နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 6 June 2010

အအေး နှင့် အနွေး



ခုတလော ကျွန်မ တို့မြို့တော် ရန်ကုန်မှာ မိုးတွေရွာနေပါပြီ ။ အလွန်တရာ ပူနေရာကနေ အေးတဲ့ဘက်ကို ရောက်လာပြီပေါ့လေ ။ အိပ်ရတာလဲ အေးအေး နဲ့ကွေးလို့ကောင်းတဲ့ အချိန်ပေါ့ ။ ကျွန်မက မိုးတွေအရမ်းရွာ ၊ ပြီးတော့ အိပ်ယာထဲမှာ ဖတ်စရာစာအုပ်တအုပ် ၊ ကော်ဖီတစ်ခွက် နဲ့သာဆို နတ်စည်းစိမ်နဲ့တောင် မလဲနိုင်ပါဘူး ။ စောင်လေးခြုံပြီး အိပ်တော့မယ်ဆိုတော့ ကျွန်မ လက်တွေအေးစက်နေတာ သတိထားမိလိုက်တယ် ။ အဲဒီတော့ ချိုင်းကြားထဲ လက်ထဲထည့်လိုက်တော့ နွေးသွားတာသတိထားမိလိုက်ပါတယ် ။ လက်တွေကလဲ တော်တော်အေးစက်နေတာ ကိုး။ အဲဒီမှာ စိတ်ကူးတခုရသွားတယ် …။ ချိုင်းဘက်ကနေ ခံစားကြည့်လိုက်တော့ အေးစက်သော အတွေ့ကို ခံစားမိပြီး ၊ လက်ဘက်ကနေ ခံစားကြည့်တော့ နွေးတဲ့ အတွေ့က်ုခံစားမိတော့ ဇိမ်ကျသလို ဖြစ်သွားတာပေါ့နော် ။
ချိုင်းတွေဘက်က ကြည်တော့ အအေး ၊ လက်တွေဘက်ကကြည့်တော့ အနွေး တဲ့ ။ ကိုယ်လက်နဲ့ ကိုယ်ချိုင်းပဲ မဟုတ်လားနော် ။ကိုယ်ကြိုက်ဘက်က ခံစားလိုက်ရုံပေါ့ ဟုတ်ဘူးလား ။ ဒါကြောင့် ချိုင်းဘက် အေးစက်တဲ့ အတွေ့ကို မယူတော့ပဲ ၊ လက်ဘက်က နွေးတဲ့ အတွေ့ကိုပဲ အာရုံမှာတဘက်သတ်ဆွဲယူလိုက်တယ်ပေါ့ ..။ ဒါပင်မဲ့ ကိုယ်အတွေးနဲ့ ကိုယ့်ဘာသာ ဒုက္ခရောက်နေရပြီပေါ့ ။ နှစ်ဘက်ကနေ တွေးထားတော့ ချိုင်းဘက်က အေးစက်တဲ့ အတွေ့ဘက်ကို ပြန်ရောက်သွားတယ်…။ ထပ်ပြီး အာရုံကိုစုစည်းလိုက်တယ် ၊ လက်ကလေးနွေးနေတယ် ၊ မကြာပါဘူး ဒီလက်ကလဲ အေးလိုက်တာနော်တဲ့ ။ ကျွန်မစိတ် နဲ့ ကျွန်မ နပမ်းလုံးနေရတယ် …။ အေးလိုက် ၊ နွေးလိုက်နဲ့ နောက်တော့ အေးစက်စက် အတွေ့ကသာ အနိုင်ယူသွားတယ် ။ သြော် ကိုယ့်စိတ်နဲ့ ကိုယ်တောင် အစိုးမရပါလား ဆိုပြီးအောက်မေ့လိုက်ပါတယ် ။
ဒီလို အတွေးတွေ နဲ့ လုံးထွေးရစ်ပတ်ပြီး ချာလပတ်ရမ်းနေတုန်း အေးတာတွေ ၊နွေးတာတွေ မေ့သွားပြီ “ ငါတို့ ခန္ဒာကိုယ်ကြီးက သုခဝေဒနာထက် ဒုက္ခဝေဒနာကို ပိုပြီးထက်ထက်မြက်မြက် ခံစားတတ်တယ်ထင်ပါရဲ့ ဆိုပြီး အတွေးများနေပါတော့တယ် …။ မရေမရာအတွေးတွေ ပေါ့ ။ ကော်ဖီတန်ခိုးကြောင့် အိပ်လို့မရမဲ့ အတူတူ အတွေးကိုလိုနီလုပ်နေပါတော့တယ်..။
