မကုန်နိုင်တဲ့…ရေ
“ ရေ… ရေ… ရေ…
မိုးပေါ်မှာ ရေ…
မြေကြီးထဲမှာ ရေ…
ရေတွေကုန်တာ ဖြစ်နိုင်ပါဘူးလေ…။ ။
မုံရွေးသား ကဗျာဆရာ ကိုရည် စပ်ခဲ့တဲ့ သီချင်းလေးပါ ။ ရေဆိုတာ ကို မကုန်နိုင်ဘူးလို့ ကျွန်မတို့အားလုံး ထင်မိခဲ့ကြမှာ ပါ ။၁၉၉၅ ခုနှစ်ထဲမှာ အစ္စမေးလ် ဆာရာဂဲလ်ဒင် (Ismail Serageldin) ဆိုတဲ့ ကမ္ဘာဘဏ်ဒုတိယဥက္ကဋ္ဌ က “၂၀ ရာစုမှာ ရေနံကြောင့် စစ်ပွဲတွေ ဖြစ်နိုင်တယ်ဆိုရင် ၂၁ ရာစုမှာရေကြောင့်စစ်ပွဲတွေ ဖြစ်နိုင်တယ် ” တဲ့ ။
ရေကြောင့် စစ်ပွဲဖြစ်နိုင်တယ်တဲ့… ကျွန်မတခါမှ မတွေးမိခဲ့ဘူး ။ ကုလားစာရေးဆရာမကြီး ၀န္ဒနသိဝ ဆိုတဲ့အမျိုးသမီးက ရေစစ်ပွဲများ (water wars) ဆိုတဲ့ စာအုပ်တအုပ်ရေးခဲ့တယ်တဲ့ ။ သူ့မ ပြောပုံအရ ဆိုရင် ရေနဲ့စပ်လျဉ်းတဲ့ အတွေးအခေါ် အယူအဆ မှာဖြစ်နေတဲ့ စစ်ပွဲက အခုကိုဖြစ်နေတယ်ဆိုပဲ…။
သူမရဲ့ အတွေးအခေါ် အရေးအသားတွေကတော့…..
ဘယ်လူ့အဖွဲ့အစည်းမှာပဲ ဖြစ်စေ ရေဓလေ့ (water culture) တိုင်ပဲတွေ ဖြစ်နေတာကြာပါပြီ ။ ဟိုတလောက ကျွန်မ ဂျေပူကို ရထားနဲ့သွားတယ် ။ အဲဒီမှာ မိုးခေါင်င်္ပြး အစာရေစာရှားပါးတဲ့ အကြောင်းကြားရလို့ သွားတာပါပဲ။ ရေရောင်းတဲ့ ပက်ပစီ ကုမ္မဏီကထုတ်လုပ်တဲ့ ရေသန့်ဘူးက ရေကိုသောက်ရတယ် ။ ရေ ရောင်းတဲ့မော်ဒန်ဓလေ့ ပဲ ။ လမ်းပေါ်မှာတော့ ရေလှူနေတဲ့ တခြားရေဓလေ့ တခုရှိနေတယ် ။ ဒါလောက်မိုးခေါင်ရေရှား နေတာပင်မဲ့ ဂျေပူလမ်းပေါ်က သက်ငယ်တဲတွေပေါ်မှာ ရေချမ်းစင်တွေရှိနေတယ် ။ ရှေးကတည်းက ဓလေ့ပဲ ။ ပိယာဥ (Piyaos) လို့ခေါ်တယ် ။ မည်သူမဆို လာသောက်ကြလို့ ရေအလှူလုပ်တာပဲ ။ ရေဓလေ့ နှစ်ခုမကွာဘူးလား ။ ရှေးရေ ဓလေ့က ရေကိုမြတ်တဲ့ လှူစရာပစ္စည်းအနေ နဲ့ယူဆတယ် .. ရေဟာ ကုသိုလ်ယူရမဲ့ ပစ္စည်း…အသက်ကယ်တဲ့ဝတ္ထုပစ္စည်းပဲ ။ တခြားရေဓလေ့ကတော့ ရေကိုရောင်းကုန်အနေနဲ့ ပဲကြည့်တယ် ။ ရေဟာ ကုမ္မဏီတွေရဲ့ထုတ်ကုန်ပဲ .