နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 17 May 2010

ဇေ့ကုမုဒြာ


နှင်းရေ.. စကားမပြောဖြစ်တာလဲကြာပါရောလားကွာ ။ မင်းကလဲမအား ဇေက တောင်လုပ် မြောက်လုပ် နဲ့ဆိုတော့ မအားဘူးဟ။ တွေ့ရင် နောက်ပြောင် နေတာနဲ့ဆိုတော့ မပြောဖြစ်ကြပြန်ဘူး ။ မင်းဆီကို ကုမုဒြာကြာပန်းလေး ပို့လိုက်တယ်လေ ။ ပွင့်တဲ့နေ့ကတော့ ၁၅.၅.၂၀၁၀ လေ ။ အချိန်ကတော့ည၁၁နာရီနဲ့၂၉ မိနစ်ဟ ။ ချန်နယ်ဖိုး ရေမွေးနံ့လေးသင်း လို့ အပြင်ကိုထွက်ကြည့်လိုက်တာ လေကွာ ..ဟော..ကုမုဒြာပွင့်နေတာကိုး ကွ ။ အရောင်ကဖြူ လွလွ ပွင့်ဖက်ခလေးတွေက အာလို့ အတွင်းထဲက ၀တ်ဆံလေးက ပိုးကြိုးအ၀ါလေးလိုပေါ့ ။ ကင်မရာကလဲမရှိတာနဲ့ ဖုန်းနဲ့ရိုက်ပို့လိုက်တာဟေ့ ။မဲတူးတူး ကုမုဒြာလေးပေါ့ကွာ ။ကုမုဒြာကို အင်္ဂလိပ်လို the white lotus ရယ်လို့ ဆရာကြီး ဦးဟုတ်စိန်ရဲ့ ပါဠိ+မြန်မာ+အင်္ဂလိပ် အဘိဓာန်မှာတွေ့ဘူးပါရော ။ ဖြူလွလွရှိသော ကြာပင် ပေါ့ ။ အဓိပ္ပါယ်က ဒီနေရာမှာ ထူခြားထားလေး ရှိတယ်သိလား။ lotus ဆိုတာ ကြာပင်ဘဲ နောက် သူနဲ့ ကပ်လျှက်ရှိတဲ့ အဓိပ္ပါယ် တခုက ဂရိဒဏ္ဍာရီ ပုံပြင်တွေထဲက လူတွေကို မူးယစ်ထုံဝေစေတဲ့အသီးတမျိုးရဲ့ အမည်ပေါ့ ကုမုဒြာကြာလေးရဲ့ အနံ့ကလဲ လူတွေကို မေ့လျှော့အောင် စွဲမက်စေတတ်
လို့ များ အဘိဓာန်ထဲမှာ ဒီလိုထည့်ထားတာလား တွေးစရာပေါ့နှင်းရယ် ။ နောက်တခုက ကမ္ဘာသုံးအမည်မှာတော့ ဒီလိုခေါ်တယ် သူ့ကို Epiphyllum တဲ့နှင်းရေ ။ တရုပ်လိုကတော့ ရှမ်းဟွား 昙花 သို့မဟုတ် ရှမ်ဟွားလို့ ခေါ်တယ်လေ။ ရုက္ခဗေဒအမည်မှာတော့ သူက (cactus) မျိုးနွယ်စုဝင်ပေါ့ ။ အမျိုးခွဲတွေက များမှများ အညာမှာ ခြံစည်းရိုးတွေကာတဲ့ စောင်းကြမ်းပင်ခေါ်တဲ့ အပင်တွေနဲ့အုပ်စုတူပေါ့ ။ ဒါပေမဲ့ ကုမုဒြာဟာ ကုမုဒြာ ဘဲလေ ။ ပွင့်ချိန်က လေးငါးနာရီဘဲကြာတဲ့ ပန်းမျိုးပေါ့ ။ တသက်မှာ တခါဘဲ ပွင့်တယ်တဲ့ကွ ။ နောက်တခုက သူက မြန်မာရေမြေမှာ ဘယ်အချိန်ကရောက်လာလဲတော့ တိတိကျကျမသိဘူးဟ။ ရုက္ခဗေဒ ပညာရှင်တွေကတော့ တောင်အာဖရိက ၊ မက္ကဆီကို အဲလို ပူပျင်းခြောက်သွေ့တဲ့ သဲဂန္ဓာရ နိုင်ငံတွေမှာ စတင်ဖြစ်ထွန်းတာလို့ပြောတာဘဲလေ..