတယ်… ခုဏက မော်ကြွားနေတဲ့ ၂ ယောက် မျက်နှာလေးတွေကတော့ ဇီးရွက်သာသာလောက်ပဲရှိပါတော့တယ်..။ လူအားလုံးစုံသွားရော တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်တာ ဘေးနားက ဖြတ်သွားတဲ့ လူတွေတောင် ဘယ်လိုကလေးတွေလဲ ဆိုပြီးကြည့်သွားကြပါတယ်..။ ကျွန်မတို့ကတော့ ကိုယ့်အကြောင်းကိုယ်သိတဲ့သူတွေဆိုတော့……….။

နောက်နေ့လဲကြရော.. ရထားလမ်းကနေဘယ်သူမှ မပြန်ရဲတော့ပါဘူးးး။။ အဲ တဲကလေးရဲအခြေအနေ ဘာဖြစ်သွားလဲဆိုတာကို အောင်ကျော်ကျော် ကိုသွား စုံစမ်းခိုင်းလိုက်တာ ဘာမှမဖြစ်ဘူးတဲ့ နဲနဲပဲ ဓနိ ပေါက်သွားတာတဲ့ တော်သေးတာပေါ့နော်….။

ခုတော့ အဲဒီအချိန်က ရယ်ခဲ့သလို မရယ်ဖြစ်တာ ၆ နှစ်တောင်ကြာသွားပြီး..။ တာဝန်ကိုယ်စီ နဲ့ နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ လူအသစ်တွေနဲ့ ခင်မင်ရင်း စနစ်တကျအသက်ရှင်နေရပြီလေ…။ တွှေ့နေကြလူတွေတောင် တစ်နှစ်နဲ့တစ်နှစ်လျှော့လျှော့သွားတယ်.. ဒါကိုလဲဘယ်သူမှ စောဒဂမတက်ကြပါဘူး။။။ ဒါပင်မဲ့ ကျွန်မတို့သူငယ်ချင်းတွေအားလုံး ပျော်ရွှင်စရာ အတိတ်တွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတဲ့ ငယ်ဘ၀ကိုလွမ်းမောပြီး ရှေ့ဆက် ဘ၀ တစ်ခုကို ဖြတ်သန်းနေရင်းးးးးးးးးး

ပျော်ရွင်ဖွယ်ညနေခင်းလေးတွေကို ပိုင်ဆိုင်ခဲ့ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်…..
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ….။   ။

5 comments:

မိုးယံ said...

ဆယ်တန်းကျောင်းသား ဘ၀ ကလို မရယ်ဖြစ်ခဲ့တာ အခုဆို 7 နှစ်တောင် ရှိရောပေါ့။ ငြိမ်းချမ်းပါစေ
ဟုတ်ကဲ့ ကျွန်တော် မိုးယံပါ။

မောင်လေး said...

မှန်တာပြောရရင် ငယ်ဘဝ ကို သိပ်ပြီးမမက်မောမိဘူး...။
တက္ကသိုလ်ဒုတိယနှစ် ရဲ့ ရှေ့ပိုင်းကာလ တွေက ကျွန်တော့်
အတွက်တော့ သိပ်ပြီး လွမ်းလောက်စရာ မရှိခဲ့ဘူးဗျ။
မေ့ပစ်လိုက်ချင်တဲ့ အကြောင်းတွေပဲ ရှိတယ်...။နှင်းမိုးရဲ့
ပို့စ်ကိုဖတ်မိပြီးမှ ဘဝမှာ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွင်ရယ်
မောခဲ့ရတဲ့ ငယ်ဘဝ ရယ်လို့ မရှိခဲ့မှန်း ဘာသာသတိထား
မိတော့တယ်...။ကဲပါလေ..ရှိပါစေတော့..။နပ်ဖြန်တော့
နှင်းမိုးပေးတဲ့ဆုနဲ့ ပြည့်မယ်ဗျ။တနင်္ဂနွေမို့လို့....။

ချော(အစိမ်းရောင်လွင်ပြင်) said...

တက္ကသိုလ်တက်ခဲ့ချိန်တွေက တက်သုတ်ရိုက်တက်ခဲ့ရလို့ ထင်ပါတယ်. ပြန်တွေးလိုက်တော့ မှတ်မှတ်ရရ သိပ်မရှိတော့ဘူး
ကျူရှင်ပြီး ကျူရှင်တက်ခဲ့ရတာတွေဘဲ အမှတ်ရတော့တယ်..း)

ကိုကိုးအိမ် said...

အင်း ပျော်စရာကောင်းတယ်နော်။
ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ပျော်ချိန်ကို မရလိုက်ပါဘူးဗျာ။ တွေးမိတော့လွမ်းတယ်။ 20 တောင် ကျော်လာပြီကိုး မယ်နှင်းရေ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

SHWE ZIN U said...

ပျော်စရာကြီး ညီမရေ

ပြန်မရနိုင်တဲ့ ဘဝတွေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...