နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 24 August 2010

ဝါခေါင်လ (ခ) နှစ်သီးစား လ








ဝါဆိုပြီးပြန်တော့ ၀ါခေါင်လကိုရောက်ခဲ့ပြန် ပါပြီခင်မျာ မိရွှေနှင်းက  လဲစာမေးပွဲဖြေနေသမို့ ကျွန်တော် ကိုဇေတာရာကဘဲ ကိုယ့်ထမင်းကိုယ်စား ပြီးကြီးတော်နှင်းရဲ့ နွားကိုအလကားကျောင်း ပေးပါရစေ ကျွန်တော်သိထားတဲ့ ၀ါခေါင်လ ဆိုတာလေးက ဒီလိုပါခင်မျာ….။

မြန်မာလ၁၂မှာ ၀ါခေါင်လဟာ ပဉ္စမမြောက်လဖြစ်ပါတယ် ၊ ရက်မစုံတဲ့လပါ ဝေဒပညာတွေမှာ သိဟ်ရာသီ လို့ခေါ်ဆိုရေးသားကြပါတယ် ၊   “ဝါခေါင်”လို့ ဆိုရာမှာ ဝါတွင်းသုံးလအတွင်း “ဝါခေါင် လပြည့်ကျော် (၁)ရက်ကနေ တော်သလင်း လပြည့်ကျော် (၁) ရက်နေ့ အထိ” ၁ လတာ အချိန်ဟာ ဝါရဲ့ အလယ်ဗဟို ဖြစ်တဲ့အတွက် “ဝါလယ်” ဆိုတဲ့ အနက် အဓိပ္ပါယ်ကို ယူပြီး ရှေ့လူကြီးတွေက ဝါခေါင်လို့ ခေါ်ကြတာလို့မှတ်သားဘူးပါတယ်..။

          ပုဂံခေတ် တုန်းကတော့ ဒီလကို “နံကာ” လို့ ခေါ်ဆို သုံးနူန်းခဲ့တယ်လို့ ဆရာကြီး ဦးဖိုးလတ်ရဲ့ “မြန်မာလ အမည်များ” စာအုပ်မှာ ဖတ်ရဖူးပါတယ်။ “နံ” ဆိုတာ “အချိန်အခါ၊ ကာလ” လို့ အဟော ထွက်တဲ့ အကြောင်း၊ “ကာ” ဆိုတဲ့ စာလုံးကတော့ “ပြုလုပ်တယ်” ဆိုတဲ့ သဘောပါ တဲ့။ ဒါကြောင့် ဝါတွင်း ဆောင်ရွက်စရာ ကိစ္စတွေနဲ့ ပတ်သက်သုံးရတဲ့အခါ “ဝါခေါင်”လို့ ခေါ်ကြ သုံးကြတယ် တဲ့။ “ဝါခေါင်” နဲ့ အဓိပ္ပါယ် ယူရင် “ ရဟန်းတော်များ ကျောင်း၌ နေရသော မိုးသုံးလ၏ အလယ်လ၊ ဝါလယ်လ” လို့ ပြောရပါမယ်။ “နံကာ” နဲ့ အဓိပ္ပါယ် ယူရင်တော့ “လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်လ” ဆိုရမှာပါ..။

ဝါခေါင်လနဲ့ပတ် သတ်တဲ့ ကဗျာတွေစာတွေ လွမ်းချင်းတွေ လူတားလေးတွေကို ပညာရှင်အ သီးသီး တို့က ကဗျာ့အမျိုးမျိုး စာအမျိုးမျိုး ရေးသားစပ်ဆို ကြလေရဲ့၊ အဲဒီအထဲမှာမှာ ဧရာဝတီ တိုင်း ၊ ကျိုက်လတ်မြို့ မဟာဂီတ၀ိသောဓနီ ကျမ်းပြု မဟာဂီတ ဆရာကြီးဦးပြုံးချိုက ၀ါခေါင်လဘွဲ့ လေးချိုးကို ဒီလိုလေး ရေးစပ်မှတ်တမ်းပြုခဲ့ပါရဲ့……။

