နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday, 26 June 2010

ပြောပေးကြပါ…….


ကျွန်မတို့ကတော့ နေ့တိုင်းသူနဲ့ထိတွေ့နေရတဲ့ ပစ္စည်းတွေပေါ့ ။ သူဆိုတာ အိမ်မှာတော့ မီးမီး လို့ခေါ်တယ် ကျောင်းမှာဆို နှင်းမိုး ဆိုလား ဘာလားပေါ့ ၊ ပြီးတော့ သူက ဟိုတီဗီ လိုမျိုးရယ် ၊ အောက်မှာ လက်တွေနဲ့ တဗြောင်းဗြောင်းရိုက်တဲ့ အပြားရယ် ၊ ဘေးနားက ဟိုရွှေ့ ဒီရွှေ့ လုပ်လို့ရတာကြီးနဲ့ အမြဲတမ်းအလုပ်ရှုတ်နေတယ်..။ သူ့ကိုသူလဲ ပြောတယ် ဘလော့ခါ ဆိုလား ဘလက်ဂါ ဆိုလားသိပါဘူး ။။
ကျွန်မက သူလွယ်နေတဲ့ အိတ်ပေါ့ ။ ကျွန်မ သူငယ်ချင်းတွေက ကိုစတီးချိုင့်ရယ် ၊ ကိုနီကို ဆိုတဲ့ ခပ်နွမ်းနွမ်းထီး ရယ် ၊ မပိုက်ဆံအိတ်ရယ် ၊ သူရဲ့ လက်စွဲတော် မအမ်ပီသရီး ဆိုတာရယ်ပေါ့ ။ ကျွန်မတို့အားလုံးက သူနဲ့ နေတိုင်းထိတွေ့နေရတဲ့ သူတွေလေ ။ ကျွန်မတို့ အားလုံးလေ သူကျောင်းပိတ်ရက်ဆို သိပ်ပျော်တာပဲ သိလား ။ ကျွန်မတို့ အားလုံးအနားရတယ်လေ ။ သူ့ကြောင့်စိတ်ညစ်ခဲ့ရတာတွေ ကတော့ မနည်းမနောပဲ ။
ကျွန်မက စပြီးရင်ဖွင့်မယ်နော်..။ သူက ကျွန်မထဲကိုလေ သူထည့်ချင်တဲ့ ပစ္စည်းပစ္စယတွေကို အကုန်ထည့်တယ်..။ တနေ့တနေ့ ကျွန်မ ဘာမှမစားရပဲ ၀က်ဖြစ်နေတယ်..။ လွယ်တာတော့ သူကလွယ်တာပေါ့ ။ ကျွန်မထဲမှာလဲ ကြည့်အုံး မပါမဖြစ်က ကျောင်းသားကဒ်ဆိုတာရယ် ၊ ဘောပင် ခဲတံ ပေတံ စတဲ့သပဒံ ပေါင်းစုံ ထည့်တဲ့  အိတ်တလုံးကပါသေးတယ် ။ 991 es ဆိုတဲ့ ဂဏာန်းပေါင်းစက်ရယ် ၊ ပိုက်ဆံအိတ်ရယ် ၊ ထီးရယ် ၊ ပြီးတော့ သူက အလှလဲကြိုက်တယ်ထင်တယ် ဘီးရယ် ၊ နှခမ်းနီ တထောင့်ရယ် ၊ အဆီစပ်တစ်ရှူးရယ် ၊ ကလင်းပတ်ဆိုလား ဟိုးအရင်တုန်းကတော့ မျက်နှာချေ လို့ခေါ်တဲ့ ဘူးရယ်..။ ဒါပင်မဲ့ အဲဒါတွေကိုတော့ သုံးလှတယ်မဟုတ်ဘူး ။ ရှိထားတယ် ပါတယ်ဆိုရုံပဲ .. ။ ကျောင်းစာအုပ်ကတော့ အနည်းဆုံး ၄ အုပ်ပါတယ် ၊ ကျန်တာကိုတော့ လက်ကကိုင်ပြီး သူ့ကိုသူ တက္ကသိုလ်ကျောင်းသူဆိုတာ လူသိစေချင်လို့နဲ့ တူတယ် လက်ကကိုင်တယ်လေ ။
