နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 28 July 2010

အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်း

ဘလော့မှာဖတ်ရှုနေကြသောဘလော်ကာ အကိုအမတော်တော်များများဟာ ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်းကို သိပြီးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ် ။ ဇေလဲ ၁၀တန်းကျောင်း သားဘ၀တုန်းက လေ့လာမှတ်သားဘူးပါတယ်။ မိသားစုအတွင်းမှာရော သူငယ်ချင်းများအပေါ်မှာပါ ဒီလူ့အခွင့်ရေးကြေညာစာတမ်းအတိုင်း ပြုမူပြောဆိုနေထိုင်ပါတယ် ။ (အရက်မူးတဲ့အချိန်မပါပါ) စိတ်တိုနေတဲ့အခါများမှာ မကျင့်သုံးတတ်ပါ ။  


ဘာကြောင့်ဒီကြေညာစာတမ်းအကြောင်းကို ရေးရပါသနည်းဟု မေးမြန်းခဲ့ပါသော် ၊ ဇေမြန်မာပြည်ကိုပြန်တုန်း ဇင်ယော်ငှက်တွေကြည့်ချင်လို့ ဒလဘက်ကမ်းကို ကူးတဲ့နှစ်ထပ်သဘောင်္ကြီးကို အစုန်အဆန် လေးခေါက်စီးပါတယ် ။ တတိယတစ်ခေါက်မှာ ရဲသားတွေဟာ တရားခံတွေကို ရန်ကုန်ဘက်ကမ်းမှာရှိတဲ့ တိုင်းတရားရုံးကိုထုတ်ဖို့ ၊ လက်ထိတ်တွေ ခတ်ပြီး တရားခံတွေကို အတွဲလိုက်ခေါ်လာပါတယ် ။ တရားခံတွေဟာ ၁၀ယောက်ကျော်ပါတယ် ။ လက်ထိတ်တွေတွေကို နှစ်ယောက်တစ်တွဲခတ်ပြီး အဲဒီလက်ထိတ်တွေကို ကြိုးနဲ့အတန်းလိုက် ချည်ထားပါတယ် ။ 

 
ဒါဟာရဲကိစ္စကို ရဲလုပ်တာမို့လို့ ဘာမှပြောစရာမရှိပေမဲ့ ၊ တရားခံတစ်ဦးဟာ သဘောင်္ပေါ်က ဖရဲသီးစိပ်ရောင်းတဲ့ သူငယ်ချင်းက ၊ အခုပြောမဲ့ တရားခံကို ဖရဲသီးကျွေးပါတယ် ၊ တရားခံကလဲ စားပါတယ် ။ အဲဒါကို ရဲကြပ်ကြီးက ပါးကို ရိုက်တဲ့အပြင် အနောက်ကနေ ရဲဘွတ်ဖိနပ်နဲ့ ဖရဲသီးစားနေတဲ့ ၊ တရားခံကိုလှမ်းကန်ပါတယ် ။ ရဲကြပ်ကြီးဟာ အသက်၃၀လောက်သာ ရှိပါသေးတယ် ။ တရားခံဟာ ၅၀ ၀န်းကျင်လောက်ရှိပါတယ် ။ ဘယ်လိုမှ ကြည့်လို့မကောင်းတဲ့ ကိစ္စပါ ။ တရားခံဆိုပေမဲ့ ၊ သူ့အပြစ်ကိုသူပေးဆပ်ဘို့ အခုတရားရင်ဆိုင်နေသူပါ ။ ဒီလိုနိုင်ထက်စီးနင်းလုပ်တာကို ဘယ်သူမှမပြောကြဘဲ ၊ ရဲသားကိုလုပ်ခွင့်ပေးထားပါတယ် ။ 


ဖိနပ်နဲ့အကန်ခံရတဲ့ ဦးလေးကြီးဟာ လွင့်ကျသွားတဲ့ ဖရဲသီးစိပ်ကို  လှမ်းကောက်တဲ့အချိန်မှာ ရဲသားဟာ ဦးလေးကြီးရဲ့ လက်တဖက်ကို လှမ်းကန်ပါသေးတယ် ။ မြန်မာလူမျိုးများ ၂၀၀ကျော်လောက်သဘောင်္ပေါ်မှာပါပေမဲ့ ၊ ဒီကိစ္စကို  ဘယ်သူမှ ၀င်ပြီးတားမြစ်တာမရှိပါ ၊ ဇေလဲ ထိုင်တဲ့ခုံနဲ့ ရှေ့တခုံကျော်မို့လို့ အစအဆုံးအကုန်လုံးကို မြင်နေရလို့မနေနိုင်တော့ပါဘူး ၊ ဇေ့ကိုကိုလတ်ကလဲ ပါလာပါတယ် ။ သူက ဇေ့ကိုလက်ကုတ်ပေမဲ့ နောက်ကျသွားပါပြီ  ။ 


