နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday, 31 May 2010

ဒီနေ့



ခု ကျွန်မ ဘလော့လေး အသက် ၁ လ ပြည့်ပါတယ်..။ တနေ့ ကို တပုဒ်နှုန်း တင်နိုင်အောင် ဇေ နှင့် ကျွန်မ ရှာရှာဖွေဖွေ ကြိုးကြိုးစားစား ရေးကြပါတယ်…။ ဘလော့ရေးတယ် ဆိုတာကလဲ အွန်လိုင်းမှာ အမြဲတမ်းရှိနေကြပါတယ်…။ ကျွန်မတို့လို ဘလော့ဂါ ပေါက်စ တွေပျော်ခဲ့ရတဲ့ ဖြစ်ရပ်ကလေးတွေ ပြောပါချင်ပါတယ်..။
ကျွန်မဆို စစချင်း ကိုယ်ရေးထားတာလေးတွေ publish လုပ်လိုက်ပြီး page ပေါ်မှာစာတွေပေါ်လာရင် ကျေနပ်ပီတိ ဖြစ်မိတယ်ပေါ့…။ ဒါတောင်ဘယ်သူမှ မဖတ်သေးဘူးနော်..။ ကိုယ့်စာကို ကိုယ်ဖတ်ကြည့်တဲ့ အဆင့်ပဲရှိသေးတယ်..။ အဲမှာ စစချင်း နာမည်ကျော် ဘလော့တွေလည်ကြတယ်ပေါ့..။ လင့်တွေထားခဲ့ ၊ ပြီးတော့ ကိုယ်ကလဲ လင့်တွေချိတ်ပေါ့…။ အဲမှာ ဇေတာရာ ဆိုတဲ့ စာဂျပိုးက ကျွန်မဘလော့ရဲ့ ပထမဆုံး စာဖတ်သူပေါ့…။ စီပုံးမှာ စစချင်းအော်ခဲ့တာလဲ ဇေ ပါပဲ…။ သူက ဘယ်ပိုစ့်က ဘာပေါ့ ..၊ ဘာလိုတယ်..၊ ဘယ်လိုလေးရေးပါလားဆိုပြီး အကျန်ပေး..အဲ  အကြံပေး ဝေဖန်လေကန်ပြီး ဆရာကြီးလုပ်တယ်ပေါ့…။ အဲမှာ ကျွန်မက နင်လဲ ရေးပါလား..။ ငါပိုစ့်မှာ တပုဒ်လောက်ရေး ပေးပါဆိုပြီး တောင်းတော့ သူက ဟာ… မရေးချင်ပါဘူး ဆိုပြီးငြင်းတယ်များထင်သလား…၊ ပြောတာက တကယ်လား ?? တဲ့ ။ အဲမှာသူက ရေးတော့တာပါပဲ…။ သူ့ရဲ့ အရည်အချင်းတွေ ကိုတော့ လက်ဖျားခါခဲ့ပါတယ်..။ ဇေ ဟာစာတော်တော် ဖတ်တဲ့ သူမှန်း အဲမှာ သိလိုက်ပါတယ်..။ သူရေးသမျှကို စာလုံးပေါင်းစစ်ရ ၊ စာပုဒ်ခွဲရတဲ့ တန်ဆာဆင်ရတဲ့ အလုပ်ကို ကျွန်မက ဒိုင်ခံ လုပ်ရပါတယ်..။ စာတွေက ကောင်းပြီး စာလုံးပေါင်းမှားမှားကြီးတွေ နဲ့ တင်လိုက်ရင် စာရေးဆရာ နာမည်ပျက်မှာ စိုးလို့ပါ ( အမှန်တော့ ကျွန်မဘလော့လဲ မျက်နှာငယ်မှာ  စိုးလို့ပါ )းP ။
တနေ့တနေ့ သူရေးပြီးသမျှတွေ ပြင်နေတာ ကျွန်မ စာတွေ မဖတ်ဖြစ်တော့ ပါဘူး ၊ စာတွေမဖတ်ဖြစ်တော့ ဘာစာမှ မရေးဖြစ်တော့ ဘူးပေါ့ ..။ အဲချိန်ကြရင် သူက ကျွန်မ ကိုဆူပါတယ်… ဘလော့ ပိုင်ရှင်ဖြစ်ပြီး သူ့လောက်တောင် အက်တစ် မဖြစ်ဘူးတဲ့…။ အဲ ဘလော့ အကြောင်းပြောနေရာ ကနေ ဘယ်လိုလုပ် ဇေတာရာ ဂုဏ်ဖေါ်နေမိပါလိမ့်..။ခုပြန်ပြောမယ်…ဘလော့မှာ လူအများဆုံး စလာတာ ၂၃ ယောက်တောင်ရှိတယ်တဲ့… ((အိုး)) ပျော်လိုက်နော်…. ။ ညဘက်ဆိုရင် ကျွန်မက အွန်လိုင်းဆက်မသုံးနိုင်တော့ ဇေ့ ကို အိမ်စောင့်ထားခဲ့ ပါတယ်..။ နောက်နေ့ ဇေ က ဒီနေ့  ဘယ်နှယောက်တောင် လာတယ် ဆိုပြီး မက်စိ အဲ မက်ဆေ့ခ်ျ ဆိုတာ ထားခဲ့ပါတယ် ။ သူနဲ့ ကျွန်မ ပင်တိုင်ရေးခဲ့ တာက တေးထပ်တွေပါ..။ တေးထပ် တွေကို ဖတ်ပြီး တေးထပ်အကြောင်းတွေ ကို သူက ပဲ ရှင်းပြခဲ့ တာပါ..။ ပြီးတော့ ဇေ က ဇေနဲ့ ပတ်သတ် တဲ့ မိသားစုအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ၊သူ့အကြောင်း အမှန်အကန် တွေကို ဟာသ နှောပြီး ရေးတတ်လို ၊ (ကြောက်ပါပြီ ဖေဖေ ) လိုသူတို့ ရဲ့ အကြောင်းတွေကို အတုယူတတ်အောင် ရေးခဲ့ပါတယ်..။ ခုပြောချင်တာ  ကျွန်မတို့ ရေးထားသမျှတွေဟာ သူများတွေ အကြောင်းကို ခံစားပြီးရေးထားတာ မဟုတ်ပဲ ကျွန်မတို့ ဖြတ်သန်းခဲ့ရ တဲ့ အကြောင်းတွေကို ရေးထားတာလို့ ပြောချင်တာပါ…။
 ဘလော့ရေးပြီးပြီ ဆိုရင် ကွန်မန့် တွေကိုလဲ မျှော်တတ်ကြပါတယ်…။ သူငယ်ချင်းတွေကိုတော့ အတင်းဖတ်ခိုင်းပြီး အတင်းကွန်မန့် မလုပ်ခိုင်းပါဘူး..။ ကျွန်မ ဘလော့ ရေးနေတယ်ဆိုတာ ကျွန်မ သူငယ်ချင်းတွေ တောင်မသိပါဘူး..။ အွန်လိုင်း မိတ်ဆွေတွေ ပဲသိကြပါတယ်..။ ကွန်မန့် ၁ ခုစစချင်းရတော့ တနေကုန် အဲကွန်မန့် လေးကိုပဲ tab တခုဖွင့်ပြီးကြည့်နေပါတယ်…။ ဇေ ရဲ့ ပိုစ့်မှာ ကွန်မန့် ၈ ခုရတော့ ပျော်တဲ့ အပျော်ဟာ…ခုထိမမေ့ နိုင်ပါဘူး…။ သူကတော့ ပြောပါတယ် တွေ့ပြီမလား ဇေ ဘာကောင်လဲဆိုတာ ဆိုပြီးပြောပါတယ်..  :P ။ တခါက ဇေ့ ဘက်မှာ စီဘောက်ကြီးက မဲနေတာကို သူတွေ့တော့ ကျွန်မ ကို ((( နှင်း..စီဘောက်က ဘာဖြစ်သွားတာတုန်းးးးး ၊မဲနေတယ် လုပ်ပါအုံးးးး၊ ဒါမှမဟုတ် မင်းဘာလုပ်လိုက်တာလဲ ဆိုပြီး ))) ဂျီတော့ ကနေ ရန်တွေ့ပါတယ်….။ ကျွန်မလဲ လန့်သွားတယ်…ဟာ ဘာဖြစ်တာလဲပေါ့…နောက်တော့မှ ကွန်နက်ရှင်ကြောင့် မဲနေတာတဲ့…။ ခုကောင်းသွားပြီတဲ့…။ ဟူးးးး ကျွန်မတို့ ဘလော့လေး တခုခု ဖြစ်သွားပြီလား ဆိုပြီး လန့်တောင် သွားတယ်…။
 ပြီးတော့ နာမည်ကြီး ဘလော့ဂါ အန်တီခင်ဦးမေ တို့ ၊ ဦးလူထွေးတို့ ၊ ကိုမြစ်ကျိုးအင်း တို့  ၊ ကိုဖိုးစိန်တို့ လာလည်ရင်လဲ တပြုံးပြုံးပေါ့ ၊ ပြီးတော့ ဘလော့အိမ်လည်ရတာလဲ အကျင့်ဖြစ်နေပါတယ် ။ ကျွန်မ ကို ဘလော့ရေးဖြစ်အောင် တိုက်တွန်း ခဲ့တာ ကိုကိုးအိမ် ပါ..။ အစက ကျွန်မ  စာအုပ်တွေမှာ ၊ ကျွန်မရဲ့ ဒိုင်ယာရီ ထဲမှာပဲ ရေးတာပါ့…။ ဘလော့တွေကိုတော့ ဖတ်တာ တော်တော်ကြာပါပြီ ၊ အားကျနေရုံက လွဲပြီး ဒီလိုရေးဖို့ လက်တွန့် တွေးကြောက်နေခဲ့ တယ်ပေါ့..။ ကိုကိုးအိမ်က ဘလော့စပေါ့ မှာရေးပါလား ၊လုပ်ရတာ လွယ်တယ် ၊ ဆိုပြီး ဘယ်လိုလုပ်ရတယ် ဆိုတာ သင်ပေးခဲ့ပါတယ်… ။ ကျေးဇူးတင်ပါတယ် ကိုကိုးအိမ် ရေ..။
ဇေ နဲ့ ကျွန်မ ပိုစ့်တွေ တင်တာ ၂ ပတ်လောက်ကြာလာတော့ ကျွန်မ ဘလော့မှာ ၂ ယောက်ရေးတာလားလို့ မေးကြပါတယ်.. ၊ ကျွန်မဘလော့ရဲ့ စာရေးဆရာ ကို မိတ်ဆက်ဖို့ မေ့သွားတာပါ..။  တချို့ တွေက ပြောပါတယ် တယောက်ထဲ သန့်သန့် လေးရေးပါလားတဲ့..။ ဒါဆို ဇေ ကညစ်ပတ်နေလို့ လားပေါ့…။ သူပဲ ရေ နေ့တိုင်းမချိုးလို့ လား ၊ အီးပါပြီးတိုင်း ဒီအတိုင်းပဲ ထွက်လာတတ်လို့ များလားပေါ့..။ ဒီလောက်စာရေးတော်တဲ့ ဇေတာရာ ကို ကျွန်မ စာမူခ တလကို စတာလင်ပေါင် ၁၀၀၀၀ ပေးပြီးဌားထားရတယ်ဆိုတာ ခုပဲ ကြေငြာလိုက်ပါတယ်..။ ဒီနှုန်းက သူတောင်းတဲ့ ဈေးပါ..။ သူ့က တလကို အဲလောက်ပဲပေးပါ ဆိုပြီး ကွန်ပလိမ်း တက်ပြီး တောင်းတာပါ ။ ကျွန်မက ပေးမယ် ဆိုပြီး အာမဘန္တေ မခံထားပါဘူး ။
ပြီးတော့ ပြောကြပါတယ်..။ ဇေတာရာ ကို အိမ်ခွဲရေးပါလို့ တောင်းဆိုကြတဲ့ သူတွေရှိပါတယ် ။ ကျွန်မ နဲ့ စာချုပ်မချုပ်ထားပါဘူး …။ သူဘာသာ သူခွဲရေးမယ်ဆိုလဲ ရေးလို့ရပါတယ်…။ ကျွန်မ ဘလော့ကနေတော့ ဘယ်တော့မှ မောင်းမထုတ်ပါဘူး  ။ ကျွန်မကလဲ အတ္တကြီးပြီး အတင်းဆွဲ ထားတာလဲ မဟုတ်ပါဘူး ..။ အဲဒီ အကြောင်းကိုလဲ သူနဲ့ ကျွန်မ ဆွေးနွေး ဖူးပါတယ် ..။ ကျန်တာ သိချင်ရင် ကိုကိုဇေ ကိုသာမေးပါရန်… ။
ခုတော့ ဘာလိုလို နဲ့ ကျွန်မ ဘလော့လေး အသက် ၁ လ ပြည့်သွားပါပြီး ။ ကျွန်မ တို့ ဒီနေရာ လေးမှာ ပဲ ခံစားမိတာတွေ ကို မရေးတတ်ရေးတတ်နဲ့ ရေးကြပါတယ် …။ မကောင်းတာတွေ ၊ မှားတာတွေ ၊ အလိုမကျတာတွေ ကို အားမနာတမ်း ဝေဖန်ပေးကြပါ…။ ပြီးတော့ မှန်တာတွေ ၊ ကောင်းတာတွေ ဆိုရင်လဲ ကွန်မန့် လေးတွေချီးမြှင့်ခဲ ကြပါလို့ ……………။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင့်………..။   ။

Sunday, 30 May 2010

ဇေ...ပုံပြောပြမယ် ...


ကျွန်တော်က ဟာသပုံပြင်လေးတွေပြောပြောပြီး သူငယ်ချင်းတွေကိုစည်းရုံးတတ်တဲ့အကျင့်ရှိ တယ် ၊ သူငယ်ချင်းတွေကလဲ ပုံပြင်လေးတွေကိုနားထောင်ပေးတယ် ၊ သူတို့ပြောပြရင်လဲနား ထောင်ပေးတော့ ကျေးဇူးခံကျေးဇူးစားအနေနဲ့ ပြန်နားထောင်ပေးတဲ့သဘောပါ ၊ သူငယ်ချင်းက များများ စားစားလဲမရှိပါဘူး ၊ ရန်ကုန်မှာတုန်းက တော့ ၁၀ယောက်လောက်ရှိတယ် ၊ ဘယ်သွား သွား ပူးတွဲပူးတွဲနဲ့မို့ ၊လင်မယားလို့လဲ သမုတ်ကြပါတယ် ၊ ဘယ်လိုဘဲဖြစ်ဖြစ်လေ ရွယ်တူတွေ မသောက်မစား မရမ်းမကားဘဲ ၊ တဟီးဟီး တဟားဟား လူရှေ့မရှောင်သူရှေ့မရှောင် ရီနိုင်မောနိုင် တာကိုက ၊ ပျော်စရာကြီးမဟုတ်လား ။
ဒီကိုရောက်တော့လဲ သူငယ်ချင်း ခြောက်ယောက်လောက်ထပ်ရတယ် ။ သိတဲ့အတိုင်းဘဲလေ  ရတနာရှိရာ ရတနာလာဆိုတော့  ဗရုသုက္ခရှိတဲ့ ကျွန်တော့နေရာကို  ၊ ဗရုသုက္ခသူငယ်ချင်းတွေဘဲ လာတယ် ။ ဒါပေမဲ့ ရောက်စကတော့ ဆရာကြီးတွေဘဲ ၊ အထာကြီးတွေနဲ့ ဘုရင်ခံသားလိုလို ၊ ဝေလမင်းသားလိုလို ၊ ချားမင်းသားလိုလို အဲလိုကောင်တွေပေါ့ ၊ ဘိုလိုကလဲညှပ်ညှပ်သုံးသေးတယ် ။ ဗမာအချင်းချင်းကို ဘိုလိုလာပြောတာလောက် မျက်စိနောက်တာမရှိဘူး ။ အဲဒါနဲ့ စဉ်းစားရတော့တာပေါ့  ဒီကောင်ခြောက်ကောင်ထဲမှာ ဘယ်ကောင်က ဗိုလ်လဲပေါ့ ၊ အဲထဲမှာ ထက်မြတ်ဆိုတဲ့ ကောင်ကဗိုလ် အခုတော့ တွတ်ပီအမည် ခံယူထားတဲ့ကောင်ပေါ့ ။ လူကတော့ လူလည်ပါ  ဒါပေမဲ့ တပတ်မပြည့်တာ ဆိုးတယ် ။ မသိတာ ဘာမှ မရှိသလို မတတ်တာလဲဘာမှမရှိဘူး ။ အစုံလုပ်နိုင်သလို အစုံလဲပြောနိုင်တယ် ။ ဒါပေမဲ့ ဘာမှတိတိကျကျမသိဘူး ၊ သေသေချာချာမေးလိုက်ရင် တလွဲကများတယ် ။ အဆောင်တူတယ်ဆိုတော့ ၊ အလာဘ သလာဘလေး ပြောရအောင် ကိုယ်ကစပြီး ချုပ်ရမယ်ပေါ့ ဒါနဲ့ ၊ အိပ်ထဲပါလာတဲ့ ၊ လဖက်တို့ ဘာတို့ထုတ်ပြီး သူငယ်ချင်းတို့လာကြဟေ့ ဘာညာနဲ့ အဘိယာစကပြုလိုက် တော့ရောက်ချလာပါတယ် ။ ဒါပေမဲ့အဲထဲမှာ ထက်မြတ်မပါဘူး ။ သူကဆရာကြီးဆိုတော့ သွား  ပြီးသပ်သပ်ပင့်ရတာ ။ လူကတော့တော်တော်ချင်တယ်စတွေ့ကတည်း ထောင့်မကျိုးတာဘဲ ။ ကဲသူငယ်ချင်းတို့ စကားလေးဘာလေးပြောရအောင် ဆိုပြီး ညရှစ်နာရီလောက်ကတည်းက ထိုင် ပြောကြတယ် ။ ဘုရားထီးတင်တဲ့အကြောင်းပါတယ် ၊ ဆော်ကိစ္စပါတယ် ၊ အပိုလို၁၂အာကာသ လွန်းပျံယာဉ်အကြောင်းပါတယ် ၊ ဂိမ်းမျိုးစုံအကြောင်းပါတယ် ၊ ရတနာမိုင်အကြောင်းပါတယ် ငြင်းကြခုန်ကြ မင်းကဘာသိလို့လဲ ငါကအဲအိမ်နားနေလာတာကွ ။ မင်းဂိမ်းဆော့တယ်ဆိုတာ ပျင်းတောင်ပျင်းသေးတယ် သုံးရက်ဆက်တိုက် ဆော့ဘူးတယ်ကွ ၊ ငါက ပြည်ပကို၅နိုင်ငံလောက် ရောက်ဖူးတယ် ။ ငါ့အဖေကဘာညာ ၊ ရောက်တတ်ရာရာတွေပြောလိုက်ကြတာ ၁၀နာရီထိုးလို့လဲ မပြီးဘူး ။ လဖက်ပုဂံလဲ ခွေးလျှက်သထက်ပြောင်နေပြီ ၊ အဲချိန်ထိ ကျွန်တော်က တခွန်းမှမပြောရသေးဘူး  ။ တရားနာပရိတ်သတ်လုပ်တုန်း ၊ နားဒုက္ခရောက်လိုက်ပုံတော့ ပြောရင် ငိုတောင်ငိုချင်ပါတယ် ။ အဲ ဒါနဲ့ ကိုယ်ကစပြီး ဟာသလေးဘာလေးပြောကြပါလားကွာ ၊ ငါက ဟာသတို့ အပြောင်အပျက်တို့ သိပ်ဝါသနာပါတယ်လို့ ပြောလိုက်တော့ ကိုတွပ်ပီကဘဲစပြောတော့တာဘဲ ၊ သိပ်မရီရပါဘူး အဲဒါ နဲ့ကိုယ့်အလှည့်ရောက်ပြီဆိုကြပါစို့။

Saturday, 29 May 2010

အိမ်သာစာ...