ကျွန်မထဲကိုလဲ ဘယ်တော့မှ စီစီရီရီ မထည့်ဘူး သိလား ၊ ဟိုပစ္စည်း ပစ်ထည့်ဒီပစ္စည်းပစ်ထည့် နဲ့ ခေါင်းကိုမူးနေတာပဲ ၊ နေ့တိုင်းလုံးဝ မနားရဘူး ။ ပြီးတော့ ကျွန်မမှာ ကျွန်မနဲ့ဆင်တူ သူငယ်ချင်းအိတ်တွေရှိတယ် ။ သူတို့ သူငယ်ချင်းတွေ ဆင်တူလွယ်ကြတယ်ထင်တယ် ၄ လုံးတောင် ကျန်တဲ့သူတွေကတော့ နက်ပြာတွေပေါ့ ကျွန်မတစ်ယောက်ထဲ အနက်ရောင်လေ..။ တခြားအိတ်တွေဆို ခဏခဏ ပိုင်ရှင်မှားကြတယ်..။ ကျွန်မကတော့ တယောက်ထဲဆိုတော့ ဘယ်တော့မှ မမှားဘူး …။ သူ့ကျောင်းဆိုတာကြီးကိုရောက်တာနဲ့ ခုံအောက်ထဲ ကျွန်မကိုပစ်ထားတော့တာပဲ ။ ပြန်ခါနီးမှ ကျွန်မကိုလာခေါ်တယ် ..။ စနေ တနင်္ဂနွေ ဆိုလဲ ကျူရှင်ဆိုပြီး ကျွန်မကိုခေါ်ပြန်တယ်..။ မလိုက်ချင်လဲ လိုက်ရတော့တာပေါ့ ။ ကျေးဇူးပြုပြီး ကျွန်မ ကိုယ်စားပြောပေးကြပါနော် ကျွန်မကိုလဲ တစ်ရက်လောက်တော့ အနားပေးပါလို့ တကိုယ်လုံးလဲ မိုးရေတွေထိလို့ နံစော်နေပြီ ၊ ကျွန်မကို သန့်ရှင်းရေး လုပ်ပေးမယ်တော့ မစဉ်းစားဘူး ပရုပ်လုံးတွေ ပဲလှိမ့်ထည့်နေတယ်..။
ခုရင်ဖွင့်မှာကတော့ ကိုစတီးချိုင့်ပါ ။ ဟုတ်ကဲ့ ကျွန်တော်ကတော့ နေ့တိုင်းသူစားဖို့ ထမင်းတွေ ၊ဟင်းတွေ သယ်ပေးနေရတဲ့ ကောင်ပေါ့ ။ ကျွန်တော်ကတော့ သူ့အတွက် နေ့တိုင်း သူစားဖို့သယ်ပေးနေပင်မဲ့ ကျွန်တော့ကို ဂရုမစိုက်ဘူးဗျ ။ မနက်တိုင်း သူ့မေမေကတော့ ထပြီးထမင်း ဟင်းချက် လုပ်ရတယ် ၊ သူကတော့အေးဆေးပဲ ။ဒီလိုနဲ့ ကျောင်းသွားရော ကားပေါ်ရောက်လို့ ထိုင်စရာရတာနဲ့ ကျွန်တော့်ကို ပစ်ထားလိုက်တာပဲ ..။ ဒါမှမဟုတ် ထိုင်စရာမရဘူးဆိုရင်လဲ သူများကို မျက်နှာလွဲခဲပစ်ပေးပစ်တယ်လေ..။ ပြီးတော့ တခါတလေ ကားပေါ်မှာ ဒါမှမဟုတ် ပေးထားတဲ့ လူဆီမှာ ကျွန်တော့ကို မေ့ထားခဲ့တယ်ဗျာ ကောင်းကြသေးရဲ့လား စဉ်းစားကြည့် ၊ သူ့သူငယ်ချင်းတွေက ပြန်လာခေါ်ရတယ်လေ ကျွန်တော့ကို ။ အဲမမေ့ပဲ ကျောင်းခန်းထဲရောက်ရင်လဲ မအိတ်လိုပဲ ပစ်ထားပြန်ရော …။ သူ့ဗိုက်ဆာမှ သတိရတယ်..။  လမ်းလျှောက်ရင်လဲ ဘယ်လိုလျှောက်မှန်းမသိဘူး ။ ဟိုဝင်တိုက် ဒီဝင်တိုက်နဲ့ ကျွန်တော့ တကိုယ်လုံးလဲ ဒါဏ်ရာ ဒါဏ်ချက်ကြီးပဲ …။ ကျွန်တော့ ကိုယ်စားပြောပေးပါ ကျွန်တော့ကို သူများလက်ထဲမှာ ခဏခဏ မေ့မထားပါနဲ့လို့ နော်…။ ကျန်တာတွေကတော့ ကျွန်တော့အတွက် ရိုးဟိုးဟိုးးးးနေပြီမို့ အထွေအထူး မပြောချင်တော့ပါဘူး ဗျာ။။။
