နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 1 June 2010

ဘ၀ဂီတ



ကျွန်မ စာအုပ်တစ်အုပ်မှာ တစ်ခါက စာတစ်ပုဒ် ဖတ်ဖူးပါတယ် ။ လူတစ်ယောက်က တိုင်းပြည်နှစ်မျိုးကို ရောက်ဖူးပါတယ် ။ တစ်မျိုးကတော့ အဲဒီတိုင်းပြည်က လူတွေရဲ့မျက်နှာဟာ တစ်ပုံစံတည်းပဲ၊ စက်ရုပ်တွေ အတိုင်းပဲ၊ မိန်းမတိုင်းကလဲ မိန်းမတစ်ယောက်တည်းရဲ့ ရုပ်ပဲထွက်နေတယ်။ ယောက်ျားတိုင်းကလဲ ယောက်ျားတစ်ယောက်တည်းရဲ့ ရုပ်ပဲထွက်နေတယ် ။ မျက်လုံးတွေမှာ အရောင်မဲ့ ၊ အရေပြားတွေမှာ အဆင်းမဲ့၊ လှုပ်ရှားတာက စက်ရုပ်ပမာ ၊ လူစက်ရုပ်တိုင်းပြည်ပေါ့ ။ နောက်တိုင်းပြည်တစ်ခုက လူတွေရဲ့မျက်လုံးတွေက တောက်ပလို့နေသတဲ့ ၊ အသားအရေတွေကလဲ စိုပြေ၀င်းဝါပြီး ဆံပင်တွေကလဲ လွတ်လပ်စွာ ၀ဲပျံနေသတဲ့ ၊ ပြုံးသင့်တဲ့ နေရာပြုံးပြီး ၊ ငိုစရာတွေ့တော့လဲ ငိုချလိုက်တာပဲ ၊ ဒုက္ခတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းပြီး သုခတွေကိုလဲ လူကျေနပ် နတ်ကျေနပ် ၀ိုင်းဝန်းခံစားကြသတဲ့ ။
တိုင်းပြည်တိုင်းက သူ့ပြည်သူတွေကို ကောင်းစေချင်တဲ့ စေတနာကတော့ အတူတူလို့ယူဆရတယ် ၊ လုပ်နည်းလုပ်ဟန်ု ကွာတာပေါ့ ။
ကျွန်မတို့တွေ နေ့တိုင်း ဒီပုံစံခွက်ထဲမှာ နေနေကြရတယ်လို့မထင်မိဘူးလား ။ ကျွန်မဆိုနေတိုင်း ဖြတ်သန်းနေရတဲ့ ပုံစံခွက်တွေနဲ့ နပမ်းလုံးနေရတာကြာတဲ့အခါ ထွက်ပြေးချင်လာတယ် ။ အခြားသူတွေတော့ အဲဒီလို ဖြစ်လား ၊ မဖြစ်လားတော့ မသိဘူး ကျွန်မက အခြားသူမဟုတ်တော့ မပြောတတ်ပါဘူး ။