Latrine; toilet; lavatory; water closet.





အိမ်သာစာဆိုတာကြားဘူးကြလားတော့မသိဘူး ။ အများစုကတော့ ခေါင်းလောင်းမှာရေးကြ၊  နောက် ဘုရားစေတီတွေ မှာရေးကြ ၊ အင်းယားလိုနေရာမှာလဲ အပန်းဖြေဘို့ လုပ်ထားတဲ့ ထိုင်ခုံလေးတွေ ရှိကြတော့ အဲလိုနေရာတွေ ရေးကြတယ် ။ တချို့ကတော့ ဘက်စ်ကား ထိုင်ခုံမျိုး၊ ဘူတာထိုင်ခုံလေး တွေမှာလဲ ရေးတတ်ကြတယ်လေ ။ စာလေးတွေက ၀မ်းနည်းစရာလေးတွေ ရေးခဲ့ကြသလို ၊ ၀မ်းသာစရာလေးတွေ ၊ အမှတ်တရလေးတွေ  ရေးကြတယ် ။ ရွှေတိဂုံပေါ်မှာရေးခဲ့တဲ့ စာလေးတခုကြတော့ (၂၁ . ၈ ၂၀၀၃ သူနဲ့လာချိန်းတွေ့တယ် ပျော်လိုက်တာ) တဲ့အဲလိုလေး...။ အင်းယားက ထိုင်ခုံတခုမှာကြတော့ (ကျော်ကျော်ဖာဂေါင်း) တဲ့။ နောက် စိမ်းလန်းစိုပြေထဲက ခုံတစ်ခုမှာ ဖတ်လိုက်မိတာကြတော့ ၀မ်းနည်းစရာလေးဘဲ (ချစ်သောသူငယ်ချင်းများနဲ့ နောက်ဆုံးစားသောက်ပျော်ပါးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် တဲ့) အဲလိုလေးတွေပေါ့လေ ။ လွမ်းမောစရာလေးတွေ ၊ ပျော်ရွင်စရာလေးတွေ ၊ ၀မ်းနည်းစရာလေးတွေပေါ့ ။ အဲလိုစာမျိုးလေးတွေကို မြန်မာနိုင်ငံ အရပ်ရပ်က စေတီပုထိုးတွေ ၊ ထိုင်ခုံတွေ ၊ ခေါင်းလောင်းတွေမှာ ရေးတတ်တယ်ကြတယ်လေ ။ အများစုကတော့ အမှတ်တရနဲ့ ရေးကြတာပါ ။ ဘုရားမှာရေးခဲ့ရင် ဘုရားစာပေါ့ ၊ ခေါင်းလောင်းမှာရေးရင် ခေါင်းလောင်းစာ လေ ၊ ထိုင်ခုံမှာရေးတော့ ထိုင်ခုံစာ ၊ အိမ်သာမှာရေးတော့ အိမ်သာစာဖြစ်ကရော......။

အခုရေးမဲ့ဟာက အိမ်သာစာအကြောင်းပါ ။ အိမ်သာစာရေးရင် ကျွန်တော့အကြောင်းပါ အရင်ပြောမှဖြစ်မှာမို့ နဲနဲပြောပါရစေ ။ ကျွန်တော့်မှာ ရောဂါတခုရှိတယ် အိမ်မှာနေရင် တနေ့တခါဘဲ ရေအိမ် ၀င်တယ် ။ အပြင်သွားရင် ခဏခဏ ရေအိမ်သုံးတတ်ပါတယ် ။ ဘယ်လိုသဘောလဲမသိပေမဲ့ ဒါကအကျင့်လိုကို ဖြစ်နေပါပြီ ။ မရမ်းကုန်းမြို့နယ် တလွှားမှာတော့ ကျွန်တော်မသုံးဘူးတဲ့ အိမ်သာမရှိပါဘူး လို့ပြောရင်တောင် လွန်မယ်မထင်ပါ... junction8 ကအိမ်သာဆိုရင် သက်စေ့တောင်မကတော့ပါဘူး ၊ Ocean ကအိမ်သာဆိုလဲ မဆိုးပါဘူး သက်စေ့လောက် တက်ခဲ့ဘူးပါတယ် ။ မြိုင်ဟေ၀န်  ပန်းခြံထဲက စည်ပင်သာယာအိမ်သာလဲ တတ်ဘူးပါတယ် ။ ကမ္ဘာအေးဘုရားဝင်းထဲက စည်ပင်သာယာ အိမ်သာ ဆိုလဲမလွတ်သလို ၊ ဂမုန်းပွင့် ၊ ပန်းဆိုးတန်းလမ်းက ဂျေနိုးနပ် ၊ ကုန်တိုက်တခုကို ရောက်သွားရင် မ၀ယ်ဘဲသာပြန်လာတာရှိရမယ် အီးအီးမပါဘဲနဲ့တော့ ဘယ်တော့မှပြန်မလာဘူး ။ အော် လမ်းမတော်လမ်းက စည်ပင်သာယာအိမ်သာကြီးလဲ တတ်ဘူးပါရဲ့ ။ ဟိုစိမ်းလန်းစိုပြေထဲက အိမ်သာဆိုရင် လူကိုတောင် အဲက ဘွားတော်ကမှတ်မှိနေပြီ ။ ဟိုအတွင်းထဲက ဆိုင်ကပြောတာမ ဟုတ်ဘူးနော် ။ အင်ယားထဲဝင်သွားရင် အရင်ဆုံးတွေ့ရတဲ့ ဆိုင်.. အဲဆိုင်က တခါတက်မှ ၂၀လားရယ် တန်တယ် နဲနဲတောနံသပေါ့ ။  နောက်ပြည်သူ့ရင်ပြင်အိမ်သာ ၊ ဟတ်ပီးဝေါ ၊ နောက် မန္တလေးရောက်တော့ မဟာမြတ်မုနိဘုရားကြီးထဲက အိမ်သာ ၊ မန်းတောင်ပေါ်က အိမ်သာ ၊ နန်းတွင်းထဲက အိမ်သာ တော်တော်စုံပါပြီ ။ ဒီတော့ အိမ်သာကျွမ်းကျင် (သို့မဟုတ်) အိမ်သာအတွေ့အကြုံရင့်ကျက်သူ လို့ပြောရင်လဲရပါတယ် ။

Friday, 28 May 2010

ရောင်စုံဘောလ်ပင်


ဘာအရောင်နဲ့ ရေးရေး
စကားလုံးတွေ အဓိပ္ပါယ်မပြောင်းဘူး…
အစိမ်းရောင်နဲ့ရေးလဲ သစ်ရွက်ပဲ
အ၀ါရောင်နဲ့ရေးလဲ သစ်ရွက်ပဲ
ဝေမယ် ၊ ကြွေမယ် ၊အဓိပ္ပါယ်…
ရောင်စုံဘောလ်ပင်လေး ရတဲ့နေ့ကစပြီး
ရောင်စုံစာလုံးလေးတွေ ရေးမိတယ်
ကောင်းကင် ၊ ပင်လယ်
တောင်တန်းနဲ့ ကျွန်မနာမည် …
တွေးမယ် ၊ ငေးမယ်
ကျွန်မစာမျက်နှာများ
အစွန်းအထင်းများလှတယ် …
ကုန်ကြမ်းပေးပင်မဲ့
ကုန်ချောမရခဲ့ …
ဘ၀ရယ်
တစ်ခုလောက်တော့ အောင်မြင်ချင်ပါရဲ့ …
ဘာပဲဖြစ်ဖြစ်
အရောင် အနံ့ အရသာကင်းမဲ့တဲ့
ရေတစ်ခွက်တော့ သောက်ချင်မိတယ်… ။   ။



Thursday, 27 May 2010

မြို့ရောက်ဘကြီးထော်က တောရှိဇနှီးထံပေးစာ

ဟဲ့…မခင်မြ

မြို့ဆိုတာတယ်ကောင်းကိုး ။ဒီကမင်းရဲ့တူတွေဆီက ကွန်ပျူတာဆိုတာများ အင်္ဂလိပ်ခလုတ်တွေ တဗြောင်းဗြောင်း နှိပ်တာများ တယ်လီဗေးရှင်းပေါ်မှာ မြန်မာစာတွေပေါ်တယ်ဟ ။

အလုပ်တွေကလဲ များနေတာပဲ ။ငွေကိုင်စာရေးတစ်ယောက်လိုလို့တဲ့ ရှာနေတယ် ။ငွေကိုင်စာရေးအဟောင်းကိုလဲ ရှာနေတယ်ပြောတာပဲ ။

မင်းတူလဲ မိန်းမရပြီးကတည်းက ထမင်းစားကောင်းလိုက်တာတဲ့လေ ။

တို့တူဝရီး ၂ ယောက်ဆိုင်တွေချည်းထွက်စားနေကြတာပဲ ။အမယ်..သူ့မိန်းမက အချက်မပြုတ်တော့တတ်တယ်ပြောတာပဲ ။ခင်ဗျားတူကသာ မစားတတ်တာ။

သူ့မော်တော်ကားကလဲ သိပ်ကောင်း ။ရပ်ထားတဲ့ အချိန်ဆိုငြိမ်နေတာပဲ ။ရန်ကုန်ကနေ မန္တလေးသွားတာ ဘရိတ်ရှူး ၆ ခုဆောင်သွားရတယ် ။မန္တလေးက ပြင်ဦးလွင်တက်တော့လဲ ခဏလေးနဲ့ ရောက်သွားတယ် ။ကျုပ်တို့က သူများကားနဲ့တက်တယ် ၊သူ့ကားက မီးရထားနဲ့တက်တယ် ။တောင်ဆင်းများတော့မြန်လိုက်တာ တ၀ှီးဝှီးပဲ ။ရပ်ခိုင်းတာတောင်ရပ်လိုက်လို့မရဘူး ။

အခုဆေးရုံပေါ်ကနေရေးလိုက်တာ ။

ဆေးရုံကြီးကလဲ သိပ်ခန်းနားတာပဲဟာ ၊ သူနာတွေအပြည့်ပဲ ၊တော်ရုံကျန်းမာတဲ့လူနာကတော့ မတ်တပ်ရပ်အိပ်ရတယ် ။

မနက်ပိုင်းမှာ ဆ၇ာဝန်လေးက ခန့်ကခန့်သဘိနဲ့လာပြောတယ် ။

ဘကြီးကို သတင်း ၂ခုပေးစရာရှိတယ် ။

၁။ဘကြီးဟာကျွန်တော်တို့ ခွဲစိတ်တာကို ကောင်းကောင်း ခံနိုင်ရည်ရှိတယ် ။သိပ်ကျန်းမာတာပဲ ။၂..။ ကျွန်တော်တို့ ကောင်းတဲ့ခြေထောက်တစ်ချောင်းကို မှားဖြတ်မိတယ် ။အမှန်အတိုင်းပြန်ဖြတ်ဖို့ ဆေးရုံမှာပြန်ပြအုံးမယ်..ဆိုပဲ ။

တော်သေးပြီ ။ခုထိတော့ကျန်းမာပါ၏ ။

မောင်ထော်

စာကြွင်း။ မြို့ဆိုတာကျန်းမာနေရင် တယ်ကောင်းကိုး ။

(ကေဂျေဟာသများမှ ကောက်နုတ်ဖေါ်ပြသည်။)

Wednesday, 26 May 2010

တွတ်ပီနဲ့ဘုန်းကြီး

ယိုးဒယားလူမျိုးတွေ နတ်အယုံအကြည်ရှိတယ် ။ အင်း ၊ အိုင် ၊ ခလှဲ့ ၊ လက်ဖွဲ့၊ ဗေဒင် ၊ ယတြာ ဓာတ်ရိုက် ၊ ဓာတ်ဆင် ၊ သိပ်ဝါသနာပါကြတယ် ။ လူတိုင်းဗေဒင်မေးကြတယ် ။ ဦးအောင်ဇေယျရဲ့ ဘာဆိုလား (အဲဒါလေးလဲ) ဆောင်ကြတယ် ။ မဆောင်ရင်ဘာဖြစ်တုန်းဆိုရင် ခေါင်းကိုက်နာစေး အစရှိတဲ့ စမ်းသပ်လို့မရတဲ့ ရောဂါတွေဖြစ်တယ်တဲ့ ။ အဲကိုရောက်တဲ့ မြန်မာတွေလဲဓာတ်ကူးတာ နဲ့တူတယ် ။ ဦးအောင်ဇေယျရဲ့ ဟ၀ါကို ဆောင်ကြတယ်လေ။ ခါးမှာချီထားရတာ...ကျွန်တော်တို့ကတော့ လူငယ်တွေဆိုတော့ ရှက်တာကိုး မဆောင်ပါဘူး။ အော် တနေ့ကျတော့ သူငယ်ချင်းတယောက်က သတင်းထူးပါလာတယ်ဆိုလို့ ဘာလဲလို့ မေးကြည့်တော့ ချင်းမိုင်မှာ ထိုင်း အခေါ် လုံဖော မြန်မာလိုဆိုရင် ဘုန်းကြီးပေါ့။ ဗေဒင်မှန်တဲ့ ဘုန်းကြီးတပါးရှိသတဲ့ ။ တို့သွားမေးကြမယ်ဆိုပြီး လူတွေစုလိုက်ကြတာ တရုံးရုံးဘဲ ။ အဲဒါနဲ့ ဘန်ကောက်ကနေ ချင်းမိုင်ရောက်ပြီဆိုကြပါတော့ဗျာ ။ ဘုန်းကြီးနဲ့တွေ့ပြီ ဒါပေမဲ့ ဘုန်းကြီးက လူတွေများလို့ ပြန်လို့လဲမဖြစ်တော့တာမို့ ဟိုတယ် ပေါက်စလေးတခုမှာ တည်းလိုက်ပြီး မနက်စောကြီးထသွားကြတယ် ။ အဲဘုန်းကြီးဆီကို ကျွန်တော်တို့ အထဲမှာ တွက်ပီက ထိုင်းစကားတတ်တယ် ။ ထမင်းစား ရေသောက် တင်မကဘူး ရေးနိုင်ဖက်နိုင်တဲ့ အနေအထားထိရှိတယ် ။ ဗေဒင်ကလဲ တော်တော်လေးဝါသနာထုံပါတယ် ။ အိမ်မြောင်စုတ်ထိုး ရင်တောင် သူနဲ့မလွတ်ဘူး ၊ ညဘက်စုတ်ထိုးရင် ဘာဖြစ်တယ် ညာဖြစ်တယ် ။ နေ့ဘက်ထိုး တော့ဘယ်လို ၊ မျက်ခုံးလှုတ်ရင် ဘယ်ကလှုတ်ရင် မကောင်းဘူး ညာကလှုတ်ရင် ကောင်းတယ် ။ ဘာညာ သူကအခါတော်ပေး...အဆောင်မှာတော့ ။ သူက အရင်ဆုံးဘုန်းကြီးကိုမေးတယ် ။ ယိုးဒယားလို သူပြန်ပြောပြပုံလေးကို အခုရေးပြပါမယ်………..