ခင်ဗျားတို့စဉ်းစားကြည့်ဗျာ ..။ ကျွန်တော့် သူ့ကို နေဒဏ် မိုးဒဏ်က ကာကွယ်ပေးခဲ့တာ ၃ နှစ်ရှိပြီ . ကျွန်တော့ကို ပင်စင်ပေးသင့်ပြီလို့ မထင်ဘူးလား ။ သူများတွေများ တနှစ်ကို တချောင်း နှုန်းကိုင်နေကြတာကို သူ့က ကျွန်တော့ကိုပဲ သစ္စာရှိတာလား ၊ ကပ်စီးနည်းတာလားတော့ မသိဘူး ၃ နှစ်ရှိပြီ ..။ ကျွန်တော်လဲ အရောင်တောက်ပြောင်မှု မရှိတော့ဘူး ။ ဂျပန်က လာတာဆိုတော့  ကျန်တဲ့ အစိတ်အပိုင်းတွေက ကောင်းနေတုန်းပဲ ဒါပင်မဲ့ ဟိုတုန်းကလိုတော့ ဘယ်သန်မာတော့မလဲ ဗျာ ။ ကျွန်တော့ကိုလဲ နေပူ ၊ မိုးရွာ မရှောင် တရက်မှ အနားမပေးဘူး ။ ကျောင်းရောက်လို့ မအိတ်တို့ ၊ ကိုစတီးချိုင့် တို့လိုနားရမလားမှတ်တယ် ဘယ်သွားသွား ကျွန်တော်ပါတယ် ။ ကင်တင်းဆိုတဲ့ မုန့်သွားစားရင်လဲ ပါတယ် ..။ အဲကိုစတီးချိုင့်လိုတော့ ကျွန်တော့ကို မမေ့ကျန်ခဲ့ဘူးဗျ ။ ပြီးတော့ ကျွန်တော့ကို သူ့သူငယ်ချင်းတွေ လက်ထဲဘယ်တော့မှ ဌားတာပဲဖြစ်ဖြစ် ခဏပဲဖြစ်ဖြစ် မထည့်ဘူးဗျ ..။ ခင်ဗျားတို့ကော ကျွန်တော့ကို အနားပေးသင့်ပြီလို့ မထင်ဘူးလား ။ လူလိုပြောရရင်တော့ ပင်စင်ပေါ့ဗျာ ကျွန်တော့လို ထီးတချောင်းကို ၃ နှစ်အထိခိုင်းစားရ ကျေနပ်ရောပေါ့နော်…။ ကျွန်တော်တော့ နားချင်ပီ ။ အဲဒါ သူ့ကိုပြောပေးနော်…။
ကျွန်မကတော့ သူဘယ်တော့မှ မမေ့ကျန်ရဲတဲ့ ပိုက်ဆံအိတ် ပြောပြော ဘိုလို အခေါ် ဝေါလက် ဆိုတာပေါ့ ။ ပြောသာပြောရတယ် များသောအားဖြင့် ကျွန်မက အခွံချည်းလိုလိုကို ဖြစ်နေတာ ပေါ့ ။ ဘယ်တော့မှ ခြင်္သေ့တွေ ၊ ဆင်တွေ ကို ကြာကြာမနေခိုင်းဘူး ။ ၀င်လိုက် ထွက်လိုက်ပဲ ။ ပြီးတော့ ကျွန်မရဲ့ အကန့်လေးတွေ ထဲမှာ ဘာစာရွက်တွေ ၊ ဘာကဒ်တွေ မှန်းတော့ မသိဘူး အမြဲတမ်းထည့်တယ် ။ ကျောင်းက ချလံစာရွက်တွေလို့တော့ပြောတာပဲ အပေါင်ဆိုင်ဘောင်ချာတွေလဲ ဖြစ်နိုင်တာပဲနော်.. ဟုတ်တယ်မလား ။ ဖောင်းနေတယ်ဆိုပြီး အထင်မကြီးလိုက်နဲ့ အဲဒါတွေကြောင့် ဖောင်းနေတာ မသိတဲ့သူကတော့ ပိုက်ဆံတွေ တထပ်ကြီးပဲ ပါသလိုလိုနဲ့ ။ ကျွန်မနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေ ထည့်ထားတာကိုတော့ ဘ၀င်မကျဘူး ။ ရှင်တို့ပဲ စဉ်းစားကြည့် ဟန်ဆာပလက်စ် ဆိုတဲ့ အနာကပ်ပလာစတာကြီးကို ထည့်စရာလားနော်.. ပြီးတော့  တခုတလေမဟုတ်ဘူး အနည်းဆုံး ၅ ခုလောက်ပါတယ်…။ လုံးဝ မကျေနပ်ဘူးနော် အဲဒါကြီးတွေကို မထည့်ဖို့ ရှင်တို့ ကြည့်ပြောပေးစမ်းပါတော်..။
ကျွန်မကိုတော့ သူတော်တော်ချစ်တယ်သိလား ။ သေသေချာချာကိုင်တယ် … ပြီးတော့ ဘယ်သူ့မှ မဌားဘူး ။ ဒါပင်မဲ့ ကျွန်မလဲ စိတ်ညစ်ရတာတွေရှိတယ် သိလား ။ ကျွန်မကို နားထောင်ပြီဆိုရင် ဘယ်တော့မှ အေးအေးဆေးဆေး နားမထောင်ဘူး ..။ ဟိုဖန်ရှင်ကလီ ဒီဖန်ရှင်ကလိနဲ့ ။ ပြီးတော့ သူ့အမ၀မ်းကွဲဆိုတဲ့ တယောက်ကတခါတလေ ယူနားထောင်တယ် …။ အဲချိန်ဆို ပိုစိတ်ညစ်ရတယ်..။ သူ့အမက  နားထောင်ပြီးအိပ်အိပ်ပျော်သွားတယ်…။ sleep timer လဲမပေးထားဘူးလေ ကျွန်မမှာ နားထောင်တဲ့သူ မရှိလဲ တညလုံးအော် နေရတယ်…။ ကျွန်မ ခန္ဒာကိုယ်ထဲက အားတွေကုန်သွားမှာ နားရတယ်…။ တညလုံးမောရောပဲ…။ သူကတော့ အားပြန်ဖြည့်ပေးပါတယ်…။ ပြီးတော့ သူ့မှာ ဘယ်သူမှ မသိတဲ့ အကျင့်တစ်ခုရှိတယ်  သူ့အသံကို ရီကော်ဒင်းလုပ်တတ်တယ် ..။ ပြောတာတွေကတော့ အစုံပါပဲ ..။ ကျွန်မကို ရင်ဖွင့်တယ်နေမှာပေါ့ ပြောချင်တာတွေပြောတယ်.. တခါတလေ ပျော်စရာတွေပြောတယ် ၊ တခါတလေ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လာရင်လဲ သူမကျေနပ်တာတွေကို ကျွန်မဆီမှာ ပြောတယ် ။ ပြောပြီးပြန်နားထောင်တယ်… အဲခဏနေလဲကျရော သူပြောထားသမျှတွေအကုန်ပြန်ဖျက်ပစ်တယ်တော့ ဘာသဘောလဲတော့ မသိဘူး …။ တခါတလေ ကျွန်မလေ သူ့ကို ရူးများရူးနေသလားလို့ တွေးမိတယ်…။ ကျွန်မမှာတော့ သူ့ကို မကျေနပ်တာရယ်လို့တော့ ထွေထွေထူးထူးမရှိပါဘူး…။ သူရဲ့ ပေါကြောင်ကြောင်နိုင်တာကို အတင်းပြောချင်လို့ ၀င်ပြောတာပါ…။
ကဲ ရှင်တို့ မကျေနပ်တာရှိလဲ သူသိသွားအောင် ကျွန်မတို့နဲ့ တခါတည်းပြောလိုက် သိလား..။ ဘာမှ အားနာနေစရာမလိုဘူး ။  မပြောမပြီး မတီးမမြည် တဲ့…။ သိအောင်တော့ပြောရမှာပဲလေ မဟုတ်ဘူးလား ။
 ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ ။