။ဒါပေမဲ့ ဆန္ဒန်ဆင်မင်းဝတ္ထုထဲမှာ ဖက်လိုက်တော့လဲ ကုမုဒြာပါလာပြန်ပါရောလား ။ ဒါတော့ စဉ်းစားစရာအချက်တခုပေါ့ဟာ ။ ကြာမျိုး ငါးပါးသီချင်း ကြားဘူးလား ။ ဂီတာဦးစိမ်းမောင်ဆိုခဲ့တာလေ (ကြာမျိုးငါးပါး ပန်းတွေနဲ့တောင်းစုရီ) ဆိုတာလေ ။ အဲဒါ မြန်မာတွေရဲ့ အယူအဆမှာရော ဗုဒ္ဓဘာသာဝင်တွေရဲ့ စာပေတွေမှာပါ ကြာမျိုး ငါးပါး ဆိုတာရှိတယ် ..
၁။နိလုပ္ပဆိုတဲ့ကြာညို
၂။သေတုပ္ပလဆိုတဲ့ကြာဖြူ
၃။လောဟိတုပ္ပလဆိုတဲ့ကြာနီ
၎။ပုဏ္ဍရိကဆိုတဲ့ကြာတံဆိပ်
၅။ပဒုမ မလို့ခေါ်တဲ့အထပ်တရာရှိကြာလေ..။ဒီငါးမျိုးကို ကြာမျိုး ငါးပါးခေါ်တာပေါ့ ။ နောက်တမျိုးလဲရှိသေးတယ်။
နာမည်ကွဲငါးပါးပေါ့သူက …
၁။ကြာပုဏ္ဍရိတ်
၂။ကြာတံစိပ်
၃။ကြာဖြူ
၎။ကြာနီ
၅။ကြာညို အထက်ကဟာနဲ့တူတူပါဘဲနာမည်တွေကတော့..။ ဟင်ကြာကုမုဒြာလဲမပါပါလားလို့နှင်းပြောမယ်မို့လား ။ ဟုတ်တယ်ကုမုဒြာမပါဘူးလေ သူက ကြာတံစိပ်လို့ခေါ်တာကိုး ကြာဖြူဆိုတာသူမဟုတ်ပါဘူး ကြာဖြူဆိုတာ နှင်း ရေကန်ရှိတဲ့ နေရာတွေကို ရောက်တော့ တွေ့မှာပေါ့။ စာပေတွေမှာကြာတံစိပ်လို့ခေါ်တာနှင်းရဲ့ ။ နောက်တခုက ကြာတွေဟာ မြန်မာလ ဆိုရင် သီတင်းကျွတ်မှာ ပွင့်တတ်တယ်ဟ သိလား ။ ဇေရမ်းပြောနေတယ်မင်းမထင်ပါနဲ့ ။ ကျိုက်လတ်မြို့က တေဘုမ္မာတို့ ဇေယျတုသဗ္ဗမင်္ဂတို့ အဲလိုခတ်ခဲ နက်နဲလှတဲ့ မဟာဂီတ ကြိုးသီချင်းကြီး တွေရေးခဲ့သလို မဟာဂီတ၀ိသောဓနီဆိုတဲ့ မဟာဂီတ အဖြေကျမ်းကြီးကို ရေးခဲ့ တဲ့ မဟာဂီတပညာရှင်ကြီး ဘဘဦးပြုံးချိုက သူ့ရဲ့၁၂လရာသီ ဘွဲ့ လေးကြိုးမှာ သီတင်းကျွတ်လရဲ့ အဖွဲ့အနွဲ့ကို ဒီလိုလေး ရေးခဲ့ပါရောလား……………။
ဆီမီးငယ်တဲ့တထိန်ထိန်
အိုင်မင်းရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်……။ တဲ့ နောက်အမည်မသိ စာဆိုတော်တဦးကတော့ သီတင်းကျွတ်မှာ ကြာတွေပွင့်ပုံကို ဒီလိုလေးရေးခဲ့တယ်လေ ။ လကိုဖွဲ့ဆိုထားတဲ့လဘွဲ့သံပေါက်လေးပါဘဲ သူက……….