ဘုန်းကြီးး ဘာသိချင်လဲဒကာလေး

တွတ်ပီး ဗေဒင်မေးချင်လို့ပါဘုန်းဘုန်းဘုရား

ဘုန်းကြီးး ဘာအကြောင်းမေးမှာလဲ

တွတ်ပီး တပည့်တော် စာမေးပွဲအကြောင်းပါ

ဘုန်းကြီးး အောင်မယ်ဒကာ

တွတ်ပီး တပည့်တော်ကြီးပွားမဲ့လူလား

ဘုန်းကြီးး ငါမပြောသေးဘူး

တွတ်ပီး ဒါဆို မကြီးပွားဘူးလားဘုန်းဘုန်းဘုရား

ဘုန်းကြီးး အဲလိုငါမပြောဘူး ချမ်းသာဆင်းရဲဆိုတာမင်းရဲ့ကြိုးစားမှုနဲ့သာဆိုင်တယ်

တွတ်ပီး မှန်လှပါတယ်ဘုရား

ဘုန်းကြီးး ဘာမေးအုံးမလဲ

တွတ်ပီး တပည့်တော် ကျမ်းမာရေးသိချင်ပါတယ်

ဘုန်းကြီးး မင်းဟာ ရေတာဝအောင်မသောက်ရပေမဲ့ သေရင်တော့ရေနစ်သေမယ်…

တွတ်ပီး ဘုန်းဘုန်းတပည့်တော်ကြောက်လိုက်တာဘုရားကယ်ပါအုံး

ဘုန်းကြီးး ငါအဆောင်ပေးလိုက်မယ် မင်းအဲဒါလေးတသက်လုံးလည်ပင်းမှာဆွဲထားရမယ်

တွတ်ပီး စွဲပါ့မယ်ဘုရား ကျေးဇူးတင်ပါတယ်ဘုရား (ဦးသုံးကြိမ်ချ)

ဘန်ကောက်လဲပြန်ရောက်ရော အဲဒီတွတ်ပီဆိုတဲ့ ငနဲတော်တော်နာမည်ကြီးသွားတယ် ။ သူကရေ ရှားတဲ့ အရပ်မှာ မွေးတာကိုး ။ ကျောက်ပန်းတောင်းမှာ သူ့ကိုမွေးခဲ့တာ ၊ ကြီးတော့ သူက ရန်ကုန် မှာ ၊ ဟေ့ ရေ၀အောင်မသောက်ရပေမဲ့ ရေနစ်သေမဲ့ကောင် ထမင်းစားမယ်ဟေ့ ၊ ဟို ရေနစ် သေမဲ့ကောင် ဘောသွားကန်မယ်ကွာ ၊ ဟိုရေနစ်သေမဲ့ကောင် ရေချိုးရအောင်ဟေ့ ၊သူ့ကို အကုန်လုံး ရေနစ်သေမဲ့ မသာလောင်းလို့ဘဲ စနေကြလို့ တစ်ပတ်လုံး စကားမပြောဘူး သူကစိတ် ကောက်တယ် ၊ အဲဒါနဲ့ မစကြတော့ဘူးလို့ အားလုံးညှိနှိုင်းလိုက်တော့မှ သူကစိတ်ကောက်ပြေတယ် ။ တနှစ်လောက်ကြာမှ ၊ ပြန်ပေါ်လာတယ် ဟိုရေတအားငတ်နေတဲ့ မုံရွာဘက်မှာမိုးသက်လေ ပြင်းတွေကျတော့အိမ်တွေတောင်ပြိုတယ်လို့ သတင်းတွေကို ဒေါက်တာလွဏ်းဆွေဘလော့မှာ ဖက်ရတာကိုး အဲဒါနဲ့ ပေါသွပ်နဲ့ပေါတိက သူ့ကိုစတယ် ။ ဟိုဘုန်းကြီးဟောတာ မှတ်မှိသေးလားဟ ဘာတုန်း ရေသာဝအောင်မသောက်ရတာ သေရင် ရေနစ်သေမယ်ဆိုတာလေ ။ တော်ခွေးမသားတွေ ဘာညာနဲ့ တဟီးဟီး တဟားဟားနဲ့ ရီမောနေတုန်း တပတ်တောင်မပြည့်သေးဘူး ။ ဟဲဟဲ ဟိုမင်္ဂလာဈေး မီးလောင်ပါရောလား။ ရန်ကုန်ကလူတွေတော့ လျှပ်စစ်မီးမမှန်ဘူးကြားတာဘဲ။ ကံကြမ္မာများဆန်းကျယ် လိုက်တာ လျှပ်စစ်မီးသာမမှန်တာ xxxxxxxxxxxxxxxxxxxx အဲလိုနဲ့တူတယ်နော် အော် ဘုန်းကြီး တွတ်ပီကို ဟောခဲ့တဲ့ ဗေဒင်လေးကို သတိရမိလို့ပါ ။ ဒါလေးကို တွေးမိလို့ ရေးလိုက်မှိပါတယ် နှင်းရေ…………………..။

အဂ္ဂိတောဝါ- လျှပ်စစ်မီးပျက်ခြင်းဘေး ၊ လောင်မီးဘေးမှကင်းဝေးကျပါစေသတည်း။

ရီးစားဦး..............


လူတိုင်းရှိတတ်ပါတယ်။ ရီးစားဦး ဆိုတာတော့ ညားတာ မညားတာကတော့ အပထားပေါ့လေဗျာ။ ဒါပေမဲ့ မညားတာများတယ်ဗျ။ အိမ်ထောင်ကျတယ်ဆိုတဲ့ သူငယ်ချင်းတွေ မေးကြည့်လိုက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ မိဘက ပေးစားလို့ လိုလို ကိုယ့်ဘာသာပဲ စွန့်စားတာလိုလိုနဲ့ ရီးစားဦးနဲ့ မရတာ များတယ် ။ တစ်ရာမှာ ၈၈ယောက်က ရီးစားဦးနဲ့ ညားတာမဟုတ်ဘူး ။ အဲထဲမှာ ကျွန်တော်က အဆိုးဆုံးဘဲ ။ သူများတွေ ရီးစားဦးတွေများ ဘုရားသွားရတာနဲ့ ၊ ချိန်းတွေ့ရတာနဲ့ ၊ ငါးစာ သွားကြွေးရတာနဲ့ ၊ ရှောပင်းထွက်ရတာနဲ့ စုံလို့။ ဒီကတော့ ဒီလိုမဟုတ်ပါဘူးဗျာ။
                                         
စကတည်းက ယဉ်သကိုဆိုသလို အိမ်ကခွေး အပြင်ထွက်လို့ လိုက်တာ သူကိုတွေ့တာဘဲ။ အိမ်ကခွေးနာမည်က ဖြူကွတ်တဲ့ ။ နောက်တကောင်က ငမဲလို့ခေါ်တယ် ။ သူကတော့ အာဂန္တုက စာရင်းထဲထည့်လို့ရတယ် ။ ဘာလို့လဲဆိုရင် ဘုန်းကြီးကျောင်းမှာလဲ နေထိုင်တတ်တယ်။  အိမ်မှာမြဲတာကတော့ အခုပြောတဲ့ ရွှေဖူးစာရေးနတ်ကို ပင့်ဖိတ်ပေးမဲ့ ကိုဖြူကွတ်ဘဲ။  အဲကောင်က ခြံတခါးဖွင့်တာ နဲ့ထွက်တယ်။  ဒီကလဲ ဆယ်တန်းကျောင်းသား ဆိုတော့ ညနေဘက် ကျူရှင်တက်ရမယ်လေ ။ ကျုရှင်က ကိုးမိုင်းရှမ်းရွာထဲမှာ အပြင်ထွက်တော့ တံခါးလေးဟခါရှိသေး ဟိုအကောင်ဖြူကွတ်က ၀ရုန်းသုန်းကားနဲ့ အရင်ထွက်သွားတာ “အောင်မလေး”  လို့ အော်သံ အလတ်စားလေး ကြားလိုက်တော့ လူလဲတအားကို ကယ်တင်ရှင် လုပ်လိုက်ချင်စိတ်က တဖွားဖွားပေါ်လာတာကိုး ။ ဟဲ့ဖြူကွတ် ဘာညာအခုဝင်ပေါ့လေ။  ဟုတ်တာမဟုတ်တာ အပထား ဟိန်းဟောက်ပြလိုက်တော့ ။ မျက်လုံးလေးကလယ်ကလယ်နဲ့ ခြေစုံရပ်နေတဲ့ သူခြေထောက်ခလေး မြင်လိုက်ရတာ မြတ်စွာဘုရား ရင်ခုန်လိုက်တဲ့ဖြစ်ခြင်း။   ရင်တွေတင်ဘယ်ကမလဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သုံးဆယ်နှစ်ကွတ်ဌာသကို ခုန်တယ်လို့ ကိုပြောရမှာ  ။
အာ ..ဆောရီးနော်.. လန့်သွားလားဟင် ရေသောက်မလား…
လူလာတာမမြင်ဘူးလား.. ခွေးရှိရင် ကြိုးနဲ့ချည်ထားရတယ်ဟဲ့
အင်းပါ
ငါ့ကိုကိုက်ရင်တော့ မလွယ်ဘူးမှတ်
ဟုတ်ကဲ့   လိုက်ပို့ရမလား …ဘယ်နားမှာနေတာ…
ယူ့အပူမပါ ပါဘူး ဘယ်နားနေနေပေါ့ ……….
ဆောင့်ဆောင့်နဲ့ ထွက်သွားလိုက်ပုံများ မဟာပထ၀ီမြေကြီး ဘယ်လိုနေတယ်မသိ ။ ကျွန်တော်ရဲ့ နှလုံးသားဟာ ဒုန်း ဒုန်း ဒုန်း နဲ့ခုန်နေပါတယ်။  သူက ပြောဆိုသွားတာတွေ ဘာတွေမှန်း လုံးစိပတ်စိ မသိလိုက်ပေမဲ့ ကျွန်တော်သိလိုက်တာတော့ စာထဲမှာဖတ်ဘူးတဲ့ ပဉ္စသိဉ္ခနတ်သားရဲ့ ဗေလုဝ နတ်ဆောင်းသံ ဆိုတာ ဒါမျိုးများလား..။ ဟိုနတ်မင်းကြီးမှုတ်တဲ့ သင်္ခါခရုသင်းဆိုတာ ဒီအသံမျိုးလေးနဲ့ တူရဲ့လို့ တွေးနေမိပါတယ်။  ကျောင်းကပြန်လာကတည်းက ဒီအကြောင်းဘဲတွေးတယ် ။ ဒီလမ်းထဲကဘဲ ဖြစ်ရမယ်… စုံစမ်းမှ ဖြစ်မယ် ။ အိမ်ဓားလွယ်ခုတ်မှာက ၀ိဇ္ဇာသိပ္ပံဘုန်းတော်ကြီးကျောင်း ရှိတယ်။ ကိုရင်လေးတွေ မေးရင် သိလောက်ရဲ့ဆိုတော့ …သိဘူးတပါးမှ  ။
အဲဒါနဲ့  ညဘက် ဒိုင်ယာရီစာအုပ်ဖွင့် ဟိုတာရာမင်းဝေစာအုပ်ထဲက ကူးထားတဲ့ တေးထပ်လေးကို အဲဒီထဲမှာ ရေးထည့် …။ ဘာတဲ့တေးထပ်က……..

ကောင်းခြောက်ဆယ်လေးရပ် ၊
သွေးထပ်ထပ်ရုပ်ညီ ။
ရှေးနိပါတ်ထုတ်မှီသည် ၊
ဖုဿတီထွက်ထား ။
ပိမ္ဗာနတ် ကိန္နရီလို ၊
တသိဂီင်္ ရိုးတော့မမှား ။
ဥမ္မာဒ ရုဇာနှယ် ၊
နုရှာတယ်အသား ။
သမုနွယ် နှုတ်ဖျားက ၊
ပတ္တမြားသဖွယ် ။
ကြယ်ဥက္ကာညဉ့်ရောင်းမီးလိုပ ၊
ခင့်မောင်ကြီးထင်လိုက်ပါတော့မယ် ။
မြင့်ဆောင်ထီး ညောင်လယ်မှာ ၊
ရှုစဘွယ်ပ၀င်းလို့ ။
လမင်းထက်နှစ်လေးသာ ၊
အေးမြလိုက်တာ ။
မြင်ရသူဖေသက်သာတယ် ၊
ရွှေမျက်နှာ ကြည်လွန်းလို့လေး ။
နောက်တပတ်ကြာတော့ ၀ိဇ္ဇာသိပ္ပံကျောင်းက ကျောင်းသားက သတင်းပေးတယ် ။ ကျောင်းရှေ့အိမ်ကတဲ့…။ အိမ်နဲ့ဆို လေးအိမ်ကျော်ရှိတော့တာပေါ့ ။ ဒါမျိုးဘာရမလဲ ပန်းစည်းသွားထားမယ် ဆိုပြီး ညကိုးနာရီ အိမ်ကနေတိတ်တိတ်ခလေးထွက် သူတို့ခြံတံခါးမှာ ပန်းစည်းလေးသွားညှပ်ထား… (((အိုး))) ရင်တွေခုန်လိုက်တဲ့ ဖြစ်ချင်း… ဟိဟိ။  မနက်စောစော ဒီဘက်ကို လာကြည့်ရမယ် ။ မိုးလင်းတော့ဘုန်းကြီးကျောင်းဝင်းထဲကနေချောင်း အောင်မလေး…ပန်းစည်းလေးကိုယုယုယယကိုင်ပြီး ကိုင်ပေါက်လိုက်ပုံများ ပန်းစည်းမို့ လူသာဆို ဆေးရုံပို့ရလောက်တယ် ။ ဟန်ပန်ကလဲ စူပုတ်ပြီး ပါးစပ်ကလဲ ပွစိပွစိနဲ့ ပုတီးစိပ်နေသလိုဘဲ။ ဟူး မဖြစ်ချေဘူး… တမျိုးကြံအုံးမှ ….။
ဖေဖေ ဇေ ဒီလမ်းထဲက ကောင်မလေးကို ရင်နဲနဲခုန်လို့။
အောင်မယ် ဟုတ်လှချေလား  ။ ပါး တောင်မသိပါလားကွ ။
အဲဒါအကြံညာဏ်လေးလုပ်ပါအုံး
အို မင်းအမေကို လိုက်တုန်းကတော့ တယောသွားထိုးတာဘဲ ။ မိန်းခလေးဆိုတာ ဂီတကြိုက်တယ်ဟ ။
ဘယ်လို သီချင်းမျိုးတွေ ထိုးသင့်တုန်း
အော်ကိုကိုဇေ ငါ့သားသိပ်ညံ့တယ် ။ မင်းကောင်မလေးကဘယ်လိုပုံစံရှိတုန်း ။
မာနကြီးတယ်နဲ့တူတယ်
အော် …ဒါဆို မာနရှင်သီချင်းသွားထိုးပေါ့ကွ ။
အာ ခတ်လိုက်တာသီချင်းကြီးက
ဒါဆို ပပ၀င်းရတယ်မို့လား  ။
အင်းရတယ်
အဲဒါလေး သွားစမ်းလိုက်လေ…။
အိုကေ……………… ညကျတော့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေးမှာ သီချင်းလေး သွားငြီးတယ်။
((((ဆွတ်ချုရန်ခတ်ပါတဲ့ xxxxမျက်ပါနဲ့သက်လည်ရယ်xxxxxအုံ့ပုန်းမောင့်မျက်နှာငယ်မှာxxxxxxxx
မျက်မပြေနိုင်သေးxxxx ရွှေငုံးမင်းအမိမျှော်သလိုxxxခရီးတော်..နီးလျှက်နဲ့ဝေး…ဝေး…..ဟေးxxxx))))
အိုကေပြီ…။ ဒီလောက်ဆိုသိရောပေါ့ ။ ဖေဖေ စောင့်နေတယ် ။ (အိုကေလား) အိုကေတယ်ထင်တာဘဲ။ အေးဆေးလုပ်ဟ တဲ့…။ ဒါနဲ့ မာနရှင်သီချင်း တီးဘို့လေ့ကျင့် ။ နေ့စဉ် သူတို့ အိမ်ရှေ့မှာ ခြေယောင်ပြ  ပြုံးပြရီပြ ပုံမှန်ဘဲ ။ ဘယ်လိုမှတုန့် ပြန်မလာဘူး။ ဒါနဲ့ ညနေဘက် စွယ်တော် ကန်ဘောင်ဘက်လမ်းလျှောက်….အိုး တွေ့ပြီဟေ့ ။ ထိပ်တိုက်ဘဲ ။ ဘယ်သူမှမပါဘူး  ။  ဒီကလဲတဗွေထဲ အိုကေတယ် သူ့လက်ထဲက အထုပ်ထဲမှာ ဒုတ်ချောင်းတွေ အဝေးကမြင်ရတယ် ။ ကိုးရီးယား ဒုတ်ထိုး ထွက်ဝယ်စားတာထင်တယ်။  စားရကံ ကြုံတော့ မုတ်ဆိတ်ပျားဆွဲရုံ မဟုတ်ဘဲ ပျားလဘို့ပါလာချိပ်တာပေါ့ ။
အဟမ်း….ဘယ်ကလာတာလဲ
ယူ့အပူဘာပါလဲ
အဲ… အော် အဲလိုတော့လဲမဟုတ်ပါဘူး တလမ်းထဲသားချင်းဆိုတော့ နုတ်ဆက်တာပါ
မဆက်နဲ့မကြိုက်ဘူး
(အို အင်ထရိုကလဲညက်လှချည်လား) စိတ်ထဲကနေ တွေးမိသွားတယ် ။ ပါးစပ်ကလဲ ဘာမှကိုပြောမထွက်ဘူး ဆင်ဖမ်းမယ်ကျားဖမ်းမယ် ဓါတ်တိုင် သွားကြားထိုးမယ်နဲ့ အခုကြတော့ ကျားရှေ့ရောက်တဲ့ယုန်သငယ်လိုတုတ်တုတ်မျှမလှုပ်ရဲတဲ့ အပြင် အသက်ရှု မရပ်အောင်ဘဲ မနဲထိန်းပြောနေရတယ် ။ ဒူးကလဲချောင်ချင်သလိုလိုလေး ဒါနဲ့ ဆန့်ကျင်ဘက်ကို ထွက်သွားတော့
(ဟေ့နေအုံး)   တော်တော်လေးပျော်သွားပါတယ် ။ ရင်ထဲမှာနှစ်ကျိပ်ရှစ်ဆူ လှည့်သလို ပျော်လိုက်တဲ့ ဖြစ်ချင်း ဘာများပြောမလဲမသိဘူး ။ ကိုယ့်အတွေးနဲ့ကိုယ်…။
ယူ့ကို ပြောစရာရှိလို့
“ဟိုက်” ပြောစရာရှိလို့ဆိုပါလား တောင်းပန်မယ်နဲ့တူတယ် မျက်နှာလေးကိုနဲနဲမော့ သည်းခံစိတ်ရှိတဲ့ လူကြီးလူကောင်းတွေရဲ့ဟန်ပန်လို မျက်နှာကိုနဲနဲပြုံး သွားလေးနဲနဲဖြီး
ပြောလေ ဘာပြောမလို့လဲ 
ယူဟိုဒါကြီးနဲ့ ညဘက်ညဘက်လာလာမဆိုနဲ့ နားယားလို့အဲအသံကြီးကို နောက်ပြီး အိမ်ကလဲဆူတယ်။  ဒီညလာဆိုရင် ယူ့တို့အိမ်နဲ့တိုင်မယ် ယူတို့အိမ်ဖုန်းနံပါတ်ကို စုံစမ်းပြီးပြီ 