ကျွန်မမှာတခါတလေ အပြောင်းအလဲလေး ဖြစ်အောင် စိတ်ကို မိတ်ကပ်တွေ ၊ နှုတ်ခမ်းနီတွေ ၊ အိုင်းလိုင်နာတွေ ၊ ဒါမှမဟုတ် ဆံပင်ကို ပေါင်းတင်တာဖြစ်ဖြစ် အဲဒီအလှအပတွေဘက်လှည့်လိုက်တယ် ။ ဒါတွေလဲကြာလာတော့ မကြည့်ချင်ပြန်ဘူး ။ ခုတခါ ကဗျာ ၊ စာပေ ၊ အနုပညာဆိုတဲ့ စိတ်နှလုံးကို နှုးညံ့စေတဲ့ အရာတွေဘက် လှည့်လာပြန်တယ်..။ ပုံစံခွက်ထဲက ရုန်းထွက်ချင်တယ် ။ တခါတရံ နှုးညံ့သိမ်မွေ့မှု စိတ်ကူးယဉ်စရာလေးတွေကိုတွေးတာ ကျွန်မရဲ့ထွက်ပေါက်တစ်ခုပါ ။ အဲဒီလိုနဲ့ အင်အားသစ်တွေ ပြန်လည်မွေးဖွားပြီး ကျွန်မရဲ့ နိစ္စဓူဝ အလုပ်တွေကို လူသစ်စိတ်သစ်နဲ့ ပြန်သွားရပြန်တာပေါ့ ..။
စက်ရုပ်နဲ့တူတဲ့လူဖြစ်လိုက် ၊ လူနဲ့တူတဲ့ စက်ရုပ်တွေဖန်တီးလိုက်နဲ့ ကျွန်မတို့ကမ္ဘာကြီးဟာ တနေ့ပြီးတနေ့ ပြောင်းလဲလာပါတယ်…။ အခုတော့ ကျွန်မက ကြီးကြီးကျယ်ကျယ် ကဗျာတွေ ၊ စာပေတွေ ၊ ဂီတတွေ အကြောင်းရေးတော့မယ်ဆိုတော့ အော် နင်က ကျောင်းတက်ရင် ကျောင်းသူစက်ရုပ်ဖြစ်လိုက် ၊ အလုပ်သွားတော့ အလုပ်သမားစက်ရုပ်ဖြစ်လိုက် ၊ စာသင်ပေးနေတော့ ဆရာမစက်ရုပ်ဖြစ်နေတယ်လို့ ပြောကြတဲ့သူတွေက ဒီလို ကဗျာတွေ ၊စာတွေ ၊ဂီတတွေ ကိုခံစားတတ်သေးတယ်ဆိုပြီး ဝေဖန်ကြတယ်ပေါ့ ။
ဒါပင်မဲ့ ကျွန်မ အသည်းနှလုံး ကတော့အစစ်ပါ ။ ကျန်တာတွေ စက်ရုပ်ဆန်နေပင်မဲ့ လူသားဆန်တဲ့ အစစ်တစ်ခုတော့ ကျန်ပါသေးကြောင်း အယူခံဝင်ပါရစေ …။
သူငယ်ချင်းတို့တွေ မှာကောဒီလိုအဖြစ်နဲ့ ကြုံဖူးကြမှာပေါ့…။ အော် ဒီစက်ရုပ်ဆန်တဲ့ ဘ၀တွေဘယ်တော့မှ ပြီးဆုံးပါ့မလဲနော်….။
  ခု ဂီတ ဆိုတာကြီးကို ပြောပါတော့မယ် ၊ ကျွန်မတို့တွေ ဂီတအင်အား ၊ ဂီတသံစဉ်တွေနဲ့ ဘ၀ ကိုလျှောက်ကြသလား ၊ မလျှောက်ကြသလား… ? ကျွန်မ သိချင်ပါတယ် ။။
ဗီသိုဗင် (Beethoven) ကတော့  “ ဂီတဆိုတာ ယောက်ျားတွေရဲ့ နှလုံးသားထဲက မီးတောက်တွေကို ရိုက်ခတ်မှာ ဖြစ်သလို ၊ မိန်းမတွေရဲ့ မျက်လုံးထဲက မျက်ရည်တွေကို ကြွေကျစေလိမ့်မယ် ” လို့ပြောပါတယ်…။
လောင်းဖဲလိုး (Long Fellow) ကတော့ “ဂီတဆိုတာ လူသားတို့ရဲ့ ကမ္ဘာ့ ဘာသာစကားပါပဲ” တဲ့….။ ဒါကြောင့်သာပဲ ကျွန်မတို့တွေ ကိုရီးယား သီချင်းတွေကိုခံစားနိုင်သလို ၊ တရုပ်သီချင်း ၊ ကုလားသီချင်းတွေ ကိုလဲနားထောင်နိုင်ကြတာပေါ့…။ အဲဒီသံစဉ်တွေကို မြန်မာသံထည့်လဲ ကြိုက်ကြတာပဲမလား  ။
လူတစ်စုအတွက် ၊ လူတစ်ဦးတစ်ယောက်အတွက် ဖန်တီးထားတဲ့ ဂီတတွေလဲရှိပါသေးတယ်..။ အတ္တကမ္ဘာမှာ အတ္တသမားတွေရဲ့ ဂီတတွေဟာလဲသမိုင်းမှာမရှားပါဘူး ။