သံတူလမြွတ် ၊ သီတင်းကျွတ် ၊ ၀ါကျွတ်ဝေါဟာပြား ။
တူရာသီဆို ၊မြတ်ကုသိုလ် ၊ မြင်းမိုရ်မီးပွဲထား ။
နက္ခတ်အဿဝတီ ၊ စန်းနှင့်မှီ ၊ငါးလီကြာမျိုးကြွားတဲ့ ။
အဲဒီလောက်ဆို ကြာတွေဟာ သီတင်းကျွတ်လမှာ ပွင့်တတ်တယ်ဆိုတာသိလောက်ရောပေါ့နှင်းရဲ့ ။ ဒီနားမှာကြုံလို့ပြောရအုံးမယ်နှင်းရေ ..ဇေ့ရဲ့ မွေးစားမေမေလေး DR ၀ါဝါလွင်တဲ့ လာရှိုးမှာနေတာပေါ့ ။ သူကကုမုဒြာဟာ အရောင်စပ်တွေ ရှိတယ်တဲ့ ။ နေ့ဘက်မှာလဲပွင့်တယ်တဲ့ ။ သူက တရုတ်ပြည်က တင်ထားတဲ့ အင်တာနက်စာမျက်နှာတွေကို ကိုးကားပြီး ဇေ့ကိုငြင်းတာကိုး ။ ဇေကတော့ ကုမုဒြာဆိုတာ အဖြူရောင်ကလွဲပြီး မရှိဘူး။ ညဘက်မှာဘဲပွင့်တယ် ။ အကယ်၍ ရှိခဲ့တယ်ဆိုရင်လဲ ဒါဟာခုနကပြောခဲ့တဲ့ (cactus) မျိုးတူအုပ်စုတွေဘဲ ဖြစ်လိမ့်မယ်လို့ ဇေကငြင်းတာပေါ့ ။ ဒါပေမဲ့သူဟာလက်မခံဘူးလေ ။ ကုမုဒြာဆိုတာ Epiphyllum ဒါဘဲတဲ့။ ဇေကတော့မငြင်းလိုတော့ပါဘူး ။ ဒါပေမဲ့ ဇေက အသားလွတ်ကြီး ငြင်းနေတာမဟုတ်ရပါဘူး ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ကျော် မြန်မာမှာရော ကမ္ဘာမှာပါ ကျော်ကြားခဲ့ဘူးတဲ့ ရဟန်းစာဆိုကျော် မာန်လည် ဆရာတော် ဘုရားကြီးရဲ့ မဟာသုတကာရီ မဃဒေ၀လကာင်္ကျမ်းကြီးရဲ့ ပုတ္တောဝါဒခန်း အပိုဒ်ရေ(၂၂၁)မှာ ကြာတွေနဲ့ပတ်သက်ပြီး ဒီလိုရေးထားတာကိုး ။ မင်းလဲ မှတ်ထားလိုက်လေ ။ မင်းလဲ မှတ်သားထားလိုက်ပေါ့ ။ နောင်မင်းသူငယ်ချင်းတွေကို ရှင်းပြလိုက်လေနော် ။
(ငွေသော်တာလ၊ စန္ဒြလျှင်၊ ညမှာသော်သာ ၊ ကုမုဒြာဟူ ၊ ကြာဖြူအပေါင်း ၊ ကြာခေါင်း
လောင်းတို့ ၊ ပွင့်ကြောင်းမှန်စွာ ၊ သူရိယာကား ၊ကောကာနဒ ၊ ပဒုမဟု ၊ အရုဏရိုး ၊ကြာနီမျိုးကို
လင်းမိုးသောက်ပ၊ နေမှလက်လက် ၊ ပွင့်စေတတ်၏ ) တဲ့ ။