 

7 comments:

နတ်ဆိုးလေး said...

မိုက်တယ်
Presentation လေး သဘောကျတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မကတော့ နှင်းမိုးမိုး ဆိုတဲ့ ဘလော့ပါ.. ဒီဘလော့လေးမှာ ဇေတာရာဆိုတာနဲ့ နှင်းမိုးမိုး တို့၂ယောက်ဟာ နေ့တိုင်း သူတို့ ရေးချင်တာတွေ ရေးကြတယ်.. သူတို့ရဲ့စာတွေက ချစ်စရာကောင်းပါတယ်.. ဒါကြောင့် နေ့တိုင်း လာဖတ်သူတွေ ရှိနေတာပေါ့.. ဟုတ်ဖူးလား..

ညီမနှင်းရေ.. ဘလော့လေးအကြောင်းမပါလို့ သူစိတ်ကောက်နေတယ်.. ဒါကြောင့် အစ်မ ဖြည့်ရေးပေးသွားတယ် .. ခိခိ

ခင်မင်စွာ

မာရ်နတ် said...

ဟုတ်ပ မပြောမဆိုမတီးမမြည်နော့
ပြောကိုမပြောချင်ပါဘူးဟယ် ခွိခွိ

mg lay said...

မိုက်တယ်ဗျို့၊အရေးအသားလေး၊စိတ်ကူးလေးက....

ကိုကိုးအိမ် said...

နှင်းမိုးရေ နှင်းမိုးရဲ့အရေးအသားလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။ ညီမလေးအောင်မြင် တာတွေ့ရတော့ အကိုအရမ်းဝမ်းသာပါတယ်ကွာ

ကိုကိုးအိမ်

ကောင်းမွန်ဝင်း said...

နှင်းမိုးမိုးရေ
စိတ်ဝင်စားအောင်ရေးသွားတာက စိတ်ဝင်စားစရာကောင်းတယ်။
ခင်မင်လျှက်။

Anonymous said...

hee hee.hoat pa.ae lo pae ma kyay nat tar ko win pyaw lo ya till tal lar?dar so a ma lae win pyaw oo mal....:P

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...