နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 8 May 2010

ရှေးကတည်းက ခေတ်မှီကြပါတယ်…


ဒီနေ့ ကျွန်မ အမ၀မ်းကွဲ တယောက် ဖုံးဆက်ပါတယ် ။ ၁၂ နှစ်အရွယ် သူ့သမီးရည်းစားထားလို့ ဘယ်လိုဆုံးမရမလဲ ဆိုတာ ကျွန်မ မေမေ ကိုမေးကြည့်တာပါ…။မေမေက ရိုက်ပြီးမဆုံးမ ဖို့ပြောပါတယ်…။တူမလေးက ၆ တန်း ဖြေပြီး  ၇ တန်းတက်မှာပါ..။ အဲ့အရွယ်တုန်းကကျွန်မကစားလို့ကောင်းတုန်းပေါ့။
 ခုတလော ကြားနေရတာတွေ မြင်နေရတာတွေက ငယ်ငယ်လေးတွေ ရည်းစားထားကြတဲ့အကြောင်းတွေပဲ ထပ်နေတယ်…။အဲဒီ အကြောင်းကို သူငယ်ချင်းတွေနဲ့ စကားမစပ်ပြောကြရင်း သူငယ်ချင်းက တေးထပ်တပုဒ်ရှိတယ်..ဖတ်ကြည့်ဆိုပြီးပြောပါတယ်…။ဖတ်ကြည့်လိုက်ပါအုံး…
အပျိုတော်ရွယ်မစေ့ခင်က၊
ငယ်ဓလေ့ဂေါရီ။
ဘယ်အလေ့လောကီကို၊
ဇောမသီခင်က။
စံပယ်ချက်နှစ်ပင်စုံမှာ၊
မငုံခင်တုန်းကအစ။

ပန်းဒွါရဆင့်စီငယ်၊
မပွင့်မှီကာလ ။
ကျင့်ဝသီစာဂနဲ့၊
ခါမထမအရွယ်။
ငယ်သွားတွေကြွေမလဲခင်က၊
မေအမြဲချစ်ဘို့ကြံရွှယ်။

ခလေးစိတ်ဓာတ်မပြယ်၊
ခပ်ငယ်ငယ်စာမတတ်ခင်က။
ကညာနတ်တောင်းဆုပွေလီ၊
ကောင်းမှုစေတီ။
စိတ်မှန်းနဲ့မေကျောက်မှီသည်၊
သွေဖောက်ပြီနိုင်ဘူးဖျလေး။
ဒီတေးထပ်လေးက လှိုင်ထိပ်ခေါင်တင် မင်းသမီးက ကနောင်မင်းသားကြီးကို ပိုးခဲ့တဲ့အကြောင်းကိုရေးထားတာပါ ။အသေးစိပ်တော့ ဘာသာမပြန်တော့ပါဘူး ကိုယ်တိုင်ဖတ်ကြည့်ပြီး လိုသလိုတွေးကြည့်နိုင်ပါတယ်…။ ခက်ဆစ်တွေကိုတော့ အဓိပါယ်ပြောပြပါမယ်..။
ဂေါရီ ဆိုတာ ၁ နှစ်မှ ၁၀ နှစ်အရွယ် သူငယ်မ ကိုပြောတာပါ ။
စံပယ်ချက်နှစ်ပင်စုံမှာ၊
မငုံခင်တုန်းကအစ။ …ဆိုတာက ရင်သားမဖွံ့ဖြိုးသေးခင် ကိုပြောတာပါ… :P
ပန်းဒွါရဆင့်စီငယ်၊
မပွင့်မှီကာလ ။… ဆိုတာက ဒွါရ ကတံခါးပါ ။ပန်းဆိုတာက မိန်းခလေးတွေ ရဲ့ အပျိုပန်း တောင်မပွင့်သေးခင် ကာလ ကိုပြောပါတယ်..။
ကျောက်မှီ ဆိုတာ ဘုရားမှာအဓိဋ္ဌာန်နဲ့ ဘာဖြစ်ပါစေဆိုပြီး ကျောက်တုန်းလေးတွေကို မတာပါ..။
ကဲ…ဖတ်ကြည့်ပြီး အဓိပါယ်တွေလဲ နားလည်ပြီဆိုရင် ဘယ်လောက်ငယ်တယ်ဆိုတာ မှန်းကြည့်လိုက်ပါ…။ခုခေတ် ကလေးတွေတောင် ခေတ်နောက်ကျနေပါသေးတယ် .. ;P
ဒီပိုစ့်မှာ ပြောချင်တာက ကလေးတွေကို အားပေးအားမြှောက် လုပ်ပေးတာ မဟုတ်ပါဘူး..။ ဒီတေးထပ်လေး ကိုဖတ်ကြည့်စေချင်လို့ ပါ ။တေးထပ်လေး ကိုဖတ်ပြီး ပျော်ရွင်ကြပါစေ…။

4 comments:

Sein Lyan Tun said...

ခေတ်တွေ နောက်ပြန်ဆွဲနေတယ်ပေါ့...း)

Flower said...

ကလေးတွေ အတုမြင်အတတ်သင်ဖြစ်ကြတဲ့ အကြောင်းအရာထဲမှာ ဘေးပတ်ဝန်းကျင်ကြောင့်လဲ ပါပါတယ်..
ကိုယ့်ဘေးဝန်းကျင်မှာ အတုမြင်စရာတွေ စောစောစီးစီး တွေ့မြင်ခဲ့ရင် အရွယ်ရောက်တာ သိပ်စောတတ်ပါတယ်..
ဒီပိုစ့်ထဲမှာ ကိုယ့်အရွယ်က ဘယ်ထဲမှာမှ မပါပါလားလို့ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားမိတယ်..း)း)

မြစ်ကျိုးအင်း said...

ခုခေတ်က မိဘတွေလည်း ဆုံမပေးဖို့ အချိန်မအား မြင်ရတာတွေကလည်း အားပေး အားမြှောက်တွေလိုပါပဲ ဗီဒီယိုတွေမှာလည်း အချစ်အကြောင်းက များတယ်လေ။ ခေတ်ကလည်း ပိုပွင့်လင်းလာပြီ။

တေးထပ်က ဖွင့်ဆိုချက်ဖတ်ပြီး တစ်ခေါက် ပြန်ဖတ်မှ ပိုပေါ်လွင်သွားတော့တယ်

Unknown said...

ဘယ်လိုမှတ်ချက်ပေးရရင် ကောင်းမလည်းစဉ်းစားရင်း
အင်း...မင်းက ကိုယ့်ထက်တော့ငယ်တယ်..ဒါပေမယ့်ဗဟုသုတကြွယ်ဝပါတယ်...တစ်ခါတစ်လေ ကိုယ်တောင်လိုက်မမှီတဲ့စကားလုံးတွေ့ရတယ်..မင်းအရမ်းတော်ပါတယ်...ခင်လည်း ခင်တယ်...

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...