လဆန်းရယ်တဲ့  ငွေဘုံဆောင်
ပြည့်ဝန်းကြယ်  သရ၀ဏ်နှင့်
နှယ်တ၀ှန်  ရှစ်ခွင်တိုင်းမှာ
မှိုင်းလို့ ရီမှောင် ။

ငွေတာရီ  သိန္ဒာငယ်တို့
ဝေဟာမှာ  အရှိန်ပြပါတဲ့
ချိန်သမယ  လ၀ါခေါင်မှာ
ငွေသောင်မြစ်  ပြည့်လျှမ်း ။

ခတ္တာငုံ
ချုပ်လွာမှုံ တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့
စာရေးတံ လှူတော်ပွဲကို
(အိုကွယ်) နွှဲပျော်ဘို့မှန်း ။


ရယ်လို့ စပ်ဆိုထားပါတယ် အဓိပ္ပါယ်ကတော့ ဒီလဒီရာသီဟာ ကောင်းကင်မှာ သရ၀ဏ် နက္ခတ်ထွန်းပါတယ် ၊ ၀ါခေါင်လမှာ လမင်းကြီးဟာ အခြားလတွေထက်ပိုပြီး တောက်ပပါတယ် ၊ နေ့ဘက်တွေမှာတော့ ကောင်းကင်တခုလုံး မဲမှောင်ပြီး ထိုင်းထိုင်းမှိုင်းမှိုင်း ရှိတတ်ပါသတဲ့၊ မြစ်တွေထဲမှာ ရေတွေဟာ အမြဲပြည့်နေတတ်သမို့ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဟုပင် ဆိုစမှတ်ပြု ကြမဟုတ်တာ မဟုတ်ပါလား ၊ ရာသီပန်းအနေ နဲ့ကတော့ ခတ္တာပန်း ပွင့်ပါတယ် မိုးနံ့သင်းတဲ့ ညနေစောင်းလေးမှာ ခတ္တာပန်းရဲ့ ရနံ့သင်းလေးက ဒီလက ၀ါခေါင်လပါဗျ လို့ပြောနေသလို ၊ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတို့ ရဲ့ ဘာသာရေးထုံး ထမ်းနဲ့အညီ ဓမ္မာရုံများ ဘုရားတန်ဆောင် ဇရမ်ကျောင်းတို့ မှာ သလာကဘတ္တ စာရေးတံမဲ ကျင်းပကြခြင်းဟာလဲ  ၀ါခေါင်လရဲ့ ထူးမြတ်တဲ့ ဘာသာရေး ပွဲတခုပေ မဟုတ်ပါလား…………..။

ရတုဝါခေါင်
တိမ်တောင်ပတ်ယှက်
သည်ရက်အခါ မုနိထွက်ထား
ရွှေစကားတွင်
ပွဲများခြိမ့်ခံ
စာရေးတံဟု
စီံမံခင်းကျင်း
လို့စာဆိုတော် ဦးယာရဲ့ ၁၂ရာသီဘွဲ့ လူတားထဲက ၀ါခေါင်လရဲ့ မူပိုင်ဘာသာရေး ပွဲတော်ဟာ စာရေးတံမဲ ပွဲဖြစ်တယ်လို့ ဒီလိုလေး လူးတားရေးပြီး ဒီလိုလေးထောက်ခံထားလေရဲ့..။