ဇေ ရဲသားဆီကို ပြေးထွက်သွားလိုက်ပါတယ် ။ ဒီမယ်ဟေ့လူ မင်းအပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းအပိုဒ်ရေ (၅)ကိုသိသလားလို့ ၊ မေးလိုက်ပါတယ် ။
ရဲသားကြောင်သွားပါတယ် ။။။
ဘာလာရှုတ်တာလဲလို့ဇေကိုဟောက်ပါတယ် ။။။
လာရှုတ်တာမဟုတ်ဘူးကွ လာရှင်းတာ မင်းလူလိုနားလည်လား ။ ရဲကျင့်ဝတ်ရော အကုန်ရရဲ့လား .. ဘာညာနဲ့ပြောပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး ကြေညာစာတမ်းအပိုဒ်ရေ ၅ ကို ဇေရွတ်ပြလိုက်ပါတယ် ။
 No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
မင်းအခုအနိုင်ကျင့်နေတဲ့လူက တရားရုံးက သေဒဏ်အပြစ်ပေးလိုက်ရင်တောင် မင်းအဲလိုနိုင်ထက် စီးနင်း လုပ်လို့မရဘူးနားလည်လား ။ မင်းကိုတရားခံကတောင် ပြန်တရားစွဲလို့ရတယ် ဘာညာနဲ့ဇေ ကကောတော့ ၊ ရဲသားက ဇေ့ကို လက်နဲ့လှမ်းတွန်းပါတယ် ။ 
ဇေကရှောင်ပါတယ် ။ အဲချိန်မှာ ဟိုဘက်အစွန်းမှာထိုင်နေတဲ့ ရဲသားတစ်ယောက်က ထလာပါတယ် ။ ဇေ့ကို ဘုကြည့်ကြည့်ပါတယ် ။ အဲချိန်မှာလူတွေက ထိုင်တဲ့ခုံတွေကို ကိုင်ပြီးထလာပါတယ် ။ ရဲသားကိုဆဲဆိုရေရွတ်ကြပါတယ် ။

ဇေ့ရဲ့ကိုကိုလတ်က ဇေ့ဆီရောက်လာပြီး ရဲသားကိုဟေ့ကောင်တွေတော်တော့ ၊ ငါဘာလဲသိလား လို့ ၊ မေးတော့ ရဲတွေကြောင်သွားပါတယ် ၊ ကိုကိုလတ်ကသူ့ရဲ့စစ်ဆေးက ဗိုလ်သက်သေခံကဒ် ထုတ်ပြတော့မှ ၊ အဲဒီရဲသားတွေနဲ့ လူတွေငြိမ်သွားပါတယ် ။ ဒါဟာ ဇေကိုကိုပါလို့ အဲလောက်နဲ့ပြီး သွားခဲ့ပါတယ် ။ ကိုကိုမပါခဲ့ရင် ဇေတောင်အချုပ်ထဲ ရောက်နိုင်ပါတယ် ။  
အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာရဲ့နိဒါန်းမှာ
နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက် ဆင့်ဆိုစေရမည်ဟုပါ

 
ရေးသားထားပါသော်လဲ ၊ ရွှေတို့နိုင်ငံမှာ နိုင်ငံသား တစ်သိန်းမှာ တစ်ယောက်တောင် သိပါရဲ့လားလို့ မေးခွန်းထုတ်ဖို့ ဖြစ်လာပါတယ် ။ မသိလို့လဲ ဒီလိုနိုင်ထက်စီး နင်းပြုကျင့်ခြင်းခံရတာ ဖြစ်ပါလိမ့်မယ် ။ လူတိုင်းကတော့ အနိုင်ကျင့်ခံရတာကို မနှစ်ခြိုက်တာ ကြိမ်းသေပါတယ် ။ မသိလို့သာ အနိုင်ကျင့်ခံတာပါ ။ ရာဇသတ်ကြီး ကျင့်ထုံးတွင်
တရားဥပဒေဟူသည် မသိသော်လဲ အပြစ်ကင်းသည် မဟုတ်ဟု ဆိုထားပါတယ် ။၊ 