ကျွန်မတို့ လူလောကကိုကလဲ ချမ်းသာခြင်းထက် ဆင်းရဲခြင်းကို ပိုပြီးအကဲဆတ် ခံစားမိတတ်ကြတာပဲမလား ။
ကျွန်မတို့ ထမင်း ၊ ဟင်း စတဲ့စားကောင်းသောက်ဖွယ်တွေကို မြိန်မြိန်ယှက်ယှက် စားသောက်ရတဲ့ အခါ နှစ်သက်စွာ အရသတွေ့ကျေနပ်တတ်ကြတာပဲမလား ။ ဒါပင်မဲ့ မွတ်သိပ်ဆာလောင်မှု ကိုတော့ ပိုပြီးခံစားမိကြတယ် လို့ထင်မိပါတယ်…။ အရမ်းဆာလောင်နေတဲ့ အချိန်မှာ ခံစားရတဲ့ဒုက္ခက ပိုတယ်လို့ခံစားမိကြမှာပါ ။
ကျွန်မတို့ ခန္ဒာကိုယ်ကြီးကိုကပဲ ဒုက္ခကိုတော့ ဒုက္ခမှန်း ပိုသိတတ်ပြီး သုခကိုတော့ သုခပါပဲရယ်လို့ သိသိမှတ်မှတ် မခံစားတတ်ဘူးထင်ပါရဲ့လို့ အောက်မေ့မိပါတယ် ။
အနာရောဂါမရှိ ကျန်းမာနေစဉ် ကျန်းမာနေခြင်းရဲ့ အနှစ်သာရကို မှတ်မှတ်ထင်ထင် အရသာယူပြီး ခံစားမိရန်ခဲယဉ်းမိကြပါတယ် …။ အဲ နာဖျားမကျန်း ရှိလာတဲ့အခါမှာတော့ ထိုဒုက္ခဝေဒနာကို တသိတမှတ်ပြုပြီး ခံစားနေတတ်ကြတာ လူ့သဘာဝပေပဲလား ။ ရောဂါဝေဒနာ ပျောက်ကင်းသွာတဲ့ အခါမှာတော့ ဧရာမသုခကြီးကို ရလိုက်သကဲ့သို့ ထင်မိကြပြန်ပါတယ်….။ဒါဆို ဒုက္ခကင်းဝေးခြင်းသည်ပင်လျှင် သုခဖြစ်သည် ပေါ့နော် ။
ကျွန်မရဲ့စိတ်ထဲမှာ ( အူကြောင်ကြောင် အတွေးလို့ပဲထင်ထင် ) ဒုက္ခကိုတော့ အသေအချာ ခံစားပြီး ဒုက္ခကင်းငြိမ်းရခြင်း သုခကိုတော့ တရားဝင် အသိအမှတ်ပြုပြီး မခံစားဘူးဆိုရင် တရားရာမကျဟု တွေးမိပါတယ် ။
ကျွန်မမှာ လောဘလဲရှိပါတယ် ။ ဒေါသလဲ ကြီးပါတယ် ။ ဒါကြောင့် လောဘကြောင့်လဲ စိတ်ပင်ပန်းရပါတယ်  ။ ဒေါသကြောင့်လဲစိတ်ပင်ပန်းရပါတယ် ။ အများနည်းတူ လောကဓံတရားကြောင့် ကိုယ်စိတ်ပင်ပန်းခြင်းကိုလဲ ကြုံရတတ်ပါတယ် …။  အဲဒီ ဆင်းရဲပင်ပန်းခြင်းတွေကနေ လွန်မြောက်တဲ့ အခါမိန်းမောမနေပဲ ဆင်းရဲခြင်းကို ခံစားလိုက်ရသကဲ့သို့  ချမ်းသာခြင်းကိုလဲ တရားဝင် အသိအမှတ်ပြူခံစားတတ်ဖို့ ကျွန်မကြိုးစားနေပါတယ် ။
ငါ့ဘ၀ ငါ့အဖြစ်လေးက ၊ မဆိုးလှပါလားနော် ဆိုပြီးတွေးလိုက်တဲ့အခါ စိတ်ချမ်းသာမှုလေးတခုရသွားသလို ၊ ရောင့်ရဲမှုလေးကလဲ တိုးတက်လာသလို ရှိသွားတတ်ပါတယ်…။ ခုဆို မနက် ၂ နာရီရှိပါပြီ ။ကျွန်မရဲ့ လက်ကလေးလဲ နွေးသွားပါပြီ ။ ခုထိကျွန်မရဲ့ အူကြောင်ကြောင် အတွေးတွေကို စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။
ကျွန်မ နှင်းမိုးမိုး ပါ…။