မဟာပထ၀ီမြေကြီးဟာ ရဟတ်ယာဉ် ပန်ကာလောက်ကို လည်သွားပါတယ်။ လမ်းတောင် ဘယ်လိုဆက်လျှောက်ရမှန်း မသိပေမဲ့ သူကတော့ ဒုတ်ထိုးစားမပျက်ဘဲ ခရီးဆက်သွားပါတယ်။  
ပါး ဖုန်းဆက်မယ်တဲ့ဘယ်လိုလုပ်မလဲ
ပါးပါးသားရာ မင်းကလဲ ဖေဖေသွေး မပါလိုက်တာ။  ပါးတုန်းကလဲ ဒီလိုဘဲဟ  ။ နောက်တော့ လက်ခုတ်တွေတောင် တီးကြတာ ။ ဒါနဲ့ နေပါအုံး…။ မင်းကောင်မလေးက တယောတောင် မသိဘူးလား ။ ဟိုဒါကြီးခေါ်ရအောင် ….
အာ ပါး ကလဲဗျာ..။ မဟုတ်တွေမပြောစမ်းပါနဲ့…။ စိတ်ညစ်ရတဲ့အထဲ
ကဲ ဘာမှမပူနဲ့ ဇေ မင်းဒီည ဖိုင်နယ်ဘဲသား ။ ဒီည ကြိုးစားကြည့်လိုက် ဟုတ်ပလား။  ဖုန်းနားမှာ ဖေဖေထိုင်နေမယ် … တိုင်လာရင်လဲ အေးဆေးပေါ့ကွာ ။
အဲ ညက ကျွန်တော် သီချင်းသွားဆိုတယ်။  သီချင်းကတော့ ရပါတယ် ။ တယောက လက်မကျဘူး ဖြစ်နေတယ်။  ဝေ့တာ ၀ိုက်တာ တွေကလဲပါတာကိုး ။
(((မာနရှင်ရယ်..xxx မုန်းမာန်မ၀င်နဲ့ကွယ် xx)))စိတ်ကလဲသီချင်းထဲကို မရောက်ပါဘူး ။ အိမ်ရောက်လိုက် ဟိုတွေးလိုက်ဒီတွေးလိုက်။  ဖီးလ်ကိုမဖြစ်ဘူး ။ ဒါနဲ့ဘဲကျွန်တော်ပြန်လာခဲ့တယ် ။ ဖေဖေ တံခါးလာဖွင့်ပေးတယ် ။ ဖုန်းဆက်လာတယ် သားတဲ့…။ စိတ်ထဲမှာ တော်တော်လေးကို ထိခိုက်သွားပါတယ် ။  အဲဒါနဲ့ ကျွန်တော့် ဒိုင်ယာရီထဲမှာ တေးထပ်တပုဒ် ဒီလိုလေး ရေးထည့်ထားလိုက်တယ် ………..။

ဤကာယေ အရိုးစု ၊
ပိုးအထု ရှစ်ဆယ် ။
ဆိုးသမုညစ်တွယ်တယ် ၊
ချစ်စဘွယ်မကောင်း ။
တနေ့ထက်တနေ့အို ၊
တရွေ့ရွေ့ကို တောမျောက်အလောင်း ။

သေမင်းက မညှာယူလျှင် ၊
ခန္ဓာမူရုပ်ဟောင်း ။
မကြာသူ ပုတ်ရှောင်းလို့၊
တုတ်ခနောင်းသဖွယ် ။
ချစ်တဲ့သူကွေ့ကွင်း ၊
သေမင်းကခွဲပါလိမ့်မယ် ။

မျက်နှာယုတ် လပ်အုပ်ကွယ်သည် ၊
စက်ဆုပ်ဘွယ် ရှောင်ရှားလို့ ။
နောင်များကဲ့ပမာ ၊
ဝေးကပင်ခွာ ။
တရားနှင့်အသားရှာလျှင် ၊
အလကားဟာ ကောင်ပုတ်ပလေး ။
အဲဒါကတော့ ကျွန်တော့ရဲ့ ရီးစားဦး အကြောင်းပါဘဲဗျာ ။ အဲကတည်းက ဈေးဦးပေါက် မကောင်းခဲ့လို့ လားမသိဘူး။  ခုထိကို မစွန်သေးဘူး ဗျို့  ဟဲဟဲ ကြော်ငြာဝင်တာပါ…………………။

Monday, 24 May 2010

ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသော သား
အမေအသက်ရှင်ဆဲပဲ ရှိတယ်ဆိုတာသားသိရအောင်စာလှမ်းေ၇းလိုက်တာပါ..။
မင်းစာမြန်မြန်မဖတ်နိုင်မှန်းသိလို့ အမေ ဒီိစာကိုဖြေးဖြေးပဲရေးးပေးလိုက်တယ်နော်။
မင်းအိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာမဟုတ်ဘူး ။
အမေတို့ပြောင်းသွားကြပြီ ။
မင်းအဖေလား အခုအလုပ်ကောင်းကောင်းတစ်ခုရနေပြီ ။သူ့အောက်မှာလူ ၅၀၀ လောက်ရှိတယ်..။သချိုင်းမှာမြက်ရိပ်နေတယ်လေ..။
အခု အမေတို့ အိမ်အသစ်မှာ အ၀တ်လျှော်စက်တစလုံးရှိတယ်..။
သိပ်တော့မကောင်းလှပါဘူး။ပြီးခဲ့တဲ့အပတ်က အမေအဲဒီိစက်ထဲ ရှပ်အင်္ကျီ ၁၄ ထည်ထည့်တယ်..ပြီးတော့ သံကြိုးကိုဆွဲလိုက်တာအင်္ကျီတွေကို အဲဒီကတဲ ကပြန်မတွေ့တော့ဘူး။
သား အမ မေရီလဲဒီနေ့မနက်ပဲ ကလေးမွေးတယ် ။သားလေးလား ၊သမီးလေးလား တော့အမေမသိသေးဘူး ။အဲဒီတော့ မင်းအန်တီဖြစ်မလား ၊အန်ကယ်ဖြစ်မလား တော့အမေလဲ မပြောတတ်ဘူး ။
ပြီးခဲ့တဲ့ အပတ်ထဲမှာ မင်းရဲ့အန်ကယ် ဒစ်လဲတို့မြို့က အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲကျပြီးနစ်လို့ …သူ့လုပ်ဖေါ်ကိုင်ဘက်တချို့ကခုန်ဆင်းပြီးကယ်ကြသေးတယ်..။
ဒါပင်မဲ့ သူက ကယ်သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ် ။သူ့ကိုသဂြိုလ်တော့ အဲဒီမီးငြှိမ်းရတာ ၃ ရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုး ၂ခါရွာတယ် ၊တစ်ခါက ၃ ရက်ကြာပြီး ၊တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်း လေတွေတိုက်တာတအားပဲ..။ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးထဲကို ၄ခါဥရတယ် ။
အသုဘ အလောင်းပြင်ဆင်ပေးတဲ့ အိမ်ကစာတစောင်မနေ့က ရတယ်။
သူတို့က အမေတို့ ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်တွင်းမပေးရင် မင်းဘွားအေကြီးကို ပြန်ထလာအောင်လုပ်လိုက်မယ်တဲ့..။
ချစ်တဲ့
အမေ
P.S. အမေသားအတွက် ဒေါ်လာ ၅၀ ထည့်ပေးမလို့ပဲ ။ဒါပင်မဲ့ စာအိတ် ပိတ်ပြီးသွားပြီ။
(ကေဂျေဟာသများမှ ကောက်နုတ်ဖေါ်ပြသည်။)

Sunday, 23 May 2010

မိန်းမချစ် တေးထပ်တဲ့နော်

မျက်နှာကိုခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော် ။
လင်ငါးယောက်ခုပေါ်စေ
ကျွန်တော်ကမလွဲ ။
တစ်သက်လုံးလင်ငယ်နေပါ
သည်မေကိုရိုးပြာကျစွဲ ။
ချစ်လှလို့သည်းညည်းခံတယ်
ဆဲရေးသံကိုလည်း
အငြိမ့်သံဇာတ်ပွဲလို
စိတ်ထဲကထင်တယ် ။
ကွာမည်ကိုမဆိုလိုက်နဲ့
မယ်ရိုက်ရင်ဘုန်းခံပါ့မယ် ။
ဖိနပ်နဲ့အရပ်လည်မှာ
မပြတ်ကွယ်ရိုက်စေတော့
နာလိုက်တဲ့စိတ်ကယ်နော်
ရွေးမျှမပေါ် ။
ခင်လေးကကြင်ရေးမျှော်လျှင်
ထမီလျှော်ခိုင်းပါတော့လေး ။ ။

ဒီတေးထပ်လေးကတော့ ဦးပုည တေးထပ်လေးပေါ့..။ ဒီထဲက ဇာတ်ကောင် ကတော့ တော်တော် အချစ်ကြီးတဲ့သူလို့ထင်ပါတယ်…။ ဒါမှမဟုတ် တော်တော်တုံးတဲ့ သူပေါ့နော်..။ ဒီခေတ်မှာ ဒီလိုယောက်ကျား မျိုးလဲ ရှိတော့ပါဘူးရယ်…။

အားလုံးပဲ တေးထပ်လေးကို ဖတ်ပြီး ပြုံးမိသလိုလို ဖြစ်သွားကြမယ် ထင်ပါတယ်..။
အားလုံးပဲ ဘ၀အမောတွေ ပြေကြပါစေ…..။ ။



Saturday, 22 May 2010

ပဉ္ဇင်းအမ............

အော် ကျောင်းကပြန်လာတော့ပျင်းတာနဲ့ မီဒီယာတွေလျှောက်ကြည့်မိတော့ ရှပ်နီလက်နှက်ချပြီ တဲ့လေ ရှပ်နီခေါင်းဆောင် ၇ဦးလက်နှက်တွေချ ခေါင်းဆောင်တွေပြိုပြီဆိုတော့နောက်လိုက် တွေလဲ အော်တို လက်နှက်ချကြတာပေါ့ ထူးထူးခြားခြား ရှက်နီတွေနဲ့ရောဆန္ဒပြတဲ့ဆရာတော် ကြီးနှစ်ပါးလဲ အဖမ်းခံရတာကို ရုပ်မြင်သံကြားကနေမြင်လိုက်ရတော့ မျက်ရေတော့ ၀ဲချင်သလိုလိုဘဲ။ ဇေက ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ဘုန်းကြီးတွေကို အဲလိုမြင်လိုက်ရရင် မျက်ရေသိပ်ဝဲ တာဘဲ။ လူကလဲနဂိုကတည်းက ပျော့တော့တော့လေ။ ဒါနဲ့ စိတ်မကောင်းဖြစ်ပြီး သီချင်းလေးဘာ လေးညီးအုံးမှ ဆိုတော့ ခါတိုင်းလို နှင်းပျောက်တဲ့နွေတို့ ဘာတို့ ပေါ်မလာဘူးလေ ။ ခေါင်းထဲဝင် လာတဲ့သီချင်းက ဘဘရွှေတိုင်ညွန့်ရေးခဲ့ပြီင်္း ဘွာဘွားဒေါ်ကြည်အောင်ရဲ့ပဉ္ဖင်းအမသီချင်းလေ မဆိုတာ ကြာလို့နဲနဲတော့မေ့တေ့တေ့ဖြစ်နေပါပြီ လက်ကွတ်တွေလဲပျောက်လုပေါ့ ဒါပေမဲ့ ခတ်တော့ခတ်သားဘဲအနုပညာဆိုတာ အာရုံခံစားမှုအပေါ်မှာ မူတည်တာ ပီယာနိုပေါ်လက်တင် ထားလိုက်တော့ လက်တွေကအလိုလိုရွေ့သွားလို့ သီချင်းလေးလဲရုပ်လုံးပေါ်သွားပါတယ် ဘယ် လောက် အာရုံကကျက်စားသွားသလဲဆိုရင် အဲသီချင်းလေးကို ငြီးနေတုန်းမှာဘဲ ဇေ့စိတ်တွေဟာ

အတိတ်ကိုပြန်ရောက်သွားလိုက်တာ……………………………………………………………………။

မေကြီးရေ ကိုပဉ္ဖင်းခံမလို့ကွာ သင်္ကန်းနဲ့လိုအပ်တာလေးတွေ ၀ယ်ထားပေးပါ တဲ့ဖေဖေက မားကို လှမ်းပြောတာလေ အဲချိန်မှာဖေဖေက မေ့မေ့ကိုကျောပေးစာဖက်နေတဲ့ ကျွန်တော့်ကို လဲ ဇေ မင်းကိုရင်လေးလုပ်မလားလို့ မေးလာပါတယ် ကျွန်တော်ကလဲ မလုပ်ချင်ကြောင်းပြန်ပြော လိုက်တာပေါ့

သာသနာ့အမွေခံ ရည်သန်ပါတဲ့ ပျိုစိတ်ထားမြတ်စွာဘုရား၏ သားတပည့်သံဃာတော်၊ ပရိက္ခရာအစုံသပိတ်သင်္ကန်းရယ်နဲ့၊ လှူဒါန်းခဲ့ပြီနော်၊ ဗျောသံကြားရင် တရားတရားနာ ကြွလှည့်ပါမောင်တော်။ ပြည်နိဗာန်နန်း ရည်မှန်းကာမျှော်၊ (သာသနာတော် အတွင်း)2
သွတ်သွင်းတဲ့ အလှူတော်၊ ဒါနကိုအထူးပျော်၊ ပကာသနမပါဘူးနော်၊ ပဉ္ဖင်းအမနဲ့တူပျော်ပျော်၊ အထူးသဒ္ဒါပေါက်သော်၊ အလှူ့ဒကာမောင့်ကိုမျှော်။
(စေတနာကောင်းနဲ့တော်၊ မနောကြည်ဖြူလှူပါသနော်၊ ပျိုစိတ်ထားမြတ်တဲ့ ပရမတ္တထေရ်ရှင် သံဃာတော် ရည်မျှော်)2။

သီချင်းတပိုဒ်ပြီးသွားပေမဲ့ ကျွန်တော်ရဲ့လက်တွေဟာ တစထက်တစမြန်လာသလို အတွေးပုံရိပ်တွေကလဲ တစထက်တစ မြန်ဆန်လာပါတော့တယ။် ရဟန်းခံတာ ရှင်ပြုတာကို အလှုလို့ခေါ်ကြ တယ်မို့လား။ စည်တွေ ဗြောတွေနဲ့ လူတွေရှုတ်ယှက်ခတ်နေတာလေ။ ဒါပေမဲ့ဖေဖေကို ဘုန်းကြီး ၀တ်ပေးတုန်းကတော့ ဘာစည်ဘာဗြောမှမပါသလို လူတွေလဲများများမပါပါဘူး။ အိမ်နဲ့ ကျောင်းက မျက်ဆောင်းထိုးလေးမှာကိုး။ ဒါမို့လို့ သင်္ကန်းတွေ ဘာတွေကို နေ့လည်က ကိုရင်တွေကလာသယ် သွား ဖေဖေက မှာစရာတွေရှိတာကို မေ့မေ့ကိုမှာ...ညနေကြတော့ ကျောင်းကိုလမ်းလျှောက်သွား ။ မှတ်မှတ်ရရ ဖေဖေရယ် ဇေရယ် မေမေရယ် ရုံးကဖေဖေ နဲ့လုပ်ဖော်ကိုင်ဖက် ၄ဦင်္းလောက်ရယ်ပါ ဘဲ ။ကျောင်းကိုသွားကြတာပေါ့ ။ ကျောင်းရောက်တော့ ဖေဖေရယ် မေမေရယ် ဧည့်သယ်တွေရယ် က တရားနာ ဇေကအိမ်ကိုပြန်ပြီး ခေါင်းရိုတ်တဲ့ဂျူတ်ဗူးပြန်ယူ ကျောင်းပြန်ရောက်တော့ ဖေဖေရဲ့ ခေါင်းမှာ ဆပ်ပြာတွေဖွေးလို့ပေါ့။ ဖေ့ဖေ့ ကိုခေါင်းရိတ်တော့ ဇေကတဘက်မေမေကတဘက် သဘက်ကြီးနဲ့ခံတယ် ။ မေမေက မျက်ရေတွေ စို့လို့ပေါ့ ။ ဒီညငါနဲ့သူ တူတူအိပ်လို့မရတော့ဘူးလို့ များတွေးနေတာလား။ ငါတို့ အိမ်ဦးနတ်ကြီး မြင့်မြတ်တဲ့ ဘုန်းကြီးဖြစ်သွားလို့လား ။ လူတွေများရင် မသိသာပေမဲ့ နဲသွားရင်သိသာတယ်လေ ။ အိမ်ဆိုတာ နောက်ပြီးတော့လျှော့တာကလဲ ကိုကိုတို့ ဇေတို့လို ကိုးလလွယ် ဆယ်လဖွား သားများမဟုတ်ကြဘူးမို့လား။ ငယ်ကချစ်နှစ်တရာ ပုဆိုး တန်းတင်အကြင်လင်မယားရယ်လို့ ဖြစ်လာခထဲ ခရီးထွက်တဲ့အချိန်ကလွဲရင် ညကိုးနာရီ ဆို ပုံမှန် ရွှေလက်တွဲပြီး အိမ်ခန်းထဲဝင်ခဲ့ကြတဲ့ အကြင်လင်မယားလေ ။ အိမ်ထောင်ကျခါစက လင်နဲ့မယားပေါင်းမှ ငွေ၆၀၀သာရှိခဲ့ပြီး ဒိုးတူဘောင်ဖက် ဒီလိုဘ၀ရောက်အောင်ရုန်းကန်လာပြီး လှပတဲ့ အိမ်ထောင်တခု ပြုစုပြိုးထောင်လာတဲ့ အိမ်ထောင်ဘက်လဲဖြစ်တော့ မခွဲစဘူးအခွဲထူးသို့ ။ မေ့မေ မျက်နှာဟာ ရီတာလဲမဟုတ် ငိုတာလဲမကျ ပြုံးတယ်လဲမခေါ် ဘာလိုသော်နှိုင်းလို့မရ ပြုံးစစလေး လို့ဘဲ ပြောရမလား။ ဒါမှမဟုတ် ဖေကြီးနှယ်တော် ဘယ်လိုကြောင့် အိမ်ကခလေးတွေမရှိတဲ့ အချိန်ကျမှဘာ စိတ်ရှုးထပြီး ဘုန်းကြီးဝတ်ချင်ရတာတုန်း ကျမကိုကျတော့ ထားခဲ့တယ်.. လို့များတွေးပြီး ဒေါသရောင်သန်းနေတဲ့ မျက်နှာလေးလို့ ပြောရမလား ။ ဒါလိုမှမဟုတ် သိပ်ကြာကြီး မ၀တ်နဲ့နော် အိမ်မှာကလူရှိတာ မဟုတ်ဘူး ဖေကြီးလဲသိရက်နဲ့ အိမ်မှာက ဖေကြီးရှိမှပျော်စရာ ကောင်းတာ ဖေကြီးမရှိရင် အိမ်ကခြောက်တောက်တောက်ကြီးတော့ ကုသိုလ်လုပ်တာကိုတား တာတော့မဟုတ်ပါဘူးတော် သိပ်အကြာကြီးတော့မလုပ်နဲ့ပေါ့လို့ မှာချင်နေတဲ့ မာချင်ဇောနဲ့ များမျှောနေတဲ့ပုံရိပ်လေလား ….လား……လား…..လား ။ အဲနေ့က လား မျိုးစုံတဲ့မေမေ့ပုံရိပ်……


(ခေမာပြည်ရည်ဆောင်သနော်၊ ကြည်အောင် ကုသိုလ်တော်)2 ၊
အမျှဝေပါတယ်နော်၊ ပေါင်းသဟာတစု သာဓုသာဓုသာဓု ခေါ်စေသော်။
(သဒ္ဒါတရားပွားများခဲ့သနော်၊ အလှူအတန်း ပေးကမ်းဘို့မျှော်၊ မောင်ရတဲ့ငွေတွေ မလစ်ဟင်းပါစေနဲ့တော်)2
(အလှူရေစက်လက်နဲ့မကွာစေရန် ကုသိုလ်ပြုပါသော်)2 ၊
သာသနာအမွေခံ ဧကန်မှန်သော် ပျို့မောင်တော်။

သီးချင်းလေး ဆုံးခါနီးလေ အတိက်ကပုံရိတ်တွေက ရုပ်ရှင်ပြကွက်တွေလို သိပ်မြန်လာလေ… ပီယာနိုပေါ် တင်ထားတဲ့လက်တွေကလဲ မြန်ဆန်လာသလို ကျွန်တော့ရဲ့ရင်ထဲမှာလဲ စို့လာပါတယ် ။ ဖေကြီးစံချကြီးလို့ သင်္ကန်းဝတ်လိုက်တော့ ဘယ်လိုကြီးမှန်း မသိတော့ဘူးလေ ။ စိတ်ထဲ မှာလဲ ဖေဖေခေါ်ရမှာလား ဘုန်းဘုန်းကြီး လို့လား ဒါမှမဟုတ် ဦးပဇင်းကြီးလား ဘယ်လိုခေါ်ရမှန်း မသိဘူး လေ ။ နေ့တိုင်း ဖေကြီး ဖေဖေ ပါးလို့ ခေါ်နေတဲ့ ဒီပါးစပ်ဟာ ဒီမိသားစုအတွင်း တခါမှ ရင်းနှီးမှု့မရှိတဲ့ ဝေါဟာရသစ်ကို မိတ်ဆက်ဘို့ ၀န်လေးနေမှိတယ် ။ စိတ်ထဲကတော့ဘုန်းဘုန်း လို့ခေါ်မယ်လို့ ရီရွယ်လိုက်ပေမဲ့ တကယ်တန်းခေါ်ဖြစ်တော့ ထုံးစံတိုင်း ဖေကြီးရယ်လို့ပေါ့ ။ အရင်က ကစားဖော် ကစားဘက် ရန်ဖြစ်ဖော်ရန်ဖြစ်ဘက် ဖေဖေ့ကို ဒီသင်္ကန်းဆိုတာကြီးရယ် အစိမ်းရောင်သန်း နေတဲ့ ဦးပြေးကတုံးကြီးရယ်က သားဖနှစ်ယောက်ရဲ့ချစ်ချင်းကို မြစ်တစင်းခြား လိုက်သလိုဘဲ ။ ဘာဆိုဘာမှ ပြောမထွက်တော့သလို ခပ်ငယ်ငယ် အရုပ်နဲ့ဆော့နေတဲကဘ၀ တုန်းက ကိုယ့်အချစ်ဆုံး အရုပ်ခလေးကိုသူများလုသွားသလို ဒါမှမဟုတ်ပျောက်သွားသလိုမျိုးနဲ့ တူတဲ့ခံစားချက်ကြီးက ရင်ထဲမှာ တစ်ဆို့ဆို့ကြီးလေ ။ အခုအိမ်ပြန်ရင် မေမေနဲ့ဇေ ၊ ဇေနဲ့ မေမေသာ ရှိတော့မယ် ။ သူအိမ်ကို ပြန်လိုက်မလာတော့ဘူးလေ။ ဟိုအရင်ခရီးတွေသွားတုန်းက ခရီးထွက်တယ်လို့ သိထားတော့ သူကိုလဲမမြင်ရ ဘာမှမဖြစ်ခဲ့ပါဘူး။ ခုလို အိမ်ရှေ့တံခါးဖွင့်လိုက် တာနဲ့ သူသတင်းသုံးမဲ့အခန်း သူအိပ်မဲ့နေရာကိုမြင်တွေ့နေရ မီးရောင်မှုန်ပြပြလေးမှာ ငြိမ်သက်တဲ့ ကြည်လင်စွာထိုင်နေတဲ့သူ့ပုံရိပ်ဟာ ဟိုမေမေပြောတဲ့ မင်းဖေဖေကတရားထူးသိ သွားရင် မေမေတို့မိသားစုကိုထားခဲ့တော့မှာ…လို့ပြောတဲ့စကား နားထဲပြန်ကြားမှိတော့ အဲလို ကြီးတကယ်သိသွားရင် ဘယ်လိုလုပ်မလဲ။ ဟိုငေးဒီငေး ဟိုတွေးဒီတွေးနဲ့ ပါးစပ်ကရုက်တရုက် ဖေဖေ ဘယ်လောက်ကြာမှာလဲဟင်လို့ မေးလိုက်တော့ ၇ ရက်တဲ့ဟာ ဖေဖေကလဲ ကြာလိုက် တာဗျာ တရားတွေရသွားရင် ဘယ်လိုလုပ်မလဲ။ ဇေတို့က အိမ်ကိုပြန်ခေါ်မှာနော်လို့ ပြန်ပြောလိုက် တော့ ဦးဇင်းလို့ခေါ်ရတယ်တဲ့ ဘာလို့ခေါ်ရမှာလဲ ကိုယ့်ဖေဖေဟာ ဖေဖေပေါ့ ဒါပေမဲ့ သူက ပြုံးပြီး ဦးဇင်းပြန်ကြွလာမှာပါတဲ့ ။ ၃ရက်ဘဲဝတ်နော် သိလား ဖေ့ဖေ့နဲ့ ဦးရေခဲလမ်းက မုန့်ဟင်း ခါးကို ညဘက်သွားစားမယ်လေ ဟုတ်တယ်မလား မေမေကြီး လို့ မေ့မေ့ကိုလှည့်တိုင်ပင်တော့ မေမေက တဟင့်ဟင့်နဲ့ရှိုတ်နေပြီလေ ။ဇေကနဂိုကတည်းက ငိုချင်ပါတယ်ဆို ဘေးကမေမေက အလိုက်မသိတော့ ရောငိုလိုက်မှိပါတာပေါ့ ။ ဟိုအရင်တွေငိုခဲ့တာတွေနဲ့ မတူဘူးဘယ်လိုငိုချင် တာကြီးမှန်းကို မသိပါဘူး ငိုချလိုက်တော့ အင်းအင်းတဲ့ ၃ရက်ဘဲဝတ်မယ်ဇေရယ် ငရဲတွေကြီးပါ့ ပါ့မယ်တဲ့ ။ မေမေက ဇေ့ကို ဖေဖေကို ကန်တော့ဘို့ အရိပ်အကဲပြတော့ သားမိနှစ်ယောက် ထိုင်ဝတ်ချလိုက်တာပေါ့ ။ ပါးစပ်က ဘာတွေဆုပေးနေမှန်းမသိပေမဲ့ ဖေဖေမျက်လုံးတွေ ကြည့်လိုက် တော့ သူကတော့ရင်ထဲကငိုနေပြီလေ။ ပါးလဲဘယ်ခွဲချင်ပါ့မလဲ လို့ ပြောခွင့်သာရမယ်ဆိုရင် သူလဲ ပြောချင်မယ်ထင်ပါတယ် ။မေမေက ဦးဇင်းကြီးတပည့်တော်တို့သားမိပြန်အုံးမယ်နော် ဇေ့ ကိုပြောတဲ့ရက်လောက် ဘဲဝတ်ပေါ့တဲ့ ။မေမေ့လက်ကိုစွဲပြီး ပြန်လာရပေမဲ့ ခန္ဓာကိုယ်ကြီးမပါ ဘဲလေထဲမြောက်နေသလိုကြီးလေ…..။

(ကြည်အောင် မောင့်ကိုပြောမယ်နော်၊ ရဟန်းဘ၀ကိုရနိုင်ရန်ခဲတဲ့ ပျို့မောင်တော်)2
(မောင်လဲဘဲ သာသနာ့ဝန်ထမ်းသင်္ကန်းဝတ် ၀တ်မယ်ဆိုသော်) 2
(ချစ်ပေမယ်လို့ မခွဲချင်ပေမယ်လို့ တရားနဲ့သာပျော်၊ မဖျက်ဆီးတယ် မင်္ဂခရီးသည် ရက်အနည်းခယ် ခွင့်ပြုနိုင်မယ်တော်) 2
စေတနာကောင်းနဲ့တော်…………………………။…………………………………သာဓုခေါ်စေသော် ။

သီချင်းလေးလဲ ဆုံးရော ဇေ့မျက်လုံးတွေဟာ နံရံမှာချိပ်ဆွဲထားတဲ့ ဖေဖေရဲ့ဓာတ်ပုံလေးကို ငေးတိငေးငိုက်ကြီးနေမိပြီး အော် ငါမျက်ရေတွေကျနေပါလား… လို့ သတိ ထားမှိလိုက်ပါတော့ တယ်……၊ အော် ငါဘယ်လိုဖြစ်ပါလိမ့် အော်သိပြီ ဟိုရှပ်နီ ဆရာတော် နှစ်ပါးလုပ်တာ နဲ့ ဟီဟိ ရှက်တာ ဘယ်သူမှမသိအောင် မျက်ရေလေး ခိုးသုတ်လိုက်အုံးမ ဟိုကောင် တွက်ပီ ကလာစနေအုံးမယ်…အဟမ်း အဟမ်း ….ဟင်းချက်မယ်ဟေ့ တွက်ပီတို့ ပေါတိ တို့ ဘယ်မှာတုန်း ဂီတဆိုတာကလဲ သိတော်မူတဲ့အတိုင်းဘဲလေ ပီယာနိုပေါ်မှာ လက်မရှိတော့ရင်အရင်တိုင်းဘဲ……ပျော်ပျော်ပါးပါး ဆူဆူညံညံပေါ့ဗျာ..အခုတော့ငိုထားမှန်းမ သိအောင် ဟန်ဆောင်ပန်ဆောင်လေးနဲ့ အသံကုန်ဟစ်ထားအုံးမှ ဟေ့ကောင်တွေ ဟင်းချက် မယ် ခွေးမသားတွေ...စားခါနီးမှ ငတ်နေတာလိုလို မစားရတာလိုလို မလုပ်ကြနဲ့ဗျား လုပ်စရာရှိတာ ကူကြ အဲလို အသံကောင်းဟစ်ပြီး တဆောင်လုံးမှာ ဆရာကြီး လုပ်နေပါတော့တယ်ခင်မျာ....။

Friday, 21 May 2010

ငါ့မိသားစုမှာ........

ဒီနေ့ ကျွန်မ သူငယ်ချင်း ဖြိုးမောင် အိမ်လာလည်ပါတယ်…။

ဟဲ့… ငါ့စိတ်ညစ်နေတယ်…

အမ်… နင်လို အစစ အရာရာ အဆင်ပြေနေတဲ့ ကောင်က များ စိတ်ညစ်တယ်…အောင်မလေးတော်.. နင်ကတော့ လာလာချည်သေးတယ်…

ပြော… ဘာတွေများ စိတ်ညစ်နေတာတုန်းဟ…

ငါ့ကို အိမ်က ၀ိုင်းပယ်ထားကြတယ်ဟာ… ငါ မိသားစုက ငါ့ကိုလူရာ မသွင်းသလိုကြီးပဲ ဟ ။

အေးလေ.. နင်က လူမှ မဟုတ်တာ….. :P

ငါတကယ်ပြောနေတာဟ ။ ခုဆို အငယ်ကောင်ကတောင် ငါ့ကို မထီမဲ့မြင်ပြုလာတယ်..။ ငါက ညီ ဆိုပြီးမပြောချင် လို့နေနေတာဟာ…။ ပြီတော့ အမေကလဲ အဲကောင်ကိုထိရင် ဆတ်ဆတ်ထိမခံ ဆိုတော့ဟာ ။ အမကလဲ နင်က ဘာမှသုံးစားလို့ မရပါဘူးဆိုတာပဲ ပြောနေတယ် ။ ကိုကြီးကလဲ မင်းဘာသာ မင်းအေးဆေးနေပါတဲ့..။ အမေက လဲ ဟိုအကောင် ဘာပြဿနာ ရှာအုံးမလို့လဲ ဆိုတာကြီးပဲ..။ ငါဘာမှားလို့ လဲ..။ အဖေ တယောက်ပဲ ငါကိုနားလည်ပေးတယ် ။ ငါလဲ ငါနေတတ်သလိုနေတယ်…။ ငါ့ပြဿနာကို ငါ့ဘာသာငါ ရအောင် ဖြေရှင်းတယ် .. ။ဘယ်တော့မှ အိမ်က မလိုက်ရအောင် ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်… ။ ငါဘာမှားနေတာလဲ ။ သူတို့က ငါကိုပြောတာ မိသားစုနဲ့ တိုင်တိုင်ပင်ပင် မနေဘူး ။ အမြဲမိသားစုအပြင် ထွက်နေတာကြီးပဲ တဲ့ ။ ငါတကယ်ပဲ အသုံးမကျတဲ့ ကောင်ဖြစ်နေပြီလားဟာ…။ ငါလေ ငါ့မိသားစုကို အရမ်းချစ်တယ်…ဒါပင်မဲ့ သူတို့သိအောင် မပြောပြတတ်ဘူး..။ မပြောပြချင်ဘူးဟာ..။

သူပြောတဲ့ စကားတွေကြားပြီးနောက်မှာ ကျွန်မတွေဝေသွားပါတယ်…။ သူလိုလူတွေ ဘယ်လောက်တောင်ရှိနေလဲပေါ့..။ သူဟာ သူ့မိသားစုကို အလွန်ချစ်ရှာပါတယ် ။ဒါပင်မဲ့ သူ့အချစ်တွေကို ထုတ်ဖေါ်ပြောလေ့ မရှိပါဘူး ။ ချစ်ခြင်းမေတ္တာဆိုတာ ထုတ်ဖော်ပြမှ အသက်ဝင်တာလား..။ တိတ်ဆိတ်စွာ နေခဲ့ရင်ကော အေးစက်သွားတတ်လား။ ကျွန်မ အဖေ နဲ့ အမေ ကို ချစ်တယ်လို့ တခါမှ မပြောဖူးပါဘူး ။ သူတို့လဲ ကျွန်မရှေ့မှာ တခါမှ ထုတ်ဖော်မပြောဖူးပါဘူး..။ ဒါပင်မဲ့ သူတို့ကျွန်မ ကိုဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်မ ခံစားသိရှိပါတယ်..။ ကျွန်မလဲ အဖေ နဲ့ အမေကို သိပ်ချစ်ပါတယ်..။ ကျွန်မ ကိုကို တွေနဲ့ ဒီလို အပြန်အလှန်ပါပဲ..။ ထုတ်ဖော် မပြောပင်မဲ့ အားလုံး ခံစားနားလည်ကြပါတယ်…။ ဒါပင်မဲ့ တခါတလေ ကျွန်မတို့ လျစ်လျူရှူခဲ့တာတွေ ၊ မသိချင်ယောင်ဆောင်ခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်…။