တရားဥပဒေကိုမသိလို့ မလိုက်နာရင် မသိတဲ့လူမှာ အပြစ်ရှိပါတယ် ။ နိုင်ငံတခုရဲ့အစိုးရဟာ သူ့ရဲ့နိုင်ငံသားကို နိုင်ငံရဲ့ဥပဒေကို သိအောင်မပြုကျင့်ခဲ့သော် ဒါဟာရာဇ၀တ်မှုမြောက်ပါတယ် ။ နိုင်ငံရဲ့အစိုးရဟာ နိုင်ငံသားအားလုံး ထုတ်ပြန်ထားတဲ့ဥပဒေကို သိစေဘို့ အစွမ်းကုန် ကြိုးပမ်းဘို့လဲ လိုအပ်ပါတယ် ။ 
အများကြီးမပြောလိုပါ ။ မြန်မာနိုင်ငံမှာ မီးရထားနဲ့ လူတွေတနေ့တနေ့ သိန်းချီခရီးသွားနေပေမဲ့ အဲဒီလူတွေထဲမှာ လက်ဆွဲတန်ဆာကို သိတဲ့လူမပါပါ ၊ 


 မီးရထားခရီးသယ်တယောက်ဟာ ၁၇ပေါင်လေးတဲ့ လက်ဆွဲ တန်ဆာကိုဆောင်ယူခွင့်ရှိတယ်လို့ ၊
မီးရထားဥပဒေမှာရှိပါတယ် ၊ အဲလိုလူတွေမသိတော့ မီးရထား ရဲတွေကအကြိုက်တွေ့ပါတယ် ။ ဇေရောက်ခဲ့ဘူးတဲ့ မီးရထားရှိတဲ့ နိုင်ငံတွေမှာ မီးရထားဥပဒေကို စတေရှင်ထဲမှာ ကြေညာထားပါတယ် ။ ရထားတွဲတွေမှာလဲ ကပ်ထားပါတယ် ။ အများနဲ့ဆိုင်တဲ့နေရာ တော်တော်များများမှာ ကြေညာထားတာကိုတွေ့ရှိခဲ့ဘူးပါတယ် ။


သို့သော် မြန်မာမီးရထားများမှာတော့ (ဆူပူမှု့ဖြင့် ဒီမိုကရေစီမရနိုင်) (လူကြီးမင်းရဲ့ လုံခြုံရေးအတွက် စစ်ဆေးနေပါသည်) ပေါက်လွတ်ပဲစား ကလေကချေစကားတွေသာ စာရွက်ကြီးစာရွက်ငယ်နဲ့ ကပ်ထားတာတွေ့ခဲ့ဘူးပါတယ် ။ စီးနင်းသူဥပဒေ ၊ တလုံးတပါဒမျှ ရေးသားထားတာ မတွေ့ပါ ။ အထုပ်တစ်ထုပ်ပါလာရင် ဒဏ်ငွေအရင်တပ်ပါတယ် ။ လုပ်စားချင်တာနဲ့ ဥပဒေတွေကို အများပြည်သူ့ကို မသိစေလိုတာဖြစ်လိမ့်မယ်လို့ ထင်မှိပါတယ် ။ 


ဒီလိုအပြုအမူမျိုးများဟာ အစိုးရနဲ့တူသော မည်သည့်အစိုးရမျိုးမဆိုလုပ် လိမ့်မယ်မဟုတ်ဘူးလို့ လူငယ်တစ်ယောက်အနေနဲ့ထင်မြင်ယူဆမှိပါတယ်
အဲလောက်သေးငယ်တဲ့ နေ့စဉ်သုံးအခွင့်ရေးတွေကိုတောင် မသိတဲ့ရွှေတို့နိုင်ငံက နိုင်ငံသားတွေဟာ ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းဆိုတာကို မကြားဘူးတာကို လွန်မယ်မထင်သလို ၊
တာဝန်ရှိသူ များက အများပြည်သူကို မသိစေတာဟာလဲ ရာဇ၀တ်မှုတစ်ခုကို ကျုးလွန်နေတယ်လို့မြင်မှိပါတယ်...။
နောက်တခုက မိသားစုတွေထဲက လူ့အခွင့်အရေးပါ ။ မိသားစုတွေထဲမှာ ဇေတို့ဟာသားသမီးတွေ ဖြစ်တယ်ဆိုပေမဲ့ ၊ နောင်တချိန်မှာ ဇေတို့က မိဘဖြစ်ရမဲ့သူတွေပါ ၊ (ဆရာကောင်းလုပ်ချင်ရင် တပည့်ဘ၀ကတည်းက ကောင်းအောင်နေဆိုတဲ့) စကားပုံရှိပါတယ် ။ မိဘဖြစ်ဖို့ သားသမီးဘ၀ကတည်းက ကောင်းဖို့လိုပါတယ် ။ သားသမီးဘ၀ကတည်း လူမဆန်စွာ နှိပ်စက်ညှင်းပန်းခံနေရရင် အဲ့လူဟာ မိဘကောင်းတစ်ယောက်ဖြစ်ဘို့ ရာခိုင်နှုန်း တော်တော်လေးနည်းပါတယ် ။  


