ဝါဆို ၀ါခေါင် တော်သလင်းရယ်လို့ ရှေးလူကြီးများက လအစဉ်လိုက် ခေါ်ဝေါ် သုံးစွဲခဲ့ရာက နေဒီနေ့တော့ တော်သလင်းလကို ချဉ်းနှင်းဝင်ရောက်ခဲ့ ပြန်ပါပြီ ၊ တော်သလင်း လကိုရောက်တိုင်း ဇေခပ်ငယ်ငယ် အရွယ် ၁၉၉၈ အဲဒီနှင်း ၀န်းကျင်လောက်က ရန်ကုန်မြို့ အင်းလျှားကန် ကြီးထဲမှာ လှေသဘင် စီရင်တာကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကတိုက်ရိုက်ထုတ်လွင့် တာကိုမြင်ခဲ့ ဘူးသပေါ့ ခင်မျာ လှေလှော်ခတ်တဲ့ အခါ လှေတော်သား တွေ သံပြိုင်သီကြွေးတတ်တဲ့ လှေတော်သံ သီချင်းလေးကတော့ ဒီလိုလေးပါခင်များ
xxx စုန်ကာဆန်ကာ ခေါက်တုန့်လူးလာ၊ ဗုံတောင်စည်မောင်း မြစ်ကြောင်းမြစ်လယ်၊ ပျော်ဖွယ်အံ့ချီး တီးကာမှုတ်ကာ၊ ကြော်ငြာ ချိမ့်သဲ မြစ်ဧရာနဒီထဲမှာ xxx တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင်း၊ တက်ထောင်၊ တက်ယှက်၊ တက်ဝှက်၊ တက်ခက်၊ တက်လှ၊ တက်သုတ်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ နေရောင်ကာ၊ နေရောင်ပြေး၊ တက်ရေး(၃၇)ချင်း၊ ကုန်စင်အောင် သင်လာခဲ့ရ၊ သပြေတောရွာက နတ်မျှားလှေတော်၊ အားကောင်းမောင်းသန် ကျင့်သားရတဲ့ လှေတော်သားတွေ၊ လှေဦးစီးသာချို၊ တက်မကိုင် ကိုသန်းဖေတို့ပါ xxx
ဒီသီချင်းလေးဟာ လှေတော်သံ သီချင်းလေးပေါ့ ခင်မျာ အရင်တုန်းက မြန်မာ့လှေလှော်ပြိုင် ပွဲကို တခမ်းတနားလုပ်ပေသမို့ ၊ ကြားလိုက်ရ မှတ်လိုက်ရတာလေးရယ်ပါ အခုတော့ ဒီအသံတွေ ကင်းဆိတ်သွား ပေသမို့ သက္ကရာဇ်၂၀၀၀နောက်ပိုင်း မွေးတဲ့ ဇေတို့ရဲ့ ညီငယ် ညီမငယ်လေး များ လှေပွဲ သဘင်ဆိုတာ မြင်ဘူးကြမယ်မဟုတ်ပါဘူး ၊ ခေတ်ကောင်းတဲ့ တချိန်မှာတော့ ဒီသီချင်းလေး တွေ အင်းလျှားကန် အတွင်းပြန့်လွင့် လာပါလိမ့်အုံးမယ် လို့မျှော်လင့် မှိတာပါဘဲ..။
သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထား အိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့၊
မည်ဘဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။