။ ရောင်းကုန်ရေ ဓလေ့နဲ့ အလှူပေးတဲ့ ရေဓလေ့နှစ်ခု ရင်ဆိုင် တွေ့ကြတာမဟုတ်လား ။ ပတ်ဝန်းကျင်မှာ အမှိုက်ရှုတ်မဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ပလတ်စတစ်ယဉ်ကျေးမှုနဲ့ မြေပထ၀ီယဉ်ကျေးမှုရဲ့(ရေအိုးကို ရွှံ့ နဲ့မြေကြီးနဲ့ လုပ်ထားတာ ကိုး) တိုက်ပွဲပေါ့.. ။စဉ်းစားကြည့်စမ်းပါ အိန္ဒိယပြည်သား ၁ ဘီလျံကျော်ဟာ ပလတ်စတစ်ရေဘူးတွေပဲ သုံးမယ်ဆိုရင် ပလတ်စတစ်တွေတောင်ပုံရာပုံလောက် ထိ မြင့်မှာပဲ ။ဖျက်ဆီးလို့ မရတဲ့ အမှိုက်တွေ ။
ရေနဲ့ပတ်သတ်တဲ့ အတွေးအမြင် (ပါရာဒိုင်း) စစ်ပွဲပဲ ရှင့် ။ဒါမျိုးကတော့ တကမ္ဘာလုံး အရှေ့ အနောက် တောင် မြောက် နေရာတိုင်းမှာဖြစ်နေတာပါ ။ ရေဆိုတာ ဘုံဆိုင်ပစ္စည်းဆိုတဲ့ ထုံးစံဟာ ၊ ရေကိုပုဂ္ဂလိကပိုင်ပစ္စည်းလို့  သဘောထားတဲ့လောဘတကြီး ကော်ပိုရေးရှင်း ယဉ်ကျေးမှုနဲ့ တိုက်ပွဲဆင် နွဲရတာပါပဲ..။ တစ်ဘက်ကတော့ လူသန်းပေါင်းထောင်ပေါင်းများစွာ ပေါ့.. ။ နောက်တဘက်ကတော့ လက်တဆုပ်စာ ကုမ္မဏီ ကြီးတွေ နဲ့ ဂလိုဘယ်အဖွဲ့ အစည်း ကမ္ဘာဘဏ် WTO ၊ IMF ၊ G-7 အစိုးရတွေပေါ့ရှင် ။
တကယ်က ပါရာဒိုင်းစစ်ပွဲ တင်မကပါဘူး ၊ သေနတ်တွေနဲ့ လောင်ချာတွေသုံးတဲ့ တကယ့်ရေစစ်ပွဲတွေလဲ ဖြစ်နေတာပါ ။ ပန်ဂျပ်ဖြစ်စေ ၊ပါလက်စတိုင်းမှာ ဖြစ်စေ ဖြစ်နေတဲ့ နိုင်ငံ ရေးစစ်ပွဲတွေဟာ မကြာခဏဆိုသလို ရှားလည်းရှားပါး ၊ အသက်တမျှလဲ အရေးကြီးတဲ့ ရေသယံဇာတ အပေါ်မှာ အခြေခံတာရှင့် ။ အီဂျစ်တို့ အီသီယိုးပီးယားတို့ မှာဖြစ်တဲ့ စစ်ပွဲတွေကတော့ ထင်ထင်လင်းလင်း ရေကြောင့်ဖြစ်ကြရတာပါ ။ အာဏာပိုင်တွေအနေနဲ့ ရေကြောင့်လို့ပြောမဲ့အစား အဲဒါကိုဖုံးကွယ်ပြီး လူမျိုးရေးကြောင့် ၊ ဘာသာရေးကြောင့်ဆိုပြီး ပြောတာက ပိုဆီလျှော်တာကိုး ။ ဖုံးလို့ဖိလို့လဲ လွယ်တယ် ။ မြစ်ကြီးတွေတလျှောက်မှာ လူမျိုးနွယ်တွေ ဘာသာစကားပေါင်းစုံ ၊ဓလေ့အမျိုးမျိုးရှိနေကြတာကိုး ။ ၁၉၈၀ ပန်ဂျပ်မှာ ပဋိပက္ခဖြစ်တော့ လူသောင်းငါးထောင်သေတယ် .။အဲဒါမြစ်ရေ ကြောင့်ရှင့် ။ ဒါပင်မဲ့ ဆစ်ခ် ခွဲထွက်ရေး သမားတွေကြောင့် ဖြစ်သွားတာပါ့ ၊ရေစစ်ပွဲ ဟာ တခါတရံ မှာတော့ ဘာသာရေးစစ်ပွဲ ဖြစ်သွားတာ မျိုးလဲ ရှိပါတယ် ။ ပါလက်စတိုင်းနဲ့ အစ္စရေး တွေဟာ ရေနဲ့ မြေအပေါ်မှာ ဖြစ်တာမဟုတ်ဘူးလား ။ မွတ်စလင် နဲ့ ဂျူး ပဋိပက္ခ လို့တော့ ထုတ်ဖေါ်ကြတာပေါ့…။