လူကိုရိုက်တာပုတ်တာကိုမပြောလိုပါ အပြစ်ရှိရင် ခံရပါလိမ့်မယ် ။ သို့သော်တခါတခါမိဘများဟာ လူကိုရိုက်တာထက် နာကျင်စေမဲ့ စိတ်ကို ရိုက်နှက်ကြပါတယ် ။ မိဘဆိုပေမဲ့ ဘယ်ဘာသာရေး ဘယ်ဥပဒေကမှ သားသမီးကို တသက်လုံး စိတ်ထဲနာကျင်အောင် ပြောဆိုပြုမူဘို့ ခွင့်မပြုထားပါဘူး ၊ မိဘတော်တော် များများဟာ မင်းတို့ကိုကောင်းစေချင်လို့လို့ စကားလုံးတွေကို ပေါပေါများများသုံးတတ်ကြပါတယ်
ကောင်းစေလိုရင် ၊ကောင်းအောင်လုပ်တဲ့နည်းကို သိဘို့လိုပါတယ် ၊(နွားကောင်းကိုင်ချင်ရင် နွား ကိုင်ကောင်းရတယ်လို့) ဆိုရိုးရှိပါတယ် ။ နွားကောင်းကောင်းကိုင်ချင်ကြပေမဲ့ နွားမကိုင်တတ်ကြလို့ လိမ်မာမဲ့နွားတောင် ပျက်စီးသွားတတ်ပါတယ် ၊ အခုဇေနဲ့ တူတူနေတဲ့ ဇေ့သူငယ်ချင်း တွတ်ပီဟာ အသက်၂၃နှစ်ရှိပါပြီ ။ ဒီအရွယ် ဒီအသက်ကို ဇေနဲ့သူဖေဖေနဲ့ တွက်ပီနဲ့ ဈေးဝယ်ထွက်တုန်း သားဖ နှစ်ယောက်စကားများပြီး ထိုင်းနိုင်ငံက နာမည်ကျော် စူပါကုန်တိုက်တစ်ခုမှာ အဖေက သားကိုလက်သီး နဲ့ထိုးပါတယ် ။ နှာခေါင်းထဲကနေတောင် သွေးတွေကျပါတယ် ။ အဲဒါဇေက၀င်တားတော့ ဇေ့ကို မင်းကိစ္စမဟုတ်ဘူး မိသားစုကိစ္စလို့ပြောပါတယ် ။ 


ဇေက မိသားစုကိစ္စဆိုတာ အိမ်မှာရှင်းရတယ်အန်ကယ်လို့ ပြန်ပြောလိုက်တယ် ။ အခုလို လူမြင်ကွင်းမှာရှင်းတာ အဆင့်တန်းမရှိတဲ့ လူတွေလုပ်တာလို့ အကယ်၍ အန်ကယ် တွက်ပီကို ဆက်လုပ်နေအုံးမယ်ဆိုရင် ဇေရဲကို ဖုန်းဆက်ခေါ်ရလိမ့်မယ်လို့ အဲလိုပြောလိုက်တော့ ၊ အဲဒီတွက်ပီဖေဖေဟာ ဇေ့ကို တော်တော်ရိုင်းတယ်လို့ပြောပါတယ် ။ 