ဒါဟာ ဘာတွေကိုပြောသလဲဆိုရင်ကြာဖြူရယ်၊ကုမုဒြာကြာရယ်ဟာ ငွေသော်တာ ၊လ၊ စန္ဒြ လို့ခေါ်တဲ့ လထွက်မှပွင့်တာတဲ့ ။ ကျန်တဲ့ ကြာတွေကတော့ မိုးလင်းမှ နေရောင်တွေ ထွက်မှ ပွင့်တာတဲ့ နှင်းရဲ့။ ဒါဆိုရင် အင်တာနက်ပေါ်က အနီတွေ၊ ပန်းရောင်တွေ ၊ နေ့လည် ကြောင်တောင် ပွင့်နေတဲ့ Epiphyllum ဆိုတဲ့ပန်းတွေဟာ ကုမုဒြာဟုတ်မဟုတ် စဉ်းစားကြည့်လိုက်ပေါ့ ။ အမျိုးစားတူတဲ့ အခြားမျိုးကွဲ တွေလဲ ဖြစ်နိုင်တာပေါ့ ။
နောက်ပြီး ပန်းတွေဟာ စာပေတွေမှာ နတ်ဘုရားတွေနဲ့ ဆက်စပ်နေသေးတယ် ဟသိလား။ ဟိန္ဒူ အယူအဆတွေမှာ အများဆုံး တွေ့ရတတ်တာမျိုးပေါ့ ။လာဗင်ဒါ(LABNDER) အမည်ရှိ ပန်းကို စနေဂြိုလ် စေတန်(SATUN) အား ကပ်လှူ ပူဇော်ကြတယ်။ ကြာပန်း(LOTUS) ကို အက်စပက် နတ်သမီးကို ပူဇော်ကြတယ် ။ အီဂျစ် အိုင်စစ် (ISIS) မယ်တော်ကို ပူဇော်တယ်။ ဗစ်လျှနျူး(VISHNU)၊ လက်ချမီး(LANSHIMI) ကိုပူဇော်ခြင်းကို ဟိန္ဒူတို့က ပူဇော် နှင်းဆီပန်းဟာ (VENUS) ဗီးနပ်စ်အလှနတ်သမီး ၊ အိုင်စစ်မယ်တော် (ISIS) မှ အစများစွာသော နတ်ဖုရားတို့နှင့် ပတ်သတ်သည် ဟူ၍ ယူဆမှုများလဲ ရှိသေးသပေါ့ (MUHAMUHD) မိုဟာမက်တန်ခိုးရှင် နှင့်ပတ်သတ်သည် ဟူ၍လည်း ဆိုကြသေးတာကိုး ။ ရိုင်းစိုင်းစွာ သတ်ဖြတ် ပူဇော်ခြင်း နေရာမှာ တင့်တယ်လှပသော၊ ရနံ့သင်းသောပန်းနှင့် ပူဇော်ဆုတောင်းကြတာလို့ပြောတာပါဘဲ ။
အော်ဒါကဗဟုသုတရအောင်ပါနှင်းရယ် ။ လေရှည်တယ်မထင်ပါနဲ့ ။ မင်းတို့က စာအုပ်ဖတ်ဘို့ အီးဘွတ်တွေ ကွန်ပျုတာထဲထည့်ထားပေမဲ့ မီးကမမှန်တော့ မဖက်ရဘူးမလား။ မပူပါနဲ့ နည်းပညာတွေ တအား တိုးတတ်နေတဲ့ ခေတ်ကြီးပါကွ ။ သူငယ်ချင်းထဲက သိပ္ပံတွဲနဲ့ ကျောင်းတက် နေတဲ့ကောင်တွေ ကျောင်းပြီးသွားရင် ဒို့မြန်မာက လူတွေအတွက် ဖရောင်းတိုင်နဲ့ ဘဲဖြစ်ဖြစ် ရေနံဆီနဲ့ဖြစ်ဖြစ် သုံးလို့ရတဲ့ ကွန်ပျုတာထွင်ထားခိုင်းပါ့မယ် ။ မင်းကိုအရင်ပို့ပေးမယ်ဟုတ်ပလား ။ အဲတော့ အခု ပြောပြထားတာလေးတွေကို မင်းစာရေးပြီးဖက်ရအောင် ဘလော့ပေါ်ကိုပို့စ်တခုအနေနဲ့ တင်လိုက်ပါလား ။ ကိုမြစ်ကျိုးတို့၊ ကိုးကိုးအိမ်တို့ ၊မမမေတို့ မ၊ဗေဒါကြီးတို့နှစ်ယောက်လဲဖက်ရတာပေါ့ ။ ဒါတွေက သူတို့သိသားတွေဖြစ်မှာပါ ။မတင်ချင်လဲမတင်ပါနဲ့ ။ကဲ့ရဲ့သွားပါအုံးမယ် ။သူတို့တွေက ဘလော့ ဘိုးသက်ရှည် ဘွားသက်ရှည်တွေလေ။ ဒါနဲ့မဗေဒါတို့ဟိုကိစ္စပြီးသွားပလား။ ၀င်မပါနဲ့နော်.. တော်ကြာ သက်သေပါနေပါ့မယ် ။ သူတို့ဘလော့နဲ့ ဒို့ဘလော့ က နီးလား ၊ ဝေးလား သေချာလဲကြည့်ထားအုံးနော် ၊ ပြစ်မှုဆိုင်ရာဥပဒေမှာရှိတယ်မို့လား ။ အခင်းဖြစ်ပွားရာ ကိုက် သုံးဆယ်အတွင်း သော်၎င်း ဆိုတာ.. အဲဒါ သက်သေ ဖြစ်လောက်တဲ့ အကွာအဝေးဘဲ သိလား ။ ကိုက်သုံးဆယ်ကျော်အောင် နက်ဖြန်ကိုကိုးအိမ်လာရင် ဘလော့ကို ကူပြီးမရွေ့ခိုင်းလိုက်ပါနော် ။ ဇေကတော့ မအားဘူးကျောင်းရှိတယ် ။ ခါးလဲနာနေလို့ဟ ။ အော်နှင်းရေ စကားပြောနေရင်းမေ့လိုက်တာ ဇေပို့ထားတဲ့ ကုမုဒြာပန်းလေးတွေရတယ်နော် ။ အင်း ကျေးဇူးလွတ်တင်မနေပါနဲ့ ။ဟုတ်တာ လဲမဟုတ်ဘူး။ မြန်မာအယူဆမှာတော့ ကုမုဒြာပွင့်ရင် သူဌေးဖြစ်မယ်တဲ့။ ကံကောင်းတယ် ။ လာဒ်ပွင့်တယ်လို့အယူရှိတယ် ။ ဟုတ်မဟုတ် သိရအောင် ကုမုဒြာကိုကောက်ပြီး ၂၅၇ သော်၎င်း ၂၅၀ သော်၎င်း တကွက်ကို ၁၀၀၀ ဘိုးလောက်ထိုးကြည့်ပါလားကွ ။ ဟားဟား ဒါဘဲနော် ။ ဇေအိပ်ချင် နေပြီ ။ တာ့တာ ပရိတ်သက်များခင်များ.. အဲလိုလေတွေတအားပေးနေတဲ့ ဇေဟာ လေပျက်သွားတာနဲ့ တပြိုက်နက် ကုတင်ပေါ်ခုန်တက်ခါ ကမ္ဘာဦးကစပြီး ယနေ့တိုင် လူတိုင်း မငြီးငွေ့နိုင်တဲ့ အိပ်ခြင်းကိစ္စကို စီစဉ်ဆောင်ရွတ်ဘို့ အတွက် စောင်ကို ဆွဲခါ ပက်လက်လန်ပြီး အိပ်ပျော်သွားပါတယ်………….။ ။
ခင်များ…………………………………………………..။

1 comment:

မဗေဒါ (၈၈) said...

ဟလိုမောင်ဇေ ရေ..

အနီရောင်နဲ့ အဝါရောင်တွေကြား ရေရေလယ်လယ် ကျိုးစားနေတာပေါ့..။

ကျန်းမာရေး ဂရုစိုက်ပါ.. အရေးကြီးဆုံး ကာစိတ်ပါ..။

ရေးတာလည်း ဖတ်သွားပသေး..။ အားလုံး လွတ်အောင်ရှောင် ဒါး ( ဓား) ပါပဲကွယ်..။ အနီရောင်တွေ ကိုင်တာပြောတာပါ..။ ပြောင်းလိုက်ပြီ အမည်လေး.. ဟင့် ဝမ်းနည်းသွားတယ်.. မမြဲတာလည်း သိသွားတယ်.. ခင်တဲ့

ရေမျှောကမ်းတင်ပါ..။

မဗေဒါ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...