ရှိတ်စပီးယားကပြောခဲ့တာ ရှိပါသေးတယ်… ။ ဂီတဆိုတာ ဘာမှန်းမသိတဲ့ လူတယောက် (ဒါမှမဟုတ်) ဂီတသံသာတွေရဲ့ အသံကိုခံစားနားမထောင်ဘူးတဲ့ လူသားတစ်ယောက်ဟာ မိမိတိုင်းပြည်ကို သစ္စာဖောက်ဖို့လည်း ၀န်မလေးသူပဲ ဖြစ်မယ် ။ သူပြောချင်တာက ဂီတမဲ့လူတယောက်ဟာ မိမိတိုင်းပြည်ရဲ့ ရန်သူကို အားပေးအားမြှောက်ပြုလိမ့်မယ်..၊ လူတန်းစားခွဲခြားသူ လူတွေကိုအဆင့် အတန်းခွဲခြားသူ ဖြစ်ချင်ဖြစ်လိမ့်မယ်..၊လူ့တန်ဖိုးတွေ လူ့သိက္ခာတွေကို ဖျက်စီးသူများလဲ ဖြစ်ချင်ဖြစ်လိမ့်မယ် .. ဆိုပြီးသူ့ရဲ့နာမည်ကြီး Merchant of Venice ထဲမှာပြောထားလေရဲ့..။
ဒါပင်မဲ့ အဲဒီလိုလူမျိုးတွေဟာ ဂီတကို သူတို့ကိုယ်ကျိုးအတွက် အသုံးချရမှန်းတော့ သိတယ်ဆိုတာ ရှိတ်စပီးယားမသိသွားပါဘူး..။ သေရွာမှာ ရှိရင်ပြေးပြောလိုက်ချင်ပါတယ်…။
ဘ၀ဂီတ လို့ခေါင်းစဉ်ပေးထားတော့လဲ ဂီတ နဲ့ ဘ၀ ကိုဆက်စပ်ပေးရအုံးမှာပေါ့နော်….။ ခံစားချက်တွေချည်း ရေးနေလို့ မပြီးသေးပါဘူး ။ ၀ီလျံဟင်နရီ ချန်းနင်း ( William Henary Channing ) က ဘ၀ရဲ့ အလှအပ တွေဟာ  သူ့အတွက် ဂီတသံစဉ်တွေပါတဲ့..။ ဒါဆို ကျွန်မတို့ အတွက် ဂီတသံစဉ်ကရော ဘာများပါလိမ့် ။ 
အနည်းငယ်သော အရာများနှင့် ရောင့်ရဲစွာ နေထိုင်တတ်ခြင်း ၊တင့်တယ်ခြင်းကို ကြွားဝါခြင်းနှင့် ခွဲခြားတတ်ခြင်း ၊ ဖက်ရှင်ပြပွဲထက် သပ်ရပ်သန့်ရှင်းစွာ ၀တ်ဆင်တတ်ခြင်း ၊အကြည်အညိုခံလိုခြင်းထက် လူတွေအတွက် အသုံးဝင်အောင်နေထိုင်ခြင်း ၊ ချမ်းသာခြင်းထက် ပြည့်စုံရုံနေထိုင်ခြင်း ၊ ကြိုးစားလေ့လာခြင်း ၊ ဆိတ်ငြိမ်စွာတွေးတောခြင်း ၊ ညင်သာစွာပြောဆိုခြင်း ၊ မှန်ကန်စွာကျင့်ကြံခြင်း… စတာတွေ ကရောဘ၀ရဲ့ဂီတ တွေမဟုတ်ပါဘူးလား ။
ကျွန်မတို့ရဲ့ ဘ၀ဂီတတွေတို လှပအောင် တန်ဆာဆင်လို့ မရဘူးလား..။ ဒါဆို ကလေးငယ်လေးတွေနဲ့ အိုမင်းမစွမ်းသူတွေ ရဲ့လိုအင်ဆန္ဒကို ပွင့်လင်းသောနှလုံးသားဖြင့် လက်ခံနားထောင်ခြင်း ၊ ရွှင်ပြကြည်လင်သော အရာအားလုံးကို ထိန်းသိမ်းခြင်း ၊ သတ္တိရှိစွာ စွမ်းဆောင်ခြင်း ၊ အခြေအနေ အရပ်ရပ်ကို စောင့်တန်လျှင် စောင့်ခြင်း ၊ အလျှင်စလို မဆင်မခြင် မပြုခြင်း စတဲ့ သေးသေးဖွဲဖွဲ လေးတွေကို စုပေါင်းပြီး တန်ဆာဆင်လို့ရပါတယ် ။ ဒါကတော့ ဘ၀ရဲ့ ဂီတ အလှအပ တွေပါ ။
ကျွန်မပြောချင်တဲ့ ဂီတ ဆိုတာပါ..။ ကျန်တဲ့ နားထောင်ခြင်းဆိုင်ရာ ဂီတအနုပညာ အကြောင်းကို ဂီတကျောင်းတက်နေတဲ့ ကိုဇေ ကနေဆက်လက်ဆွေးနွေးပါမယ် ။
အားလုံးပဲ ပျော်ရျွင်ဖွယ် ဂီတလေးတွေကို ဖန်တီနိုင်ပါနေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။
ကျွန်မ နှင်းမိုးမိုး ပါ…။  