ဇေ အဲလိုမိဘတွေကို တော်တော်များများမြင်ဘူးပါတယ် ၊ သူငယ်ချင်းကိုထိလို့ ၀င်ကူတာမဟုတ်ပါဘူး ။ အိမ်မှာ အဲဒီလူဟာ အဖေဆိုပေမဲ့ ကုန်တိုက်မှာ အဖေမဟုတ်ပါ ။ ကုန်တိုက်မှာတော့ တွက်ပီသည်၎င်း ၊ ဇေသည်၎င်း ၊ တွတ်ပီအဖေသည်၎င်း လူသားများသာဖြစ်ကြပါတယ် ။ လူသားချင်းချင်း ရိုင်းပြစွာ လူ လယ်ခေါင်မှာ စော်ကားခြင်းဟာ ၊ လူ့တစ်ယောက်ရဲ့လွတ်လပ်စွာနေထိုင်နိုင်ခွင့်ကို ချိုးဖောက်တာသာဖြစ်ပါတယ် ။ အိမ်ကိုရောက်တဲ့အခါ သူ့သားကိုသူ ဓားနဲ့ဘဲခုတ်သတ်သတ် ဇေနဲ့မသက်ဆိုင်ပါ ။ သူ့အိမ်မှာသူဟာ အဖေဖြစ်သလို တွတ်ပီဟာ သူ့သားဖြစ်ပါတယ် ။ အဖေဆိုတာ အိမ်မှာလုပ်ရတာပါ ။ ရဲသားက စစ်တပ်ကို လာစစ်ဆေးသလိုဖြစ်နေပါတယ် ။

မိဘလုပ်ပြီး သားသမီးကို လူလယ်ခေါင်မှာ မိသားစုကိစ္စ ဖြေရှင်းတယ်လို့ပြောပြီး ရိုက်နှက်တာလောက် အောက်တန်းကျတာ မရှိဘူးလို့ဆိုချင်ပါတယ် ။ ဒီလိုမိသားစုတွင်းမှာတောင် ကိုယ့်အခွင့်အရေး သူ့အခွင့်ရေးမသိပါဘဲလျှက် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံကို လိုချင်ပါတယ်လို့ လူကြားမကောင်း သူကြားမကောင်းအော်ဟစ်နေတာကို ရီချင်တယ် ကြည်ခင်ရယ်လို့ ဆိုပါရစေလား ခင်မျာ ..။ 


နောင်ဇေရေးမဲ့ အကြောင်းအရာဟာ အချက်ပေါင်းသုံးဆယ်ရှိတဲ့ လူ့အခွင့်ရေးကြေညာစာတမ်းအ ကြောင်းပါ ။ ဘာလို့ရေးပါသလဲလို့မေးရင် အဲလိုတွေတွေ့ခဲ့ဘူးလို့ ၊ မြင်ခဲ့ဘူးလို့ ရေးပါတယ် လို့ဖြေ ပါရစေ ၊ ဘလော့ကိုလာရောက် ဖတ်ရှုကြတဲ့ ညီကိုမောင်နှမအားလုံးဟာ ၊ လူ့အခွင့်ရေးကြေညာ စာတမ်းကို သိပြီးဖြစ်လို့ ဘာမှထူးခြားမှုမရှိကြပေသိ ၊ ကျွန်တော့သူငယ်ချင်းတွတ်ပီနဲ့ တကွ ရွှေတို့နိုင်ငံက ကျေညာစာတမ်းအကြောင်း တစ်လုံးတစ်ပါဒမျှ မသိသေးသူများအတွက် သိသလောက် ရေးသားရတာဖြစ်ပါကြောင်း..........
ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ....။

2 comments:

မြစ်ကျိုးအင်း said...

ကျနော်တော့ မဖတ်ဖူးဘူးဗျ
ဗဟုသုတ အနေနဲ့ ဖတ်ခွင့်ရအုံးမှာတော့ ကျေးဇူးတင်စရာပဲ။။
မြန်မာပြည်က လူတွေက ဖတ်ပြီးရင်တောင် သိတာပဲ ရှိမယ် ဒီအချက်အလက်တွေနဲ့ တုန့်ပြန်ပြောဆိုခွင့်တော့ ရမယ် မထင်ဘူး။
ဒီလို ကြေငြာစာတမ်းမျိုးက ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့ နိင်ငံတွေပဲ အသုံးဝင်နိင်မယ် ထင်တယ်။ ကျနော့် အမြင်ပါ။

ကောင်းမွန်ဝင်း said...

ဥပဒေအကြောင်းကို ကိုယ်တွေ့လေးနဲ့ ရေးထားတာကောင်းတယ်နော်။

ပို့စ်ဖတ်ရင်းနဲ့ ဥပဒေအကြောင်းအပြင်
လူအချင်းချင်းသိတတ်မှုနားလည်စာနာမှု၊ လူတစ်ဦးစီ ရဲ့ ကိုယ်ပင်အသိဥာဏ် ဗဟုသုတတွေ ကလည်း အရေးကြီးတယ်လို့ သိရတာပါပဲ။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...