နောက်တခုက ဒီလ၀ါခေါင်ဟာ အရပ်လေးမျက်နှာ အမြဲတမ်းမိုးသား တိမ်တိုက်တွေ ဖုံးအုပ်နေ တတ်ပြီး ၊ မိုးမရွာတတ်ပါဘူး ၊ ရွာရင်လဲ မိုးကမတိတ် တတ်တော့သမို့ (၀ါခေါင်တကြောင်း ထနောင်း ၊ ကြောင်ခြစ် ဆူးရစ်ပွင့်ခါ ၊ မိုးမရွာ ရွာပါသော်လဲ မိုးမစဲလို့ ) စာဆိုတော်များ တင်စားမှတ်သားထား ကြလေရဲ့ ၊ အဲလိုတွေ မိုးတွေအုံ့ဆိုင်းနေတော့ လွမ်းချင်းရေး တတ်တဲ့ ကဗျာ့ဆရာကြီးများက အလွမ်းသမားလေးတွေ အတွက် ၀ါခေါင်လ လွမ်းချင်းလေးကို ဒီလိုရေး စပ် ကြပြန်ပါရောလား ခင်မျာ………….။

“မျှော်ယောင် သာသန်းတော့ သောင်ကမ်းငယ် ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံရွှေဘုံက၊ အကုန်ထူးတဲ့လကိုလေး။ ။ သိဟ်ရာသီငယ် နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်များ ထွတ်စွန်၊ သရဝဏ်လဲ၊ ရောင်ရှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွယ်သည် အချိန်ကို၊ ဒေဝရိန် ပဇ္ဇုန်မှူးရယ်က၊ မြူးလှတယ်လေး” အို လွမ်းစရာ့ ကောင်းပါဘိတောင်း …………။

ဘယ်လိုပင်ဖြစ်စေကာမူ ဒီဝါခေါင်လဟာ အခြားလနဲ့မတူ တမူထူးခြားသမို့ ဒီချိန်ဒီကာလ ရောက်ရင်ဖြင့် မန္တလေးတိုင်း မတ္တရာနယ်မှာ လူစုလူဝေးနဲ့ ဟိုမရောက်ဒီမရောက် အုပ်စုတွေ ခေတ်ကောင်းတဲ့လဆိုလဲ မမှားပါဘူး တောင်ပြုန်းနတ်ပွဲကြီးလေ ဂျော်ရကီးတို့ ရဲ့ပွဲတော် မင်းနှစ် ပါးရဲ့ပွဲတော် ၊ အဲဒီမင်းနှစ်ပါးဟာလဲ ဂျော်ရကီးတွေ ထင်ပါတယ် ၊ ဂေးတွေကိုလဲ မယားလုပ်ပြီး လင်သားရှိတဲ့ မိန်းမတွေကိုလဲ တော်ကောက်တယ် ဆိုလား ကြောင်တောင်ဟိုဝါ ပြုတယ်ဆိုလား ဘာလား ညာလားပေါ့ဗျာ ၊ ဒီပွဲတော်ကြီးကတော့ ဘာသာရေးနဲ့ဆိုင်တဲ့ပွဲတော် လို့နာမည်တပ် ထားပေမဲ့ တကယ့်ဗုဒ္ဓဘာသာ စစ်စစ်တွေတော့ မသွားဘူးလို့ မှတ်သားထားဘူးလေရဲ့ ၊ သွားတဲ့ လူတွေကလဲ မူးရူးရန်ဖြစ် တွေ့ရာသေးပေါက် ပြီးပြန်လာကြ လို့မို့ ဆရာတော်ဘုရားကြီးများက လူ့တော်သလင်းပွဲ လို့တောင်သမုတ်ထားကြလေရဲ့ လယ်တီဆရာတော်ဘုရားကြီးကတော့ တနှစ်တခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဆိုတာ အဲလိုပွဲတော် တွေထင်ပါ့ ၊ မည်သို့ပင်ဖြစ်စေကာမူ ဒီလ၀ါခေါင်ဟာ အခြားလနဲ့မတူ တမူထူးခြားတာကတော့  ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေအတွက် စာရေးတံမဲ ပွဲတော် ၊ ဗုဒ္ဓဘာသာ ၀င်မဟုတ်သော လူများအတွက် တောင်ပြုံးနတ်ပွဲ ၊ ဆိုပြီး ထူးထူး ခြားခြား  နှစ်သီးစား လလေးပေမို့ ပျော်ရွှင်စရာကောင်းလိုက်ပါဘိတောင်း ၊ ဟုတ်ကဲ့ကျွန်တော်ဇေ တာရာပါခင်မျာ…………………။

4 comments:

မဗေဒါ (၈၈) said...