ကျွန်မ ဒိုင်ယာရီမှာ ကူးမှတ်ထားတဲ့ ကဗျာတပုဒ်ကိုပြန်ရှာတွေ့လိုက်ပါတယ်…။ စိုင်းဝင်းမြင့်ရေးတဲ့ မိသားစု ဆိုတဲ့ကဗျာလေးပါ..။

မိသားစု

မိသားစုဆိုတာ

တယောက်ရှေ့ရောက်ဖို့

တယောက်နောက်ဆုတ်ရတယ် ။

သစ်ကိုင်းတစ်ကိုင်းထိုးထွက်ဖို့

သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ် ။

မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ် ။

သံစုံမြည်တယ် ။

မိသားစုဆိုတာ

လူခြောက်ယောက်ရှိရင် လူခြောက်ယောက်

လက်ဆယ်ချောင်းရှိရင် လက်ဆယ်ချောင်း

ခေတ်ကတောင်းဆိုတဲ့ အတိုင်းလှုပ်ရှားရတယ်

အိမ်ရှိလူကုန် ။

မိသားစုဆိုတာ

ရှင်သန်ဖို့ အတွက်အဆက်မပြတ်တိုက်ပွဲ ၀င်ရတယ်

ရန်ကုန် ဟာစစ်မြေပြင် ။

လဲကျသွားတဲ့ ငါ့အဖေနေရာကို

ငါ့ညီလေး ၀င်ခဲ့တယ်

ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို

ငါ့ညီမလေးဝင်ခဲ့တယ်

မိသားစုကိုငါမမြင်ခဲ့ဘူး ။

ငါ့အတွေးအခေါ်က

သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု ။

ငါဟာလမ်းပေါ်မှာ ကြီးပြင်းခဲ့လို့

လမ်းနဲ့ သွေားသားတော်စပ်တယ်လို့ ထင်တယ် ။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့ မီး

ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ

ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်

ငါ့မိသားစုမှာ

မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ်ဆိုလည်း

ငါပဲဖြစ်မှာ

ငါ့မိသားစုမှာ

ကြမ်းခင်းတစ်ချပ် ကြိုးပဲ့နေတယ်ဆိုလဲ

ငါပဲဖြစ်မှာ

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ

မ၀င်တဲ့ ဂိုးတွေ ငါသွင်းခဲ့တာ ။ ။

ဒီကဗျာလေး စိတ်ထဲ ရှိသလို ခံစားနားလည်နိုင်ပါတယ်….။ အားလုံးပဲ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါကြစေ………။ ။

Thursday, 20 May 2010

တေးထပ်ဆိုတာ.....(၃)

တေးထပ်ဆိုတာ..(၂) မှာ ကိုးမိုင်စာဆိုကျော် ကိုဇေတာရာက အကျယ်တ၀င့် ရှင်းပြသွားပြီဆိုတော့ ကျွန်မကလဲ ဥာဏ်မှီသလောက် အားကျမခံ နှမ်းဖြူးပါရစေရှင်..။

ပေါရာဏကထာကို၊

အခါခါဥာဏ်ရှုလို့ ။

ဧချင်းစု လင်္ကာတွေ၊

ကျွမ်းကျင်လှစေ ။

တေးထပ်ရိုး သုအခြေကို၊

ဥပဒေ မှတ်ပါကြလေး။

ဟုတ်ကဲ့ရှင် ဒီအပိုဒ်လေးကတော့ တေးထပ်စပ်နည်း တေးထပ်လေးရဲ့နောက်ဆုံးအပိုဒ်ပါ ။

ပဌမအပိုဒ်မှာတုန်းကတော့ တေးထပ်ကိုရေးစပ်တဲ့အခါ စကားလုံကဘယ်လောက်အပိုဒ်ရေ

ကဘယ်လောက်လို့ညွန်ပြထားတာပါ။ ဒုတိယအပိုဒ်ကြတော့ အဲအပိုဒ်တွေမှာဘယ်လိုကရန်တွေ

အစပ်တွေ အသက်တွေထည့်ရမယ်ဆိုတာကိုပြခဲ့တာပါဘဲ ။ ခုနောက်ဆုံးပိုဒ်ခလေးကတော့ပေါရာဏ ကထာလို့ခေါ်တဲ့ ရှေးကဗျာပညာရှင်ကြီးတွေ ကရေးစပ်ခဲ့တပ် တေးထပ်ပုံထပ်နည်းတွေကို

လေ့လာဘို့ တိုက်တွန်းထားတာပါရှင်။ ဇေ အထက်ကရေးခဲ့သလိုပါဘဲ ရှေးကစပ်ခဲ့တဲ့နည်းတွေ

ကို လေ့လာထားပြီးမှ နည်းမှီပြီးစပ်ဆိုဘို့ပေါ့ရှင်။

တေးထပ်မှာ.......

ရိုးရိုးတေးထပ် ၊

တေးထပ်ကြီး ၊

ရှစ်ဆယ်ပေါ်၊

ထပ်ကွန့်တေးထပ် ၊

ပုလဲသွယ်တေးထပ် ၊

ညက်ကြီး ....ဆိုတဲ့ဟာတွေရှိပါသေးတယ်...။

အဲဒါတွေကို စပ်တဲ့နည်းက ရှစ်ခုပါ...။ အဲဒီရှစ်ခုကို နဘေစပ်နည်းရှစ်ပါးလို့ ခေါ်ပါတယ်ရှင် ။ ဒါတွေရှေးပညာရှိတွေက မှတ်ရလွယ်အောင်ဆိုပြီး ...

နဘေ ပြန်ကဟပ်၊ ရွက်ချပ် ကတ္တရာ၊
ချိန်ခွင်ညှာ ခြင်္သေ့၊ တေ့ဆက် (တထွေ)၊
နဘေပြန်ကဟပ်၊ ဤရှစ်ရပ်သည်၊
အစပ် နဘေ ရှစ်ပါးတည်း ...လို့ လင်္ကာလေးနဲ့ နဲ့ရှေးပညာရှိများရေးစပ်ခဲ့ပါတယ်ရှင်

အေးဒါကိုကျမက တေးထပ်ဥပမာလေးတွေနဲ့တခုချင်းရှင်းပြသွားပါမယ်ရှင်

၁။နဘေစပ်နည်းပါရှင် နဘေစပ်ဆိုတာ ရှေ့ကစကားလုံးနဲ့နောက်ကစကားလုံးတသံချင်း

တူအောင်စပ်ထားတဲ့နည်းပေါ့ရှင် လှိုင်ထပ်ခေါင်တင်ရဲ့တေးထပ်ခလေးမှာပါတယ်မို့လား

ငယ်ဓလေ့ဂေါရီ ၊

ဘယ်အလေ့လောကီကို။ အဲဒီမှာ ဂေါရီနဲ့ လောကီ ဟာနဘေထပ်လို့လို့ဒီနည်းလေးကိုန

ဘေထပ်စပ်နည်းလို့ခေါ်ပါတယ်ရှင်...။

၂။ပြန်ကဟပ်စနည်းလို့ခေါ်တယ်ရှင့်

ဒါကတော့ အက္ခရာအနည်းအများအလိုက် အပိုဒ်အချင်းချင်းကာရန်တူစပ်ဆိုနည်းပါဘဲ။

* ဥပမာ -လောကိ၊ ဗောဓိ၊ မောဠိ။ တတ်မျိုး၊ မြတ်နိုး၊ မှတ်ကြိုး (၂လုံးစပ်)
* မှားခဲ့ပြီ၊ သွားတဲ့ဆီ၊ အားနွဲ့မှီ။ မြတင်မေ၊ ညစဉ်ပေ၊ လှပြင်နေ (၃လုံးစပ်)
* မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ (၄လုံးစပ်၊ မဲဇာတောင်ခြေ ရတု အချီပိုဒ်များ)

မယ်တို့နယ်မှာ ဆွမ်းတသပိတ်မျှ မလွမ်းတဲ့ပြင်
ပယ်ဘို့ပယ်ရာ ချွန်းအနိစ္စ ကမ္မဋ္ဌာန်းတွေနဲ့
ဘယ်သို့ဘယ်ညာ ညွှန်းစိတ်က မမှန်းရအောင်
ကျမ်းပြုသမျှ ဟိတ်တွင်မှ ပရိတ် ဗြဟ္မစိုရ်အခြေ
(အိုကွယ်) ပဋ္ဌာန်းကုသလ တိတ်ကယ်နှင့် စိတ်ကိုဖြေ (သခင်ကိုယ်တော်မှိုင်း)

၂။ပြန်ဂဟတ်စပ်နည်းပါရှင် ရှေ့ကာရန်တွေကို နောက်ကာရန်က တစ်ချက်ပြန်ငုံပြီး အစုံအလင်

ဟပ်လို့စပ်သွားတဲ့ နည်းပေါ့ရှင်။ ဥပမာအနေနဲ့ကတော့ဆရာကြီးဦးဝေရေးခဲ့တဲ့ သိဂုင်္တ္တရ

တောင်တော်ဖွဲ့ရှစ်ဆယ်ပေါ်တေးထပ်ကြီးကိုကြည့်လိုက်ရင်ဒီနည်းနဲ့စပ်ထားတာပေါ့

ဖလ်မြေ မှန်မြေ ရံဝေဘိ၊

စံရွှေအတိ ပြည့်ချက်ညှာ၊
ဟံဗွေမဟိ စည့်မျက်နှာဝယ်၊
ရှက်ဖြာ ဆက်ကာ စကြာမျိုး၊
မီးဓါတ် ညီးလျှပ် ကြီးမတ်ပြောင်တယ်၊

ထီး ဓါတ်တန်ဆောင် မှန်ကင်းထူလို့မိုး။ ဖလ်မြေ စံရွှေ ဟံဗွေ ဆိုတာတွေက ရှေ့ကာရန်တွေကို

နောက်ကကာရန်တွေကငုံပြီးစပ်သွားတာမျိုးပေါ့ရှင်...။

(၃) ရွက်ချပ် စပ်နည်း
သစ်ရွက်နှစ်ရွက်ထပ်နေသလို အစပိုဒ်ရဲ့ကာရန်ကို အဆုံးသတ်မှာ ထပ်ပြီးစပ်ဆိုတာကို ရွက်ချပ်စပ်နည်း လို့ခေါ်ကြောင်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားပါတယ်ရှင်...။

ဒီစပ်နည်းကို ဥပမာ အနေနဲ့ ကတော့ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ တေးထပ် ခလေးကို ကြည့်ပါရှင်...။

ထီးဖြူရုံပြသာဒ်နှင့်၊

မအပ်သည့်အရာ၊

လပ်ဆိုသည့်မိစ္ဆာ၊

ပိတ်ရှာပြီဇီဝိ(ပ) ။ပြဿဒ် မအပ် လပ်ဆိုတာလေးတွေကတော့သစ်ရွတ်ခလေးတွေလို တခုနဲတခု

နဲ့တခု ထပ်နေလို့ရှင်..။(ဒီနည်းလေးကတော့တေးထပ်တွေတော်တော်များများမှာတွေ့ရတတ်သ

တတ်တဲ့နည်းလေးပါ....။

(၄) ကတ္တရာ စပ်နည်း ကာရန်တူနှစ်ပိုဒ်စီထားပြီး ကြည့်ပါ။ စပ်ဆိုတဲ့နည်းဖြစ်ပါတယ် ဥပမာအနေနဲ့

ကတော့စဆိုတော် ဦးစံသူရဲ့တေးထပ်ခလေးတပုဒ်မှာဒီလိုတွေ့ပါတယ်

'ရေးမတန် ဆွေးဟန်ကြွေလို့ မူးချည်ငဲ့
အေးမဘန် တွေးရန် တဖုံထူးလေငဲ့'

ရေးမတန် ဆွေးဟန် အေးမဘန် တွေးရန်တို့ကတော့ကာရန်တူနှစ်ပိုဒ်စီထားထားတာပါရှင်

(၅) ချိန်ခွင်ညှာ စပ်နည်း
ကာရန်နှစ်ခုကြားမှာ အပိုပိုဒ် တစ်ပိုဒ်အနေနဲ့ထည့်သွင်းစပ်ဆိုထားတာကို ချိန်ခွင်ညှာ စပ်နည်း လို့ခေါ် တယ် ရယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။

စုံနံ့သာမြိုင်၊
ရဂုံတွင်း
ထုံသင်းငယ်ကြိုင် ဒီအပိုဒ်လေးထဲက ရဂုံတွင်းဆိုတာကို ထုံသင်းဆိုတာနဲ့ အယ်တည့်တည့်ကာ

ရန်ယူပုံလေးပေါ့ရှင် တေးထပ်တွေထဲမှာတော့ခုထိအဲလိုစပ်နည်းမတွေ့ဘူးသေးဘူးရှင့်..။

(၆) ခြင်္သေ့လည်ပြန် စပ်နည်း
လေးငါးပိုဒ်လောက်စီ စပ်ဆိုသွားပြီးမှ မူလကာရန်ကို ပြန်ငဲ့တဲ့ စပ်နည်းမျိုးဖြစ်ပါတယ်။

ခြင်္သေ့မင်းဟာ လေးငါးလှမ်း လှမ်းပြီးရင် နောက်ကိုလည်ပြန်ကြည့်တတ်သလိုမျိုးနဲ့ တူလို့

ဒီနာမည်ပေးထားတာလို့ ဆိုပါတယ်။ ဥပမာအနေနဲ့ကတော့သျှိုးလိုက်ရတုတခုနဲ့ပြပါရစေ

ရွှေကြာကမုဒ်
နှင်းမှုံရနံ့
ညှင်းလှုံသန့်လျက်၊
သင်းထုံပျံ့

ရွှေနှုတ်မှ။အစကမုဒ်ကိုအဆုံးကနှုတ်နဲ့ကာရန်ယူထားတာပေါ့လေးငါးလှမ်းလှမ်းပြီးမှပြန်ကြည့်တဲ့ပုံစံလေးပေါ့ရှင်...။

(၇) တေ့ဆက် စပ်နည်း
ရှေ့နောက် အပိုဒ်နှစ်ခုမှာရှိတဲ့ကာရန်တွေကို ထိပ်ချင်းဆက်ဦးတိုက်ပြီး စပ်တဲ့နည်းဖြစ်ပါတယ်။

အစပ် (၆)ပါး ထဲက ဦးတိုက်စပ်နည်းနဲ့အတူတူပါဘဲ။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ

ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲလို့ရေးသားထား

တာကိုတွေ့ရပါတယ်ရှင်... ဥပမာကို နေမိဘုံခန်းပျို့လေးနဲ့ပေးပါမယ်..။

ရွှင်ရွှင်ပျပျ၊ ကကသီသီ၊
ချီချီကြူးကြူး၊ ထူးထူးဆန်းဆန်း

ဒါကတော့ပျပျနဲ့ကက သီသီနဲ့ချီချီ တို့တေ့စပ်ပြီးကာရန်ယူထားပုံလေးပေါ့

(၈) နဘေပြန်ကဟပ် စပ်နည်း
နဘေစပ်နည်းအတိုင်း အပိုဒ်တူတွေကို သုံးလေးပိုဒ် စပ်ဆိုပြီး တစ်ခါလိုရာကာရန်တွေပြောင်းပြီး

ထပ်တူ ဟပ်လို့ စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်

နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပါတယ်ရှင်။ ရတနာပုံသတင်းစာဆရာကြီးဘိုးဝဇီရ ရဲ့မှာတမ်းတခု

မှာတော့

သမိုက်ခြားကာ၊ တိုက်ငါးရွာက၊
ကိုဋ်ဖျားညှာ မှုန်ရွှေဝတ်ကိုတော့၊
ကုန်ခြွှေဆွတ် လှမ်းမလွယ်သောကြောင့်၊
ပမ်းမပယ်ဆွေးပုံဆင့်တာမို့၊
အေးကြုံနှင့်ဖန်စေချင်တဲ့၊
ဟန်ငွေသွင်လွှာအနုငယ်နှင့်
စာ ယခု သ လိုက်ရပါတော့မယ် ...