3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အအေးနဲ့ အနွေးဓာတ်အကြောင်းကနေ
တရားသဘောကို ဆင်ခြင်စဉ်းစားသွားတာ
ကောင်းလိုက်တာ
ကိုယ့်ထက်ကံဆိုးသူတွေလည်းလောကကြီးမှာ အများကြီးပါဘဲ ညီမရယ်..
စိတ်ညစ်တဲ့အခါ ဒီအတွေးလေး ၀င်လာရင်တော့
ဖြေသာတာပေါ့နော်..

မောင်မောင် said...

သြော် ငယ်ငယ်ရွယ်ရွယ် နဲ့ တရားတွေ ဘာတွေ ရနေပါပေါ့လား မနှင်းမိုးမိုး ရေ။
ဘကြီးတို့  တရားရဖို့ လေး နည်းနည်းချန်ထားပါဦးလေ။
အင်း တကယ်တော့ လဲ တရားဆိုတာ က ကြီးတယ်ငယ်တယ်မဟုတ်ပါဘူးနော်။
ယောနိသောမနိကာ ရဆိုတဲ့ သင့်တင့်လျှောက်ပတ်တဲ့
တရား နှလုံးသွင်းနိုင်ယင် လောဘ ဒေါသ မောဟ ကို
တော့ အထိုက်အလျောက် လျော့ချနိုင်မှာပါ။
အူကြောင်ကြောင် နိုင်တယ် လို့ မဆို နိုင်ပေမယ့်
အဲဒီ အတွေး တွေ တွေးနေတဲ့ အချိန်လေးမှာ စိတ်ညစ်ညူးမှု့ ကင်းနေတဲ့ အတွက် အနည်းဆုံး အဖြူရောင်ကုသိုလ်လေးတော့ ရလိုက်မှာပေါ့။
အင်း စာတောင် အတော်ရှည်သွားတယ်။
အန်ကယ်ကြီး သို့မဟုတ် ဘကြီးမောင်မောင်

မဗေဒါ (၈၈) said...

ညီမရေ..

အရာရာမှာ ရောင့်ရဲတင်းတိမ်မှုက သိပ်အရေးကြီးတယ် ဆိုတာ သိပ်မှန်တယ်ညီမ.. ။

အမလည်း တခါတလေ မလိုလားအပ်တဲ့ လောဘတွေ ဝင်လာတက်လို့.. ဘုရား အဟောတွေကို သတိလေး ကပ်အောင် မွေးယူရပါတယ်.. ဒါပေမယ့် ဖြစ်ဆဲမို့.. ဆက်ကြိုးစားရပါဦးမယ်..။

မဗေဒါ (၈၈)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...