မောင်ဇေ..

နေကောင်းပါတယ်.. မိုးတွေ ဖြိုင်ဖြိုင်ရွာနေတဲ့ နော်ဝေးက ဝါခေါင်လကြောင့် စိတ်တွေ အင်မတန် ညစ်နွမ်းနေရင်း ရောက်ရှိလာပါတယ်..။ မိုးတွေကတော့ တကမ္ဘာလုံး ထင်တာပဲ.. ကြောက်စရာလန့်စရာကို ဖြစ်နေတယ်.. မြန်မာပြည်တော့ ထူးထူးခြားခြား မကြားရဘူး (ကြားလည်း မကြားရက်ဘူး.. လယ်သမားတွေ အဆင်ပြေ စိုက်ပျိုး နိုင်ကြပါစေလို့ ဆုတောင်းတယ်..။ )

ပန်းကလေးက ခတ္တာပန်းလား.. မမှတ်မိတော့ဘူး.. (အဲလောက် ဗဟုသုတ ပြည့်စုံသူပါ..) မသိတဲ့ ကဗျာတွေ ဖတ်သွားတယ်..။ စာဆိုကျော်တွေ တော်ပါလေရဲ့..။

မောင်ဇေ ရေးထားတဲ့ နောက်ဆုံးပိုဒ် က ` ဟိုမရောက် ဒီမရောက် ` တွေ ဆိုတဲ့ အသုံးအနှုန်း ကိုတော့ မကြိုက်ဘူး.. ကိုယ့်လို မဟုတ်တာနဲ့ ကျန် သူကို အပြစ်.. ဒါမှမဟုတ် စော်ကားတာမျိုးတွေ မလုပ်သင့်ဘူးလို့ ဗေဗေ မြင်မိပါတယ် ..။ တခါတလေ ကိုယ် နားမလည် ခံစားပေးလို့ မရတာတွေ ရှိတက်တယ်မလား.. ။ အဲဒီအတွက် အဲလို လူမျိုးတွေကို မနှိမ်သင့်ဘူး.. မခွဲခြားသင့်ဘူးလို့ မြင်မိပါတယ် မောင်ဇေ..(ဆရာမကြီး လုပ်သွားခြင်း)

ဗေဗေ (၈၈)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝါခေါင်လ ဆိုတာကတော့ အထွတ်အမြတ်လ တစ်ခုပါဘဲ...
အဲ.. တောင်ပြုံးပွဲဆိုတာကတော့ တို့လဲ တစ်ခါမှ မရောက်ဖုးလို့ သေချာမသိဘူး
လူများလွန်းလို့ သွားချင်စိတ်လုံးဝမရှိတဲ့ နေရာတစ်ခုပါဘဲ..
အင်း ပျော်ပါစေလေ သူတို့လဲ တစ်နှစ်တစ်ခါ ပျော်ရရှာတာကိုးးးးးးးးးးး

Zay Tar Yar said...

ဟုတ်ကဲ့ပါဗေဗေ ဇေကအဲလိုသဘောရှိပါတယ်
အဲလိုဟိုမရောက် ဒီမရောက်တွေကို နှိပ်ကွတ်ချင်တဲ့ အထုံဝါသနာလေးရှိတယ် ဒါမို့လို့ရေးမှိပါတယ် နောက်ဆင်ခြင်ပါ့မယ် ဗေဗေ ကျေးဇူးတင်ပါတယ် ဗေဗေခင်များ....။

Unknown said...

အလည်ရောက်လာပါသည်
မှတ်သား စရာတွေ အတွက်
ကျေှးဇူးပါ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...