နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 21 May 2010

ငါ့မိသားစုမှာ........

ဒီနေ့ ကျွန်မ သူငယ်ချင်း ဖြိုးမောင် အိမ်လာလည်ပါတယ်…။

ဟဲ့… ငါ့စိတ်ညစ်နေတယ်…

အမ်… နင်လို အစစ အရာရာ အဆင်ပြေနေတဲ့ ကောင်က များ စိတ်ညစ်တယ်…အောင်မလေးတော်.. နင်ကတော့ လာလာချည်သေးတယ်…

ပြော… ဘာတွေများ စိတ်ညစ်နေတာတုန်းဟ…

ငါ့ကို အိမ်က ၀ိုင်းပယ်ထားကြတယ်ဟာ… ငါ မိသားစုက ငါ့ကိုလူရာ မသွင်းသလိုကြီးပဲ ဟ ။

အေးလေ.. နင်က လူမှ မဟုတ်တာ….. :P

ငါတကယ်ပြောနေတာဟ ။ ခုဆို အငယ်ကောင်ကတောင် ငါ့ကို မထီမဲ့မြင်ပြုလာတယ်..။ ငါက ညီ ဆိုပြီးမပြောချင် လို့နေနေတာဟာ…။ ပြီတော့ အမေကလဲ အဲကောင်ကိုထိရင် ဆတ်ဆတ်ထိမခံ ဆိုတော့ဟာ ။ အမကလဲ နင်က ဘာမှသုံးစားလို့ မရပါဘူးဆိုတာပဲ ပြောနေတယ် ။ ကိုကြီးကလဲ မင်းဘာသာ မင်းအေးဆေးနေပါတဲ့..။ အမေက လဲ ဟိုအကောင် ဘာပြဿနာ ရှာအုံးမလို့လဲ ဆိုတာကြီးပဲ..။ ငါဘာမှားလို့ လဲ..။ အဖေ တယောက်ပဲ ငါကိုနားလည်ပေးတယ် ။ ငါလဲ ငါနေတတ်သလိုနေတယ်…။ ငါ့ပြဿနာကို ငါ့ဘာသာငါ ရအောင် ဖြေရှင်းတယ် .. ။ဘယ်တော့မှ အိမ်က မလိုက်ရအောင် ကိုယ့်ဘာသာကိုယ် ဖြေရှင်းတယ်… ။ ငါဘာမှားနေတာလဲ ။ သူတို့က ငါကိုပြောတာ မိသားစုနဲ့ တိုင်တိုင်ပင်ပင် မနေဘူး ။ အမြဲမိသားစုအပြင် ထွက်နေတာကြီးပဲ တဲ့ ။ ငါတကယ်ပဲ အသုံးမကျတဲ့ ကောင်ဖြစ်နေပြီလားဟာ…။ ငါလေ ငါ့မိသားစုကို အရမ်းချစ်တယ်…ဒါပင်မဲ့ သူတို့သိအောင် မပြောပြတတ်ဘူး..။ မပြောပြချင်ဘူးဟာ..။

သူပြောတဲ့ စကားတွေကြားပြီးနောက်မှာ ကျွန်မတွေဝေသွားပါတယ်…။ သူလိုလူတွေ ဘယ်လောက်တောင်ရှိနေလဲပေါ့..။ သူဟာ သူ့မိသားစုကို အလွန်ချစ်ရှာပါတယ် ။ဒါပင်မဲ့ သူ့အချစ်တွေကို ထုတ်ဖေါ်ပြောလေ့ မရှိပါဘူး ။ ချစ်ခြင်းမေတ္တာဆိုတာ ထုတ်ဖော်ပြမှ အသက်ဝင်တာလား..။ တိတ်ဆိတ်စွာ နေခဲ့ရင်ကော အေးစက်သွားတတ်လား။ ကျွန်မ အဖေ နဲ့ အမေ ကို ချစ်တယ်လို့ တခါမှ မပြောဖူးပါဘူး ။ သူတို့လဲ ကျွန်မရှေ့မှာ တခါမှ ထုတ်ဖော်မပြောဖူးပါဘူး..။ ဒါပင်မဲ့ သူတို့ကျွန်မ ကိုဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်မ ခံစားသိရှိပါတယ်..။ ကျွန်မလဲ အဖေ နဲ့ အမေကို သိပ်ချစ်ပါတယ်..။ ကျွန်မ ကိုကို တွေနဲ့ ဒီလို အပြန်အလှန်ပါပဲ..။ ထုတ်ဖော် မပြောပင်မဲ့ အားလုံး ခံစားနားလည်ကြပါတယ်…။ ဒါပင်မဲ့ တခါတလေ ကျွန်မတို့ လျစ်လျူရှူခဲ့တာတွေ ၊ မသိချင်ယောင်ဆောင်ခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်…။