ရယ်လို့ ကျိုက်လတ်မြို့ မဟာဂီတ ပညာရှင်ကြီး ဘဘဦးပြုံးချိုရဲ့ ရာသီဘွဲ့လေးချိုး မှာ စာချိုးထားပါ တယ်ခင်မျာ ၊ တော်သလင်း လမှာ ကောင်းကင်က လမင်းကြီးက တအားထွန်းပ ပါသတဲ့ ၊ မြစ်ထဲမှာတော့ လှေတွေပြိုင်ကြတယ် ၊ နောက်တမျိုးသစ်ဆင်းပွဲ ဆိုတာလဲ ကျင်းပတယ် တဲ့ သစ်ဆင်းပွဲ ဆိုတာကို အောက်ပိုဒ်ကျမှ ဇေသိထားသလောက် ရေးပြပါမယ် ၊ ကောင်းကင်မှာ ဗြှုဗ္ဗာသ ကြယ်နဲ့ ဗျိုင်းတာရာတို့ ထွန်းတောက်ပါသတဲ့ ၊ ရာသီပန်းအနေနဲ့ ကတော့ ယင်းမာ ပန်းပွင့်ဖူးပါတယ် ၊ ရာသီဥတု အနေအထားကတော့ တော်သလင်း နေပုဇွန်သေ တော်သလင်းမိုး ကန်းဇွန်း ကျိုးလို့ စာဆိုတော်များ အမှတ်သားပြုကြလေရဲ့ ၊ ပူရင်အဲသလောက်ပူပြီး မိုးရွာမှ ဖြင့်လဲ ရေထဲမှာ နေတဲ့ ကန်ဇွန်းပင်တောင် ထက်ပိုင်းပြတ် ကျိုးတဲ့ အထိရွာပါတယ် ၊ မိုးသား တိပ်လိပ်တွေ အမြဲမဲညိုတတ်သမို့လွမ်းစရာကောင်း လှသလို ယင်းမာပန်း ရနံ့လေးနဲ့ တောင်လေ တဖြူးဖြူး လေးတို့ဟာ အလွမ်းဓာတ်ခံ ရှိနေတဲ့ လူတွေကို လွမ်းချင်းရေးဖြစ်တဲ့ အထိ တွန်းပို့တတ်သမို့ လွမ်းချင်းဆရာကြီး မဟာအတုလမင်းကြီးက တော်သလင်းလ လွဏ်းချင်းကို ဒီလိုလေး ရေးစပ်ခဲ့ပါတယ်..။
ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။
ဒါကတော့ မဟာအတုလမင်းကြီးရဲ့ တော်သလင်းလ ဖွဲ့လွမ်းချင်းလေးရယ်ပါ ၊ ဒီလောက်တောင် လွမ်းမောစရာကောင်း တဲ့တော်သလင်းလလေးကို သမိုင်းကြောင်း အရဘယ်လိုရှိသလဲလို့ ဆက်လက်ပြီး ဇေနဲ့ အတူလေ့လာကြည့်ကြရအောင်နော်..။
‘တော်’ ဆိုတဲ့ စာလုံးဟာ ဗမာနဲ့ တချို့ တိုင်းရင်းသား လူမျိုးများအဖို့ အထွတ်၊ အထိပ်၊ အမြင့်၊ အမြတ်၊ မိုး၊ ကောင်းကင် စတဲ့ အဓိပ္ပာယ်တွေ ဖွင့်ထားတဲ့အတွက် အထက်အပေါ် ဆိုတာကိုချည်း ညွှန်းတဲ့ သဘော တွေ့ရပါတယ်။ ‘သလင်း’ ဆိုတာကိုတော့ သာယာပွင့်လင်း၊ သာယာ ကျင်းလင်း၊ ပွင့်လင်း စတဲ့ အဓိပ္ပာယ်တွေ ကောက်ယူတဲ့အတွက် အဘိဓာန်မှာ ‘ကောင်းကင် သာယာ ထွန်းလင်း၊ ပွင့်လင်း၊ လင်းကျင်းသောလ၊ သစ်ဆင်းလ၊ မြန်မာ့ တစ်ဆယ့်နှစ်လတို့တွင် ဆဋ္ဌမလ၊ ကန်ရာသ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြီးတော့ တော်သလင်းလကို ရှေးက ‘သစ်ဆင်းလ’ လို့လဲ ခေါ်ခဲ့ကြပါသတဲ့ ။ ဒုတိယ အင်းဝခေတ်ကျမှ အဲဒီ ‘သစ်ဆင်း’ ဆိုတဲ့ စာလုံးကို သျှင်အဂ္ဂသမာဓိရဲ့ သုဝဏ္ဏသျှံ သူဌေးခန်း ပျို့မှာ စပြီး တွေ့ရတာပါ။ သက္ကရာဇ် (၉၅၂) ခုနှစ်မှာ ထိုးတဲ့ ကျောက်ဆည်မြို့ ရွှေသာလျောင်း ကျောက်စာမှာလဲ တွေ့ရပါတယ်။ ဒါပေမဲ့ မှတ်တမ်း မှတ်ရာ ထားတာတော့ မရှိပါဘူး တဲ့ ခင်မျာ ။
သစ်ဆင်းလ လို့ ခေါ်ခဲ့တဲ့ သဘင်ပွဲတခု ရှိခဲ့ကြောင်း ကိုတော့ ‘မင်းရဲနန္ဒာဧချင်း’ မှာ မင်းဇေယျ နန္တမိတ်က ရေးဖွဲ့ခဲ့ပါတယ်။ မင်းရဲကျော်စွာ စုန်ဧချင်းမှာလဲ ‘တော်သလင်းတုံ၊ သစ်ဆင်းအခါ၊ ပျော်ဘွယ်သာတည့်၊ ဗိုလ်ပါထွေဖြီး၊ သဘင်ကြီး၌’ လို့ ရေးစပ်ကြပါတယ်။
ဆီသည် ရွာစား ဦးအောင်ကြီးရေးတဲ့ အင်းဝ မြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ကန်ရာသီဖွဲ့မှာ ကျတော့ ----
xxx သာစွလေ ----၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍၊ စည့်စည့်မိုးလ၊ ဘဒြနှင့် ပြည့်ဝအညီ၊ ကန်ရာသီဟု၊ အာနီ မြဲခိုင်၊ ယင်းမာလှိုင်က၊ မွှေးကြိုင်နံ့ရွှင်း၊ တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းရင်လျက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေခြင်း လှော်ပြိုင်၊ ခွင့်ရေးကိုင်၍၊ လေးတိုင်တန်ဆောင်း၊ မမြင့်တောင်းကို၊ နီမောင်ပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုးသွယ်ခံ၊ ဝန်းရံခင်းကျင်း၊ ခုန်ကဆင်းသော်၊ မင်းမင်းမှန်ဖု၊ ထွက်စံရှုသည်၊ ဇမ္ဗူထွတ်ထိပ် ပန်းတည့်လေ၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ xxx(လူးတား)
ဒီလူးတားမှာ လှေပွဲရော၊ သစ်ဆင်းပွဲရော ပေါင်းပြီး ဖွဲ့စပ်ထားတာ တွေ့မှာပါနော်။ သစ်ဆင်းပွဲ ကျင်းပပုံကလဲ ဆန်းဆန်းပြားပြား အသဲယားစရာကြီး ပါလားကရို့ ---- လို့ ပြောရမှာပါဘဲ့။ အလွန်မြင့်တဲ့ သစ်တိုင်လေးတိုင်နဲ့ ဆောက်လုပ်တဲ့၊ အနီရောင် အဝတ်အမိုး မိုးထားတဲ့ ‘တန်ဆောင်း’ ခေါ်တဲ့ စင်မြင့်ကြီးပေါ်ကနေပြီး အောက်မှာရှိတဲ့ ရေပြင်ပေါ်က ပိုက်ကွန်ခံထားတဲ့ နေရာဆီကို ကရင်းနဲ့ ခုန်ချကြတဲ့ ပွဲသဘင်ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်ခင်မျ၊ ရှေးပဝေဏီကာလ ထဲက ရှိခဲ့ပြီး၊ အင်းဝ ခေတ်မှ ‘လ တလရဲ့ နာမည်’ တွင်လာတဲ့ အထိ အလေးတယူ သိုက်သိုက် မြိုက်မြိုက် ရှိခဲ့မှာပါ။ သစ်တိုင် အမြင့်အဖျားက ခုန်ချရတာမျိုး ဆိုတော့လဲ အသက်အန္တရာယ် ရှိတာပေါ့။ အဲဒီပွဲမျိုးမှာ အသက်ထိ ခိုက်ခဲ့ရင် မိုးကောင်းမယ်၊ ချောင်းစီးမယ် လို့လဲ နိမိတ်ဖတ်တယ် ဆိုလားဘဲ။ ဒီလို နိမိတ်ကြီးကတော့ မနိတ်ပါဘူးနော။ ကုန်းဘောင်ခေတ် ကျတော့ မဆင်နွှဲ ကြတော့ဘူးတဲ့လေ။ အန္တရာယ် မကင်းလို့ ဖြစ်မှာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အဘိဓာန်မှာတော့ ‘သစ်ဆင်း’ အလွန်ရှည်သော သစ်တိုင်လေးတိုင်ဖြင့် ဆောက်လုပ်ထားသော ‘တန်ဆောင်း စင်မြင့်’ ပေါ်မှ ရေပေါ်၌ ခံထားသော ပိုက်ကွန်တွင်းသို့ ခုန်ချသည့် ပွဲ ကျင်းပသည့်လ၊ တော်သလင်းလ လို့ ဖေါ်ပြထားကြောင်းပါခင်မျာ ။
မန်လယ်ဆရာတော်ဘုရားကြီးရဲ့ မဟာသုတကာရီ မဃဒေ၀ လကာင်္ကျမ်းရင်းသစ်မှာတော့ “ပန်းလု သစ်ဆင်း တော်သလင်းဟု ၊ မြစ်တွင်း သဲးရိပ် ၊ စဲးလိပ် လိပ်နှင့် ၊ ဖျောက်ဆိပ် မွန်းလွဲး ၊ နှမ်းကြီး ကြဲးလျှက် ၊ အမြဲးတူကွ ၊ နိယာမဖြင့် ၊ တွင်းဝ ညိုးညံ ၊ ပရစ်သံတို့ ၊ မောင်နှံ ဖို-မ ၊ မြည်စကြ၏” လို့ စပ်ဆိုရေးသား ထားခြင်းကို ကြည့်ခြင်းအားဖြင့် ၊ သစ်ဆင်းပွဲ ဆိုတာ ပန်းပုတဲ့ ပွဲ လို့ဆို လိုဟန်ရှိပါတယ် ၊ အမြင့်ကနေ ခုန်ချပြီး ရေထဲမှာ ရှိတဲ့ ပန်းကိုလုတာလို့ မှန်းဆကြည့်မှိပါ တယ် ၊ ဒီပိုစ့်ကို ဖက်တဲ့အဝေး ရောက် ပရစ်ကျော် ကြိုက်ရွှေမြန်မာ တွေအတွက်ကတော့ ဖြင့် ဒီလ ဟာ ပရစ်တွေ တွင်းဝမှာ ရော့ခ် ဂီတ သီကြွေးနေချိန်ဖြစ်သမို့ ၊ ပရစ်ကျော် အစာသွတ်ခလေး စားသုံးချင်မှ ဖြင့် တို့တိုင်းဋ္ဌာနီ အလည်တစ်ခေါက်ပြန် ပြီးစားသောက်ကြပါအုံးလို့ ၊ နက္ခတ္တဝေ ဒပညာ ရှင်များ အနေနဲ့ကတော့ ငါးပေါ၏ ၊ မပေါ၏ စပါးပေါ၏ မပေါ၏ ၊ မိုးနှောင်းကောင်း ၏ မကောင်းကို ၏ ကြည့်ရှုနာခံဘို့ သောရ ၊ သ၀န ၊ စန္ဒြ ၊ နက္ခတ္တ တို့ကိုတွက်ချက်ရန် ဖျောက်ဆိတ် ကြယ် ထွန်းလင်းတဲ့ အချိန်ခါကောင်း