ဒီနည်းကို ပိဋကတ်သွား၊ စာခုတ်သွား၊ ခုတ်လုံးသွား ဆိုပြီးတော့လဲ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ

ပြထား ပါတယ်။ ဒီနဘေစပ်နည်းမျိုးတွေဟာ စာဆိုအကျော် ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ

တို့ရဲ့ လက်ထက်တော်မှာ မပေါ်ပေါက်သေးဘဲ အမရပူရမြို့ ဘကြီးတော်မင်းတရား

လက်ထက်တော် ကျမှသာ ပေါ်ပေါက်လာခဲ့ ကြောင်း ဆရာတို့ ဆိုထားပါတယ်။ ရှင်အခုလေ့လာ

ထားတာတွေကတော့ ရှေးကဗျာ့ဝိဒူကြီးများစပ်ဆိုရေးသားခဲ့တဲ့ တေးထပ်ရဲ့ကျောရိုးသဖွယ်ဖြစ်

တဲ့ နဘစပ်နည်းတွေဖြစ်တယ် ဒါကိုရည်ရွယ်ပြီး တေးထပ်နည်း သူ့အခြေမှာ စပ်ကြကွယ်ညာဏ်

သွားနဲ့လေး လို့စပ်ဆိုထားပါကြောင်း ဖက်မှိလေ့လာမိသလောက်ရေးသားတင်ပြလိုက်ပါတယ်

ဟုတ်ကဲ့ ခုလို ကျွန်မတို့ ၂ ယောက်ရေးတဲ့ တေးထပ်ဆိုတာ… ပိုစ့်လေးကိုအပြီးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးအထူးတင်ရှိပါတယ်…. တေးထပ်လေးတွေ ကိုလဲ လှပစွာ စပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….။

Wednesday, 19 May 2010

ဓနိမိုးထရံကာ

နှင်းရေ သူများဘလော့တွေသွားလည်တယ်ကွ။ ညဘက်ညဘက်ဆိုရင် ဇေတို့မောင်နှမရဲ့ဘလော့လေး

ကိုလာလည်ပါလို့ သွားပြီး အဘိယာစကပြုတာလေ။ ဇေကတော့သွားသွားလည်ရတယ် မင်းကတော့မ

လည်ပါလား။ ဇေရောက်တဲ့ဘလော့တွေမင်းကိုမတွေ့တာများပါတယ် ။ အင်တာနက်ဆိုင်ရောက်

ရင်ကောင်လေးတွေကိုဘဲ နေကောင်းလားလိုက်မေးမနေနဲ့နော်။ ဘလော့ကိုလာလည်တဲ့ မမအိန္ဒြာတို့၊ ရေတမာတို့ ၊ ကိုးကိုးအိမ်တို့ ၊ ချမ်းလင်းနေတို့၊ ကိုဖိုးစိန်ကြီးတို့ ဆီလဲသွားမေးအုံး ။ တော်ကြာမလာလည်မှဖြင့် ကွန်မင့်ပေးမဲ့လူနဲသွားအုံးမယ်။ သူများဘလော့တွေလှတယ် ။ တန်းပလိပ်တွေကလဲကျယ်လိုက်တာ.. တို့ဘလော့ကျတော့ကျဉ်းကျဉ်းလေး ။မင်းကဟိုတခါထွင်ပြီး အစားပုတ်တဲ့ ကြွက်ကို တင်လိုက်သေးတယ်… အဲကြွက်ကို ကြည့်ရတာ မြန်မာပြည်က ကြွက်မဟုတ်လောက်ပါဘူး။ မြန်မာပြည်ကကြွက်ဆိုရင်တောင် နာဂစ်တိုက်သွားတဲ့ လပွတ္တာဘက်ကကြွက်ဘဲနေမယ်။ အခုဘဲအစာကြွေးတယ် တော်ကြာထပ်တောင်းပြန်ပြီ။ မင်းလိုနေမှာ

ပေါ့ ။ မင်းလဲအစားပုတ်တယ်မို့လား။ နာဂစ်ဒေသကကြွတ်မဟုတ်ရင်တောင် အီသီယိုးပီးယားကကြွက်ဖြစ်

ဘို့များတယ်။ ဒါနဲ့ ဘလော့တွေရေးရင် လူစိတ်ဝင်စားမဲ့ဟာရေးနော် ။ ဟိုနေ့ကလူတွေများကြီးလာလည်

လို့ ပျော်လိုက်ရတာ ။အခုတော့သုံးဆယ်လောက်ဘဲလာလည်တော့တယ်။ အားတော့မငယ်ပါနဲ့ တချို့

ဘလော့တွေဆို နှစ်ယောက်ဘဲလာလည်ပါတယ်။ ဒီဘလော့အကြောင်း ပါးကို တောင်ပြောလိုက်သေးတယ်။ ပေါ့ပေါ့ပါးပါးလေးတွေရေးတဲ့ ။ တွေးစရာတွေမရေးနဲ့ ပြုံးစရာလေးတွေရေးပါတယ်တဲ့ ။ နိုင်ငံရပ်ခြားရောက်နေတဲ့လူတွေဟာ ရီဘို့သိပ်ခက်တာဘဲတဲ့။ အဲဒါပါးကမသိဘဲပြောနေတာသိလား။ ဇေ့သူငယ်ချင်းတရုပ်တယောက်ကတော့စကားတလုံးပြောရင် သုံးခါလောက်ရီတယ် ။ ဒီလိုကောင်မျိုးအတွက်ကျတော့အသုံးမ၀င်ပြန်ဘူးဟ ။ ဒါနဲ့ ဘလော့အပြင်အဆင်လေးလုပ်အုံးလေ ။ ဆရာကြီးအထာနဲ့မလုပ်ပါနဲ့ လှလှပပလေးလုပ်ပါ ။ သူများတွေ အားကျအောင်လုပ်မှ ဖြစ်မှာ ဇေတို့ကလူငယ်တွေဆိုတော့ မြန်မာစာမရေးတတ်ဘူး ထင်နေကြတယ် ။ များများရေးမယ်ကွ သိလား ။ ဇေ့တီတီက ဇေရောဟုတ်ကဲ့လားတဲ့ ။ မပြောလိုက်ချင်ဘူးဒါကြောင့် သူကအပျိုကြီးဖြစ်နေတာ… သူများဆို သံသယတအားဝင်တာကိုး.. သူဘဲလုပ်တတ်တယ်မှတ်နေတာ ။ ဟိုတခါတုန်းကလဲ ဘဲတပွေကသူ့ကိုကြိုက်တာ ပြန်ကြိုက်လိုက်ပါလား ။ မဟုတ်ဘဲနဲ့ တိတ်တိတ်ခလေးစုံစမ်းတယ်တဲ့ ။ ဘာဖြစ်သလေးညာဖြစ်သလေးနဲ့ မပြောချင်ဘူး ပြီးတော့ဟိုက ဆော်တပွေနဲ့ငြိသွားရောလေ ။ သူကဆရာသာလုပ်တတ်တာ တကယ်တန်းကျတော့ သူလဲမလုပ်တတ်ဘူး (ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလဲမလုပ်တတ်ဘူးဆိုတာ) ..သူပေါ့။

နှင်းရေ မင်းရေဝေးရောက်ဘူးလား ။ ဇေရောက်ဘူးတယ်ဟ ။ ဟိုမြန်မာနိုင်ငံက ဓါးသမားဆရာဝန် ဓားသိုင်းကလိုက်လို့ သေသွားတဲ့ ကောင်မလေးရဲ့ အသုဘတုန်းကပေါ့ ။ ဇေတို့ ကပြန်ရောက်နေတာကြုံလို့ မသာလိုက်ပို့ လိုက်သေးတယ် ။ကိုကျော်သူကြီး လဲတွေ့တယ်ဟ ။အံ့သြ

စရာကောင်းတဲ့ လူကြီးဘဲ ဒီလူကြီးကမင်းသားသာဆိုတယ် စိတ်ထားကမွန်မြတ်သားဘဲဟ ။ဒါတောင်လူ

တချို့ကအမြင်ကြည်တာမဟုတ်ဘူး။ ဟိုတခါတုန်းကလဲ ရှစ်မိုင်လမ်းစုံကတိုက်တန်းမှာ နာရေးဖြစ်တာဟ

အဲမှာ မြေညီထပ်ရှေ့မှာ မသာတင်တဲ့ကားကရပ်ထားတာ သေတဲ့လူက အဲတိုက်ရဲ့ ပထပ်လား ဒုထပ်လား

တော့မသိဘူး ။အဲပေါ်ကဘဲ မြေညီထပ်က ညစ်သိုးသိုး မျက်နှာနဲ့မိန်းမကြီးတယောက်ကထွက်လာပြီး ဒီအရှေ့မှာ ကားမရပ်နဲ့တဲ့ ကျက်သရေမရှိဘူးတဲ့ အဲလိုပြောလိုက်တာဟ ကားမောင်းတဲ့လူဘယ်လိုနေလဲမသိဘူး ။ ဇေကတော့ထောင်းကနဲဒေါသထွက်သွားတာဟ… လူတွေများခတ်လိုက်တာ ကိုယ်ကျတော့မသေမှာ ကျနေတာဘဲ..။ ဘယ်မသာကကျက်သရေရှိလို့လဲ ကျက်သရေမရှိလို့အလှပြင်ပေးရပါတယ်ဆိုနေမှ သူအဲဒါကိုမသိဘူးလားမသိဘူး ။ အဲဒါနဲ့ကားမောင်းတဲ့ လူတွေဟုတ်ကဲ့ပါ အမကြီးမသိလို့ပါတဲ့ တော်တော်လေးသီးခံတဲ့ လူတွေ မင်းလဲနာရေးကူညီမှုအသင်းထဲကိုငွေလေးဘာလေးထည့် အုံးနော် အသင်းပါဝင်ထားသင့်တယ် ။ ဇေလဲတနင်္ဂနွေနေ့တိုင်းကားမောင်းပေးဘို့ စာရင်းပေးဘူးတယ် ဒါနဲ့ ဦးကျော်သူနဲ့ ဒေါ်ရွေဇီးကွတ်သမီးလေးကချောတယ်ဟ ။ အော်စီမှာနေတယ် ဒါကနှင်းကိုဗဟုသုတတိုးပွားစေတဲ့သဘောနဲ့ပြောတာပါ ။

ဟို နာရေးတွေကြရင်မြောက်ဥက္ကလာဘက်ထွက်သွားတော့အမှိုက်ပုံကြီးတခုတွေ့လား။ လမ်းတွေကလဲ ကြမ်းလိုက်တာဟာ ဟိုဂုံးကျော်နားက လမ်းပြင်နေလို့ ဝေ့၀ိုက်မောင်းရပါရောလား ။ ဒီလူတွေဟာလေ မပြောချင်ဘူး လူဒီလောက်သွားတဲ့ လမ်းကိုပြင်တာ အီးလေးစွဲနေတယ်။ မြန်မြန်ပြင်ချလိုက်ပါလား ဒီနိုင်ငံတွေများ လမ်းပြင် သိပ်မြန်တာဘဲ ညဘက်ကျမှလုပ်တာနဲ့ တူတယ် ။ လမ်းတွေကလဲ ခိုင်ခံ့လိုက်တာဟာ ဒီနိုင်ငံကလမ်းတွေများ ဂျိုင့်တွေကျင်းတွေတွေ့ပေါင်ဗျာ ။ ဒို့နိုင်ငံက လမ်းတွေများ ကျင်းဂျိုင့်တွေသိပ်ပေါပေါ့ ။ ဟိုတခါဆို သူငယ်ချင်းတယောက်ရှိတဲ့ အလုံကိုသွားပါတယ် .. မင်းသိတယ်မလား သစ်တောလမ်းလေ ။ အောင်မလေးဗျာ လမ်း လည်ခေါင်ကဂျိုင့်ကြီး ကြီးလိုက်ပုံများ ရေထည့်ပြီး ငါးကြင်းရွှေဝါသာမွေးစားဘို့ကောင်းတော့တယ် ။ သောက်ကျိုးနဲလမ်းပေါ့ဟာ ။ ပေါက်မှာပေါ့ဟ .. ကတ္တရာမှမပါတာ ။ နှင်း မင်းခေါက်မုန့်စားဘူးတယ်မို့လား ။ အဲခေါက်မုန့် ထဲမှာ ထန်းလျှက်ရေပါတယ်ဟ ။ အဲထန်းလျှက်ရေက ဇွန်းနဲ့ ဖြူးပြီးထည့်တာ မြောက်ဥက္ကလာမှာ တွေ့ခဲ့တဲ့ လမ်းခင်းနည်းက ခေါက်မုန့်သယ်တွေစီကသင်လာတဲ့နည်းဖြစ်နိုင်တယ် ။ ဘာလို့လဲဆို ပုံစံတူတာကိုးဟ ။ ဇွန်းနဲ့ဖြူးတာနဲ့ ရေပန်းခရားလိုဟာနဲ့ဖြူးတာဒါကွာတာဘဲ ။ ဒါကစပ်မိလို့ပါဟ ။ ဇေကလဲ သူများအကြောင်း ပြောတာဝါသနာမပါ ပါဘူး ။ ဇေတို့က ကိုယ့်ဘလော့အကြောင်းဘဲကိုယ်ပြောမှာ ဟုတ်တယ်မလား ။ သူများအကြောင်းတွေ လိုက်ပြောနေလို့ ကိုယ့်ဘလော့ တိုးတက်လာမှာ မဟုတ်ဘူးလေ အဲဒါနဲ့မြောက်ဥက္ကလာ အမှိုက်ပုံဆိုတာကလဲ နှယ်နှယ်ရရ အမှိုက်ပုံတော့ မဟုတ်လောက်ဘူးဟ ။ သိပ်စည်ကားတာဘဲ ။ ဘေးပတ်ပတ်လည် သူ့ဘေးမှာ ဘုန်းကြီးကျောင်းရော စေတီတော်တွေရော တော်တော်တော့စီသကိုးဟ။ ဘာသာရေးနဲ့ ပတ်သက်ရင် သိပ်တန်ဘိုးထားတဲ့ ဒို့ရွှေနိုင်ငံသားတွေ ဘု၇ားကို အမှိုက်ပုံနားတည်ထားတာ ဘယ်လိုသဘောလဲမသိပါဘူး ။ ဒါတွေထားပါဟာ အဲအမှိုက်ပုံကြီးကျော်သွားရင် တွေ့ပါလိမ့်မယ်..အိမ်ခေါ်မလား တဲခေါ်မလား ။ ကြယ်မြင်လမြင် အိမ်လေးတွေလေ ။ တချို့လဲ ဓနိခေါ်တဲ့ဟာတွေမိုးထားတယ်။ တချို့လဲ ပလပ်စတစ်တွေမိုးတယ်ဟ သိလား။ တချို့ကအကာပါတယ် ။ ဘာနဲ့ ကာထားတယ်လို့ ပြောရမှန်းတောင်မသိပါဘူးဟာ ။ ပါတယ်ဘဲထားလိုက်.. တချို့က တော့မပါဘူး ။ ဒို့ကတော့ ပြောင်ပြောင်ဘဲဆိုတာ အဲအိမ်ပိုင်ရှင် တွေနေမှာပေါ့ဟာ ။ အိမ်ထဲကိုဒီတိုင်းမြင်နေရတယ် ။ အိမ်ထဲမှာလဲ အိမ်ထောင်ပရိဘောဂ ဆိုလို့ ဘာမှကိုမှ တွေ့ဘူး ဟ ။ လူတွေလဲမရှိဘူး ။ ကြည့်ရတာ လူတွေက အမှိုက်ကောက်တဲ့ လူတွေနဲ့တူပါတယ်ဟ ။ နေ့ခင်းဘက်မရှိကြဘူး ။ ဇေတောင် အဲအိမ်လေးတွေကိုမြင်တော့ မြန်မာပြည်ကသူခိုးတွေကို ညာဏ်တော်တော်တုံးတဲ့ သူခိုးတွေဘဲလို့ အပြစ်တင်မိသေးတယ်.။ လူမရှိတဲ့တဲတွေလာခိုးပါလား ။ မခိုးဘူး လူတွေများကြီးရှိတဲ့ နေရာကအိမ်တွေဘဲ တတ်တတ်ခိုးလို့ မူခင်းထဲခဏခဏဖက်ရပါရော ။ ဒီတဲထဲက လူတွေကလဲ ရှေးဘုန်းရှေးကံခေတဲ့ လူတွေမဟုတ်ဘူးဟ ။ သူတို့ပစ္စည်းအခိုးခံရပါတယ်လို့ မူခင်းဂျာနယ်မှာတခါမှ မဖက်ဘူးဘူးလေ။ အော်ဒါနဲ့ အိမ်တလုံး သွားတွေ့လိုက်သေးတယ် ။ အသပ်ရပ်ဆုံးအိမ်လေးပေါ့ဟာ ။ အဲနားဝန်းကျင်မှာတော့ ဓနိမိုးလေးနဲ့ ထရံလေးကာလို့ တော်တော်လုံလုံခြုံလေးဘဲ ။ ဇေတောင် နေချင်စိတ် ပေါက်သွားသေးတယ်။ အဲအိမ် အမှိုက်ပုံနဲ့တော့ နီးတယ် ။ ဒါပေမဲ့ တိုက်တွေလဲသူ့နားမှာရှိတယ် ။ ပြောရရင်တော့တိုက်နားနှီးတဲ့ တဲအိမ်လေးပေါ့ ။ တဲအိမ်လေးရှေ့မှာလဲ ကောင်မလေးတယောက်ရပ်နေတယ် ။ ငယ်ငယ်လေး ။ ကြည့်ရတာ သူ့တဲလေးကို စောင့်နေတာနဲ့တူပါတယ်။ ဟာ သူ့ဖေဖေနဲ့ မေမေက အလုပ်ထွက် လုပ်ကျတာနဲ့တူတယ်။ ပြန်လာရင် ပိုက်ဆံပါလာ ညနေကျတော့ ချက်စား မနက်ကျတော့ မိဘတွေက အလုပ်သွား ။ အဲခလေးမလေးက အိမ်စောင့် မုန့်တွေပါလာရင်ပျော်.. အဲလိုလေးလားမသိဘူး။ အေးအဲအိမ်လေးကလေ ဇေတို့ဘလော့နဲ့ သိပ်တူတာဘဲ ညဘက်ကျတော့ မင်းကအိမ်ပြန် ဇေ့ကိုအစောင့်ထားခဲ့ ဇေက ဘယ်သူတွေလာလည်တယ် ဆိုတာကြည့် ပြန်ပြီးကွန်မင့်ေ၇းပေး ။ တင်မဲ့စာတွေ ရေးယူလာ ဇေကိုပေးဖက်.. ဇေကပျော် မင်းကိုလဲ ညကလူဘယ်နှစ်ယောက်လာတယ် .. ကွန်မင့် ဘယ်နှစ်ခုတောင်ရတယ် ဘာညာနဲ့ပြော ညကျတော့မင်းပြန်သွား တူတယ်မလား ။ ဒါဆိုရင် ဇေတို့ ဘလော့လေးကို ဓနိမိုးထရံကာလေးလို့ပေးလိုက်မယ်လေ ။ ဟုတ်တယ်မလား.. ကဲ ကြာပါတယ်ကွာ ။ တိုင်ပင်နေလဲ မင်းက ဆရာမကြီးအထာနဲ့ သူကိုယ်သူ ဘီတတ်လိုလို.. ဘီးဆင်းလိုလိုလုပ်နေတယ် ။ ဘလော့ပိုင်ရှင်ဆိုပြီး ထောင်ထောင် ထောင်ထောင်နဲ့ သူများတွေလို ကွန်မင့်ပေးရင် ရိုးရိုးလေးမပေးဘူး ။ အန်တီခင်ဦးမေ ဘလော့မှာ ကွန်မင့်ပေးတာများ ကဗျာတောင် ထည့်ရေး ထားလိုက်သေးတယ။် သူ့ကိုသူဆရာကြီးပေါ့ ။ ကဲပါ… ဆောင့်အောင့် မနေပါနဲ့ ဘာရှက်တယ်လဲ… ရှက်စရာမှမဟုတ်တာ ။ ဒီကအမှန်တိုင်းပြောတာဘဲ ဟုတ်တယ်မလား။ ကဲပါ .. နှင်းရယ် ရှက်မနေပါနဲ့ ဘလော့ကသာ ထနိမိုးထရံကာပါ ။ ဇေတို့နှစ်ယောက်လုံးက လုံးချင်းတိုက်တွေနဲ့ နေတာဘဲဟာ ဟုတ်တယ်မလား ။ ရှက်စရာမလိုပါဘူး ..နာမည်ပေးတာဘဲဟုတ်တယ်နော် .. အာမလုပ်ပါနဲ့ ။ တိုက်တွေကြားက ထနိမိုးထရံကာ အဲနာမည်ကြီး မမိုက်ပါဘူး ။ ဇေ ပြောတဲ့နာမည်ဘဲကောင်းတယ် ဓနိမိုးထရံကာ ဆိုတာလေးဘဲ… အဲလို အချီအချ အငြင်းပွားပြီးသွားတဲ့ အခါမှာတော့ ဘလော့ပိုင်ရှင်ကြီး မရွှေနှင်းသည် ဤပို့စ်လေးကို သူ့၏တပည့်ကျော် ဘလော့စာရေးဆရာကြီး နောင်တချိန် ကမ္ဘာကျော် ဘလော်ကာတဦး ဖြစ်လာမည့် သူ့ထက် ရုပ်ရောအသံရောပါ လေးဆနီးပါး ငါးဆမရှိတရှိ.. အလွန်ချောမောလှပသည့် ကိုဇေတာရာ၏ အကြံပေးချက်ကို လက်ခံပြီး သူရဲ့ http://www.hninmoemoe.blogspot.com/ မှာတင်ရန် ဆုံးဖြတ်ချလိုက်ပါတော့တယ် ………………….။

