နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 27 April 2010

မိသားစု

မိသားစုမှာ
တစ်ယောက်တိုးလာရင် မသိသာဘူး
တယောက်လျှော့သွားကြည့် သိပ်သိသာတယ်
အဖေမရှိတော့
အဖေ့နေရာ ဘာနဲ့ အစားထိုးမလဲ
အမေမရှိတော့
မိဘရင်ငွေ့ ဘယ်အင်ဂျင်အနွေးဓာတ်နဲ့ ဖြည့်မလဲ
ကျန်ရစ်သူ ကျွန်တော်တို့ မောင်နှမ
ပြိုသွားတဲ့ ကမ်းတွေက
ကျွန်တော်တို့ဆီ ဘယ်တော့သောင်ထွန်းပါ့မလဲ
မျောနေတဲ့ တစ်ခြမ်းပဲ့လ
တစ်နေ့တော့ ပြည့်မဲ့လပြည့်ညမျိုး မဟုတ်ဘူး။
မိသားစုမှာ
ကြောင်နဲ့ကြွက်လို အစာအတွက် အသက်မလုဘူး ။
အကြီးမက မီးမွှေးရင် ကျွန်တော်က ထင်းရှာမယ်
အလတ်မက ချက်ပြုတ်ဖို့ ပြင်တယ်
ပြီးရင်လက်ရည်တပြင်တည်းပဲ
ငါတို့သွေး မကွဲဘူး စုန်းပြူးမပါဘူး ။
ငါ့ညီလေး အဝေးရောက်တယ်
ရောက်တဲ့ အရပ်ကစာပို့တယ်
ငါတို့မတွေတာ အနှစ် နှစ်ဆယ်
ဒါပင်မဲ့ ငါ့ညီဟာ ငါ့ညီပဲ ။
ငါလည်း အဝေးရောက်တယ်
အဖေနဲ့ မတွေ့တာ ၁၈ လ
အဝေးရောက်တော့မှ အဖေဆုံးတယ်
ရောက်တဲ့ အရပ်က အိမ်ပြန်တယ်
ကိုယ်ငွေ့တောင် မတွေ့တော့ဘူး
ဒါပင်မဲ့ ငါ့အဖေဟာ ငါ့အဖေပဲ ။
သုံးချောင်းထောကိတဲ့ စားပွဲ
တစ်ချောင်းကျိုးရင် လဲတယ်
ငါတို့ ရဲ့ခေါင်းခါးခြေလက်
ခြေထောက်ကျိုးရင် ခြေကျိုးလို့ခေါ်တယ်
လက်ပြတ်ရင် လက်ပြတ်လို့ခေါ်တယ်
လေးပင်စိုက်တဲ့ အိမ်
တစ်ဖက်နိမ့်လို့ မဖြစ်ဘူး ။ ။

1 comment:

Anonymous said...

အန်တီက ရေးတတ်တယ်နော ကျွန်တော်လည်း အဝေးရောက်နေတော့ အိမ်ကိုတောင်သတိရသွားတယ်ဗျာ မိသားစုထဲက တယောက်လျော့သွားတယ်ဆိုရင် ဘာနဲ့မှ ပြန်အစားထိုးလို့မရဘူးနော မိဘနှပါးရဲ့ တန်ဖိုးကို ရှိတုန်းတော့ မသိနေပေမယ့် မရှိတော့ရင်တော့ ကောင်းကောင်းကြီး သိလိမ့်မယ်နော အရမ်းကောင်းပါတယ်ဗျာ တကယ်ပြောတာ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...