ဖြစ်သလို ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး များရဲ့ အထွဋ်မြတ်ထားရာ ဗုဒ္ဓဘာသာ ပွဲတော်တခုကတော့ တော်သလင်းလပြည့်နေ့မှာ ကျင်းပမဲ့ ဂရုဓမ္မ အခါတော်နေ့ ဖြစ်ပါကြောင်း သိမှတ်ထား သလောက် ရေးသားတင်းပြရင်း ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ….။
4 comments:
မောင်ဇေ
မသိတာတွေ ဖတ်သွားတယ်... အခုလို လှေလှော်ရင်းရွတ်ဆိုတာမျိုး တွေ ရေးပြတော့ သိရတာပေါ့.. နောက် အခြား မှတ်သားစရာတွေလည်း ကြိုက်တယ်.. အကုန်တော့ အလွတ်သိဖို့ခက်တယ်.. လိုအပ်ရင် လာပြန်ဖတ်မယ်...။
သစ်ဆင်းလ လို့ ခေါ်တဲ့ တော်သလင်းအကြောင်းလည်း ကောင်းတယ်..။ တခါမှ အဲဒါတွေ မဖတ်ဖူးဘူး.. ရိုးရာရှိခဲ့ပုံကလည်း နဲနဲ အန္တရယ်များသားနော်.. တော်သလင်းဟာ မြူးစရာအဖြစ် ရှေးစာဆိုတွေ ရေးခဲ့ပေမဲ့ အခုတော့လည်း စက်တင်ဘာဆိုတာ ငိုစရာတွေ ပြည့်ဝိုင်းနေသလားလို့ မောင်ဇေ..။
သုတတွေ ရေးပေးလို့ ကျေးဇူးပါနော်..။
ဗေ
ဇေရေ ကိုးက သစ်ဆင်းလမှာပဲမွေးတာလေ ဒါပေမယ့် သစ်ဆင်းလအကြောင်းကောင်း ကောင်းသိဘူး.. ဟီး။ တော်သလင်းနဲ့ပတ်သက် တဲ့အမှတ်တရလည်းရှိခဲ့ဖူးဘူး။ ခုလိုသိရတာ အရမ်းတန်ဖိုးရှိတယ်။ သူများတွေကိုတန်ဖိုးရှိတာ တွေပေးတဲ့ဇေလည်း တန်ဖိုးရှိတဲ့လူဖြစ်သွားပြီနော် တန်ဖိုးကြီးလွန်း လို့ မိန်းမတွေမ၀ယ်နိုင်ဘဲ လူပြိုကြီးဖြစ်မှာ မြင်ယောင်သေး
ခင်မင်လျှက်
ကိုကိုးအိမ်
တော်သလင်းလရဲ့ ရာသီပွဲ ၊ ဥတုရာသီ စတဲ့ ၀ိသေသလေးတွေကို အထောက်အထား ခိုင်လုံစွာလေ့လာပြီး ကျိုးကြောင်းပြည့်စုံစွာ ရေးထားတာကို ဖတ်ရတဲ့အတွက် ကျေးဇူးတင် အားပေးပါတယ်။
အရင်က နှမ်းကြီးပုရစ် ဆိုတာကြားဖူးပါတယ်။ ပုရစ်တွေ စီစီညံအောင် အော်ရင် နှမ်းကြီးကျဲရမယ်ဆိုတာ သိခဲ့ပေမယ့် မန်လည်ဆရာတော်ကြီးရဲ့ မဃဒေ၀လကာင်္အရင်း အမြစ်ကို အခုမှပဲ သိရတော့တယ်။
ပုရစ်တွေ အပျော်လွန်လို့ အော်နေတာကို သူမို့ ရက်ရက်စက်စက် အစာသွပ် ကြော်စားရက်တယ်ကွယ်....
(ရက်စက်ပါပေ့ ဘိုးဘိုးဇေ)
နောက်လည်း ကြိုးစားပါအုံး...(မှတ်ချက်။ ။ ပုရစ်တော့ကြော်မစားရ)
Post a Comment