Tuesday, 18 May 2010

ရေစစ်ပွဲ

မကုန်နိုင်တဲ့…ရေ
“ ရေ… ရေ… ရေ…
မိုးပေါ်မှာ ရေ…
မြေကြီးထဲမှာ ရေ…
ရေတွေကုန်တာ ဖြစ်နိုင်ပါဘူးလေ…။  ။
မုံရွေးသား ကဗျာဆရာ ကိုရည် စပ်ခဲ့တဲ့ သီချင်းလေးပါ ။ ရေဆိုတာ ကို မကုန်နိုင်ဘူးလို့ ကျွန်မတို့အားလုံး ထင်မိခဲ့ကြမှာ ပါ ။၁၉၉၅ ခုနှစ်ထဲမှာ အစ္စမေးလ် ဆာရာဂဲလ်ဒင် (Ismail Serageldin) ဆိုတဲ့ ကမ္ဘာဘဏ်ဒုတိယဥက္ကဋ္ဌ က “၂၀ ရာစုမှာ ရေနံကြောင့် စစ်ပွဲတွေ ဖြစ်နိုင်တယ်ဆိုရင် ၂၁ ရာစုမှာရေကြောင့်စစ်ပွဲတွေ ဖြစ်နိုင်တယ် ” တဲ့ ။
ရေကြောင့် စစ်ပွဲဖြစ်နိုင်တယ်တဲ့… ကျွန်မတခါမှ မတွေးမိခဲ့ဘူး ။ ကုလားစာရေးဆရာမကြီး ၀န္ဒနသိဝ ဆိုတဲ့အမျိုးသမီးက ရေစစ်ပွဲများ (water wars) ဆိုတဲ့ စာအုပ်တအုပ်ရေးခဲ့တယ်တဲ့ ။ သူ့မ ပြောပုံအရ ဆိုရင် ရေနဲ့စပ်လျဉ်းတဲ့ အတွေးအခေါ် အယူအဆ မှာဖြစ်နေတဲ့ စစ်ပွဲက အခုကိုဖြစ်နေတယ်ဆိုပဲ…။
သူမရဲ့ အတွေးအခေါ် အရေးအသားတွေကတော့…..
ဘယ်လူ့အဖွဲ့အစည်းမှာပဲ ဖြစ်စေ ရေဓလေ့ (water culture) တိုင်ပဲတွေ ဖြစ်နေတာကြာပါပြီ ။ ဟိုတလောက ကျွန်မ ဂျေပူကို ရထားနဲ့သွားတယ် ။ အဲဒီမှာ မိုးခေါင်င်္ပြး အစာရေစာရှားပါးတဲ့ အကြောင်းကြားရလို့ သွားတာပါပဲ။ ရေရောင်းတဲ့ ပက်ပစီ ကုမ္မဏီကထုတ်လုပ်တဲ့ ရေသန့်ဘူးက ရေကိုသောက်ရတယ် ။ ရေ ရောင်းတဲ့မော်ဒန်ဓလေ့ ပဲ ။ လမ်းပေါ်မှာတော့ ရေလှူနေတဲ့ တခြားရေဓလေ့ တခုရှိနေတယ် ။ ဒါလောက်မိုးခေါင်ရေရှား နေတာပင်မဲ့ ဂျေပူလမ်းပေါ်က သက်ငယ်တဲတွေပေါ်မှာ ရေချမ်းစင်တွေရှိနေတယ် ။ ရှေးကတည်းက ဓလေ့ပဲ ။ ပိယာဥ (Piyaos) လို့ခေါ်တယ် ။ မည်သူမဆို လာသောက်ကြလို့  ရေအလှူလုပ်တာပဲ ။ ရေဓလေ့ နှစ်ခုမကွာဘူးလား ။ ရှေးရေ ဓလေ့က ရေကိုမြတ်တဲ့ လှူစရာပစ္စည်းအနေ နဲ့ယူဆတယ် .. ရေဟာ ကုသိုလ်ယူရမဲ့ ပစ္စည်း…အသက်ကယ်တဲ့ဝတ္ထုပစ္စည်းပဲ  ။ တခြားရေဓလေ့ကတော့ ရေကိုရောင်းကုန်အနေနဲ့ ပဲကြည့်တယ် ။ ရေဟာ ကုမ္မဏီတွေရဲ့ထုတ်ကုန်ပဲ .။ ရောင်းကုန်ရေ ဓလေ့နဲ့ အလှူပေးတဲ့ ရေဓလေ့နှစ်ခု ရင်ဆိုင် တွေ့ကြတာမဟုတ်လား ။ ပတ်ဝန်းကျင်မှာ အမှိုက်ရှုတ်မဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ပလတ်စတစ်ယဉ်ကျေးမှုနဲ့ မြေပထ၀ီယဉ်ကျေးမှုရဲ့(ရေအိုးကို ရွှံ့ နဲ့မြေကြီးနဲ့ လုပ်ထားတာ ကိုး) တိုက်ပွဲပေါ့.. ။စဉ်းစားကြည့်စမ်းပါ အိန္ဒိယပြည်သား ၁ ဘီလျံကျော်ဟာ ပလတ်စတစ်ရေဘူးတွေပဲ သုံးမယ်ဆိုရင် ပလတ်စတစ်တွေတောင်ပုံရာပုံလောက်ထိ မြင့်မှာပဲ ။ဖျက်ဆီးလို့ မရတဲ့ အမှိုက်တွေ ။
ရေနဲ့ပတ်သတ်တဲ့ အတွေးအမြင် (ပါရာဒိုင်း) စစ်ပွဲပဲ ရှင့် ။ဒါမျိုးကတော့ တကမ္ဘာလုံး အရှေ့ အနောက် တောင် မြောက် နေရာတိုင်းမှာဖြစ်နေတာပါ ။ ရေဆိုတာ ဘုံဆိုင်ပစ္စည်းဆိုတဲ့ ထုံးစံဟာ ၊ ရေကိုပုဂ္ဂလိကပိုင်ပစ္စည်းလို့  သဘောထားတဲ့လောဘတကြီး ကော်ပိုရေးရှင်း ယဉ်ကျေးမှုနဲ့ တိုက်ပွဲဆင် နွဲရတာပါပဲ..။ တစ်ဘက်ကတော့ လူသန်းပေါင်းထောင်ပေါင်းများစွာပေါ့.. ။ နောက်တဘက်ကတော့ လက်တဆုပ်စာ ကုမ္မဏီ ကြီးတွေ နဲ့ ဂလိုဘယ်အဖွဲ့ အစည်း ကမ္ဘာဘဏ် WTO ၊ IMF ၊ G-7 အစိုးရတွေပေါ့ရှင် ။
တကယ်က ပါရာဒိုင်းစစ်ပွဲ တင်မကပါဘူး  ၊ သေနတ်တွေနဲ့ လောင်ချာတွေသုံးတဲ့ တကယ့်ရေစစ်ပွဲတွေလဲ ဖြစ်နေတာပါ ။ ပန်ဂျပ်ဖြစ်စေ ၊ပါလက်စတိုင်းမှာ ဖြစ်စေ ဖြစ်နေတဲ့ နိုင်ငံ ရေးစစ်ပွဲတွေဟာ မကြာခဏဆိုသလို ရှားလည်းရှားပါး ၊ အသက်တမျှလဲ အရေးကြီးတဲ့ ရေသယံဇာတ အပေါ်မှာ အခြေခံတာရှင့် ။ အီဂျစ်တို့ အီသီယိုးပီးယားတို့ မှာဖြစ်တဲ့ စစ်ပွဲတွေကတော့ ထင်ထင်လင်းလင်း ရေကြောင့်ဖြစ်ကြရတာပါ  ။ အာဏာပိုင်တွေအနေနဲ့ ရေကြောင့်လို့ပြောမဲ့အစား အဲဒါကိုဖုံးကွယ်ပြီး လူမျိုးရေးကြောင့် ၊ ဘာသာရေးကြောင့်ဆိုပြီး ပြောတာက ပိုဆီလျှော်တာကိုး ။ ဖုံးလို့ဖိလို့လဲ လွယ်တယ် ။ မြစ်ကြီးတွေတလျှောက်မှာ လူမျိုးနွယ်တွေ ဘာသာစကားပေါင်းစုံ ၊ဓလေ့အမျိုးမျိုးရှိနေကြတာကိုး ။ ၁၉၈၀ ပန်ဂျပ်မှာ ပဋိပက္ခဖြစ်တော့ လူသောင်းငါးထောင်သေတယ် .။အဲဒါမြစ်ရေ ကြောင့်ရှင့် ။ ဒါပင်မဲ့ ဆစ်ခ် ခွဲထွက်ရေး သမားတွေကြောင့် ဖြစ်သွားတာပါ့ ၊ရေစစ်ပွဲ ဟာ တခါတရံ မှာတော့ ဘာသာရေးစစ်ပွဲ ဖြစ်သွားတာ မျိုးလဲ ရှိပါတယ် ။ ပါလက်စတိုင်းနဲ့ အစ္စရေး တွေဟာ ရေနဲ့ မြေအပေါ်မှာ ဖြစ်တာမဟုတ်ဘူးလား ။ မွတ်စလင် နဲ့ ဂျူး ပဋိပက္ခ လို့တော့ ထုတ်ဖေါ်ကြတာပေါ့…။
ဒါကတော့ ရေဓလေ့ နဲ့ ရေကြောင့်ဖြစ်တဲ့ပဋိပက္ခတွေ အကြောင်းပါ…။ ကျွန်မတခါမှ မစဉ်းစားဖူး ၊ မတွေးခဲ့ဖူးတဲ့ အကြောင်းအရာတွေပေါ့ ။ပဋိပက္ခဖြစ်ကြတယ်ဆိုရာမှာ ရေကြောင့်ရယ်လို့တော့ ပုံသေမဟုတ်ဘူးပေါ့နော်..။ သူကရေ အကြောင်းပြောနေတာ ဆိုတော့ စပ်ဆက်တာတွေကိုပဲ ပြောသွားတာနေမယ်..။ ဒါလေးကတော့ ကျွန်မဖြည့်စွက်တွေးမိတာလေးပါ  ။ ကဲ ကျွန်မတို့ဘယ်လိုဖြေရှင်းကြမလဲ… စဉ်းစားကြည့်ကြရအောင်..။
အိန္ဒိယစာရေးဆရာမကြီး ၀န္ဒနသိဝကတော့ သူဒီလိုတွေးမိပါတယ်ဆိုပြီး…………..
ရေအတွက်စစ်ပွဲ ၊ ထမင်းအတွက်စစ်ပွဲ ၊ ဇီဝမျိုးကွဲတွေ အတွက်စစ်ပွဲ ၊ပတ်ဝန်းကျင် အတွက်စစ်ပွဲတွေကို ဒီကမ္ဘာမှာ မဖြစ်အောင်ဖြေရှင်းရမယ် ။ တိုးတက်တယ်လို့ ပြောနေလုပ်နေကြတယ် ။ ဖျက်ဆီးပစ်တဲ့ တိုးတက်ခြင်း (Destructive development) မဖြစ်မှတကယ်တိုးတက်မယ်  ။ ရေအရင်းမြစ်တွေ ၊ သစ်တောတွေနဲ့ မြေအောက်ရေတွေကို ဖျက်ဆီးတာလဲ အကြမ်းဖက်တာပဲရှင့် ။ မြစ်တွေ ၊ရေတွင်းတွေကို ညစ်ညမ်းအောင် လုပ်တာဟာ အကြမ်းဖက်နည်း တမျိုးမဟုတ်ဘူးလား ။ အကြမ်းဖက်သမားတွေက အာဖဂန်နစ္စတန်က ဂူတွေထဲမှာချည်းပုန်းနေတာ မဟုတ်ပါဘူး ။ တချို့က ရုံးခန်းတွေ ၊WTO ရဲ့လွတ်လပ်သောကုန်သွယ်မှု စည်းမျဉ်းတွေနောက်မှာ ပုန်းနေကြတာနော် ။ ကျိုတိုစာချုပ်ကို လက်မှတ်မထိုးပဲ ငြင်းတာဟာ ဂေဟစနစ်အကြမ်းဖက်(eological terrorism) တာပဲ ။
အနာဂတ်မှာ ရေဆိုတာ ကျွန်မတို့အတွက် ရှားပါးပစ္စည်းဖြစ်တော့မယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတယ် လို့ မတွေးမိကြဘူးလား ။ ခုသူမ ရေးသားထားတာတွေကို ဖတ်ပြီး ကျွန်မတို့ လဲအတွေးပွားကြရအောင်နော်…. ။ စာဖတ်သူကရော ယနေ့ကမ္ဘာမှာ ရေရှားတာ ဘာကြောင့်လို့ထင်ပါလဲ..။ ကျွန်မတို့ နေထိုင်ရာ ကမ္ဘာဂြိုလ်ရဲ့ သုံးပုံ နှစ်ပုံဟာ ရေတွေဆိုတာ အားလုံးသိကြတာပဲ..။ ရေဟာ လူ့အဖွဲ့အစည်းအတွက် ပင်မသွေးကြောဆိုတာလဲ အားလုံးနားလည်ထားကြတာပဲ..။ ကဲဒါဆို ကျွန်မတို့ ဘာကြောင့် ရေရှားပါးမှုပြဿနာ ဆိုတာကြီးကို ရင်ဆိုင်နေကြရတာလဲ..။ လူဦးရေတိုးနှုန်းကြောင့်လား..? အဆိုးဝါးဆုံး အကြောင်းရင်းကတော့ ဂေဟ စနစ်ကို ဖျက်ဆီးပစ်ကြလို့ပါပဲ ။ ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံသုံးစွဲလို့ ပတ်ဝန်းကျင်ညစ်ညမ်း ၊ ဥတုဖောက်ပြန်တာတွေကြောင့် ရေကြီးမယ် ၊ ဆိုက်ကလုန်းတွေ ၊ မိုးခေါင်တာတွေဖြစ်မယ် ။ ရေအလွန်အကျွံ သုံးစွဲတာကြောင့်လဲပါပါတယ် .. ။နောက်ဆုံး ရေရှားပါမှု ပြဿနာဆိုတာကတော့ လောဘကြီးခြင်း ၊ နမော်နမဲ့နည်းပညာ နဲ့ သဘာဝက ပေးနိုင်တာထက်ပိုပြီး ထုတ်ယူသုံးစွဲ တာတွေကြောင့် ဖြစ်လာတာပါလို့ ကျွန်မတို့ ကောက်ချက်ချလို့ရပါတယ်…။ ဒီပိုစ့်လေးက ခုတလော ဘလော့တွေမှာ ရာသီဥတုပူတာတွေအကြောင်း ၊ ရေးရှားပါးပြတ်လပ်မှု ဆိုတာတွေ စတဲ့ ပိုစ့်တော်တော် များများကို ဖတ်လိုက်ရတော့ အားလုံးက လတ်တလောအခြေအနေ တွေကိုဖေါ်ပြနေကြတာတွေပါ..။ တကယ်တမ်းတော့ ဟိုးအရင်ကတည်းက ရှိနေပြီးသား ၊ ဖြစ်နေပြီးသားတွေ ဆိုတာ သိအောင်ကတစ်ကြောင်း ၊ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲ ဆိုတာကိုလဲ သိစေချင်လို့ပါ..။ ဆရာကြီးလုပ်တာရယ်လို့တော့ မထင်လိုက်ပါနဲ့ ။ ကျွန်မ ဖတ်ထား ၊ မှတ်ထား တာလေးတွေကို ပြန်ဝေငှတဲ့ သဘောပါ..။ ခုလို စိတ်ရှည်ရှည် ဖတ်ပေးတဲ့ အတွက် ကျေးဂျူးကမ္ဘာဆိုင်ရော….။ 


အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...