ဒါကတော့ ရေဓလေ့ နဲ့ ရေကြောင့်ဖြစ်တဲ့ပဋိပက္ခတွေ အကြောင်းပါ…။ ကျွန်မတခါမှ မစဉ်းစားဖူး ၊ မတွေးခဲ့ဖူးတဲ့ အကြောင်းအရာတွေပေါ့ ။ပဋိပက္ခဖြစ်ကြတယ်ဆိုရာမှာ ရေကြောင့်ရယ်လို့တော့ ပုံသေမဟုတ်ဘူးပေါ့နော်..။ သူကရေ အကြောင်းပြောနေတာ ဆိုတော့ စပ်ဆက်တာတွေကိုပဲ ပြောသွားတာနေမယ်..။ ဒါလေးကတော့ ကျွန်မဖြည့်စွက်တွေးမိတာလေးပါ ။ ကဲ ကျွန်မတို့ဘယ်လိုဖြေရှင်းကြမလဲ… စဉ်းစားကြည့်ကြရအောင်..။
အိန္ဒိယစာရေးဆရာမကြီး ၀န္ဒနသိဝကတော့ သူဒီလိုတွေးမိပါတယ်ဆိုပြီး…………. .
ရေအတွက်စစ်ပွဲ ၊ ထမင်းအတွက်စစ်ပွဲ ၊ ဇီဝမျိုးကွဲတွေ အတွက်စစ်ပွဲ ၊ပတ်ဝန်းကျင် အတွက်စစ်ပွဲတွေကို ဒီကမ္ဘာမှာ မဖြစ်အောင်ဖြေရှင်းရမယ် ။ တိုးတက်တယ်လို့ ပြောနေလုပ်နေကြတယ် ။ ဖျက်ဆီးပစ်တဲ့ တိုးတက်ခြင်း (Destructive development) မဖြစ်မှတကယ်တိုးတက်မယ် ။ ရေအရင်းမြစ်တွေ ၊ သစ်တောတွေနဲ့ မြေအောက်ရေတွေကို ဖျက်ဆီးတာလဲ အကြမ်းဖက်တာပဲရှင့် ။ မြစ်တွေ ၊ရေတွင်းတွေကို ညစ်ညမ်းအောင် လုပ်တာဟာ အကြမ်းဖက်နည်း တမျိုးမဟုတ်ဘူးလား ။ အကြမ်းဖက်သမားတွေက အာဖဂန်နစ္စတန်က ဂူတွေထဲမှာချည်းပုန်းနေတာ မဟုတ်ပါဘူး ။ တချို့က ရုံးခန်းတွေ ၊WTO ရဲ့လွတ်လပ်သောကုန်သွယ်မှု စည်းမျဉ်းတွေနောက်မှာ ပုန်းနေကြတာနော် ။ ကျိုတိုစာချုပ်ကို လက်မှတ်မထိုးပဲ ငြင်းတာဟာ ဂေဟစနစ်အကြမ်းဖက်(eological terrorism) တာပဲ ။
အနာဂတ်မှာ ရေဆိုတာ ကျွန်မတို့အတွက် ရှားပါးပစ္စည်းဖြစ်တော့မယ်ဆိုတာ ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတယ် လို့ မတွေးမိကြဘူးလား ။ ခုသူမ ရေးသားထားတာတွေကို ဖတ်ပြီး ကျွန်မတို့ လဲအတွေးပွားကြရအောင်နော်…. ။ စာဖတ်သူကရော ယနေ့ကမ္ဘာမှာ ရေရှားတာ ဘာကြောင့်လို့ထင်ပါလဲ..