ကျွန်မ ဒိုင်ယာရီမှာ ကူးမှတ်ထားတဲ့ ကဗျာတပုဒ်ကိုပြန်ရှာတွေ့လိုက်ပါတယ်…။ စိုင်းဝင်းမြင့်ရေးတဲ့ မိသားစု ဆိုတဲ့ကဗျာလေးပါ..။

မိသားစု

မိသားစုဆိုတာ

တယောက်ရှေ့ရောက်ဖို့

တယောက်နောက်ဆုတ်ရတယ် ။

သစ်ကိုင်းတစ်ကိုင်းထိုးထွက်ဖို့

သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ် ။

မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ် ။

သံစုံမြည်တယ် ။

မိသားစုဆိုတာ

လူခြောက်ယောက်ရှိရင် လူခြောက်ယောက်

လက်ဆယ်ချောင်းရှိရင် လက်ဆယ်ချောင်း

ခေတ်ကတောင်းဆိုတဲ့ အတိုင်းလှုပ်ရှားရတယ်

အိမ်ရှိလူကုန် ။

မိသားစုဆိုတာ

ရှင်သန်ဖို့ အတွက်အဆက်မပြတ်တိုက်ပွဲ ၀င်ရတယ်

ရန်ကုန် ဟာစစ်မြေပြင် ။

လဲကျသွားတဲ့ ငါ့အဖေနေရာကို

ငါ့ညီလေး ၀င်ခဲ့တယ်

ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို

ငါ့ညီမလေးဝင်ခဲ့တယ်

မိသားစုကိုငါမမြင်ခဲ့ဘူး ။

ငါ့အတွေးအခေါ်က

သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု ။

ငါဟာလမ်းပေါ်မှာ ကြီးပြင်းခဲ့လို့

လမ်းနဲ့ သွေားသားတော်စပ်တယ်လို့ ထင်တယ် ။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့ မီး

ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ

ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်

ငါ့မိသားစုမှာ

မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ်ဆိုလည်း

ငါပဲဖြစ်မှာ

ငါ့မိသားစုမှာ

ကြမ်းခင်းတစ်ချပ် ကြိုးပဲ့နေတယ်ဆိုလဲ

ငါပဲဖြစ်မှာ

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ

မ၀င်တဲ့ ဂိုးတွေ ငါသွင်းခဲ့တာ ။ ။

ဒီကဗျာလေး စိတ်ထဲ ရှိသလို ခံစားနားလည်နိုင်ပါတယ်….။ အားလုံးပဲ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါကြစေ………။ ။

3 comments:

မဗေဒါ (၈၈) said...

ညီမရေ..

အင်း ခေတ်ပျက်ထဲက ကဗျာကောင်းတပုဒ်ရယ်.. နောက် ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ဖို့ ဝန်လေးတဲ့ မိသားစု လေး အဖြစ် မြင်နေမိတာပဲ.. ။

ကျွန်မတို့ မေတ္တာ တရားတွေ အတွက် ပြတက်ဖို့ သိစေဖို့ ကျိုးစားရပါဦးမည်..။

မဗေဒါ (၈၈)

သဒ္ဓါလှိုင်း said...

တခါတရံမှာတော့ဖွင့်ဟမပြောဖြစ်ပေမဲ့ရင်ထဲမှာ
လှိုက်လှိုက်လှဲလှဲရှိနေတဲ့ချစ်ခြင်းမေတ္တာတွေကိုမသိ
နိုင်ကြဘူး။ဖွင့်ဟမပြောပေမဲ့လည်းနက်ရှိုင်းတဲ့စိတ်နဲ့
ချစ်ခြင်းတရားတွေရှိနေပါတယ်။မိသားစု၊ချစ်သူ၊ဆွေမျိုး၊
အချင်းချင်းကြားထဲမှာတယောက်နဲ့တယောက်ရဲ့ချစ်ခြင်း
မေတ္တာကိုအလိုလိုသိနိုင်တဲ့စိတ်ခံစားမှုမျိုးလိုတယ်နော်။
ညီမလေးလည်းပျော်ရွှင်ချမ်းမြေ့ပါစေ...
ခင်တဲ့
မသဒ္ဓါ

Flower said...

ညီမလေးရေ
မိသားစုတွေမှာ ခုလိုအဖြစ်အပျက်တွေက ဖြစ်လေ့ရှိပါတယ်..
ပြီးတော့ အချစ်ဆိုတာ ရင်ထဲမှာ ရှိယုံနဲ့ မလုံလောက်ဘူး
ထုတ်ဖော်သင့်ရင်ဖော်ပြရတာပါဘဲ
ဒါမှပိုနွေးထွေးတာလေ
ပြောလို့သာပြောသာ
အစ်မတို့လဲဒီလိုဘဲ ပါးစပ်က သိပ်ပြီးမပြောတတ်ခဲ့ဘူး
တကယ်တော့ လိုအပ်တယ်ဆိုတာ သိတာတောင် မကြာသေးပါဘူးလေ
နွေးထွေးတဲ့မိသားစုဘ၀ကို လူတိုင်းလိုချင်ကြပါတယ်ညီမလေးရယ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...