3 comments:

ဟန်ကြည် said...

ဇာတ်တော်ထဲမှာတော့ ဘုရားလောင်းဟင်္သာမင်းကညီတော်ကို ပြောဖူးတယ်...
ညီတော်...အဆင့်အတန်းမရွေး ပုံစံတစ်ပုံစံတည်းဖြစ်နေတဲ့ အရပ်၊ ကွဲပြားခြားနားမှုမရှိတဲ့ အရပ်မှာ မနေအပ်ဘူးတဲ့...
ညီမရဲ့ Post လေးဖတ်မိတော့ အဲဒီစာသားလေးတွေတောင် နားထဲမှာ ပြန်ကြားလာတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂီတဆိုတာ မွန်းကြပ်တဲ့ ဘ၀မှာ စိတ်ထွက်ပေါက်တစ်ခုလဲ ဖြစ်ပါတယ်..
မမတော့ သိပ်စိတ်ညစ်ရင် သီချင်းအော်ဆိုလိုက်ရင်
သက်သာသွားတယ်..
ဂီတကို မနှစ်ခြိုက်တဲ့သူဆိုတာ အတော်တော့ ရှားပါလိမ့်မယ်နော်...

မဗေဒါ (၈၈) said...

ဟလို ညီမနှင်း.မိုး..

မောင်ဇေအခေါ် ဗေဗေပါ.. ဒါဒါမဟုတ်တဲ့ ..မဗေဒါပါ..။ အဟမ်း။

ရှိတ်စပီးယားမသိသွားခဲ့တာ တော်တော်ဆိုးတယ်နော်.. သူတို့ဆိုရင် ဘာဂီတမှ မခံစားတက်ဘူး.. အသုံးတော့ချတက်တယ်.. ဟို ဟာတွေ ဆိုခိုင်း ဒီဟာတွေ အတင်း ဆိုခိုင်းနဲ့.. ဟင်း.. ။ နောက် သူတို့ကလေ ဘာအနုပညာမှ ခံစားတက်ပုံ မရဘူးညီမ..( သိတယ်မလား .. ဘယ်သူ့ကိုပြောလည်း ဆိုတာ..မေးနေပါတယ် ..ဖြေလည်း ရတယ်.. မဖြေလည်း ရပါတယ်.. )..။

အမကတော့ သီချင်းဆို ဝါသနာ ပါတယ်.. နောက် ဂီတကို မြတ်နိုးတယ်ဆိုတော့ ရှိတ်ရှိတ်ပြောတာနဲ့တော့ မတူလောက်ပါဘူးနော်..။

မဗေဒါ (၈၈)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...