။ ကျွန်မတို့ နေထိုင်ရာ ကမ္ဘာဂြိုလ်ရဲ့ သုံးပုံ နှစ်ပုံဟာ ရေတွေဆိုတာ အားလုံးသိကြတာပဲ..။ ရေဟာ လူ့အဖွဲ့အစည်းအတွက် ပင်မသွေးကြောဆိုတာလဲ အားလုံးနားလည်ထားကြတာပဲ..။ ကဲဒါဆို ကျွန်မတို့ ဘာကြောင့် ရေရှားပါးမှုပြဿနာ ဆိုတာကြီးကို ရင်ဆိုင်နေကြရတာလဲ..။ လူဦးရေတိုးနှုန်းကြောင့်လား..? အဆိုးဝါးဆုံး အကြောင်းရင်းကတော့ ဂေဟ စနစ်ကို ဖျက်ဆီးပစ်ကြလို့ပါပဲ ။ ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံသုံးစွဲလို့ ပတ်ဝန်းကျင်ညစ်ညမ်း ၊ ဥတုဖောက်ပြန်တာတွေကြောင့် ရေကြီးမယ် ၊ ဆိုက်ကလုန်းတွေ ၊ မိုးခေါင်တာတွေဖြစ်မယ် ။ ရေအလွန်အကျွံ သုံးစွဲတာကြောင့်လဲပါပါတယ် .. ။နောက်ဆုံး ရေရှားပါမှု ပြဿနာဆိုတာကတော့ လောဘကြီးခြင်း ၊ နမော်နမဲ့နည်းပညာ နဲ့ သဘာဝက ပေးနိုင်တာထက်ပိုပြီး ထုတ်ယူသုံးစွဲ တာတွေကြောင့် ဖြစ်လာတာပါလို့ ကျွန်မတို့ ကောက်ချက်ချလို့ရပါတယ်…။ ဒီပိုစ့်လေးက ခုတလော ဘလော့တွေမှာ ရာသီဥတုပူတာတွေအကြောင်း ၊ ရေးရှားပါးပြတ်လပ်မှု ဆိုတာတွေ စတဲ့ ပိုစ့်တော်တော် များများကို ဖတ်လိုက်ရတော့ အားလုံးက လတ်တလောအခြေအနေ တွေကိုဖေါ်ပြနေကြတာတွေပါ..။ တကယ်တမ်းတော့ ဟိုးအရင်ကတည်းက ရှိနေပြီးသား ၊ ဖြစ်နေပြီးသားတွေ ဆိုတာ သိအောင်ကတစ်ကြောင်း ၊ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲ ဆိုတာကိုလဲ သိစေချင်လို့ပါ..။ ဆရာကြီးလုပ်တာရယ်လို့တော့ မထင်လိုက်ပါနဲ့ ။ ကျွန်မ ဖတ်ထား ၊ မှတ်ထား တာလေးတွေကို ပြန်ဝေငှတဲ့ သဘောပါ..။ ခုလို စိတ်ရှည်ရှည် ဖတ်ပေးတဲ့ အတွက် ကျေးဂျူးကမ္ဘာဆိုင်ရော….။
2 comments:
သေချာတယ် ရေရှားတော့မယ် ဒီတော့ ကန်ကြီးကြီး တူးပြီးလှောင်ထားရင်ကောင်းမလား
ရှိသမျှရေတွေ မောင်ပိုင်စီးရကောင်းမလား စဉ်းစားနေတာ
ခက်တာက ပိုက်ပိုက်က မရှိ
ဟိဟိ
အခုတောင် ကမ္ဘာလောကကြီးမှာ ဒီလောက်ဖြစ်ပျက်နေတာ နောင် အနှစ် ၂၀ဆိုရင် ဘာတွေများ ဖြစ်နေမှာပါလိမ့်
တွေးရင်းနဲ့ ရင်မောတယ်..
အင်း
တိမ်ကောလာလိုက်တာ
နောက် အနှစ် ၂၀
Post a Comment