ကျွန်မအသက် ၃၀ ပြည့်တော့မယ်လေ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာတော့ မဟုတ်ပါဘူး ။ အသက်၂၈နှစ်မှ အိမ်ထောင်ကျခဲ့တာ ၊ အိမ်ထောင်ဖက် အမျိုးသားကလဲ ကျွန်မပေါ်မှာ လင့်ဝတ္တရားနဲ့အညီ ဒိုးတူဘောင်ဖက် လုပ်ကိုင်စားသောက်ခဲ့တာပါ ။ အခုတော့ သူလဲမရှိတော့ပါဘူး ။ ကျွန်မသမီးလေး အခါလယ်ကျော်ကတည်းက ဆုံးသွားခဲ့တာလေ ။ လင်နဲ့သားနဲ့ ကောင်းစားစဉ်တုန်းကတော့ အမေ့အိမ်ဟင်းတစ်ခွက် မရောက်ခဲ့သလို ၊ ဆန်တစ်ပြည်လဲ မပို့ပေးခဲ့ဘူးပါဘူး ။ အမေနဲ့ကျွန်မက အိမ်ခြင်း တစ်ရပ်ကွက်ဘဲခြားပါတယ် ။
အမေက မုဆိုးမလေ ။ မုဆိုးမပေမဲ့ ကျွန်မကို ဆယ်တန်းအောင်အောင် ကျောင်းထားပေးခဲ့တယ် ။ ကျွန်မ၁၁ နှစ်သမီးကတည်းက အဖေဆုံးသွားလို့ မုဆိုးမအမေဟာ ကျွန်မကို အလုပ်မျိုးစုံ လုပ်ပြီး ကျောင်းထားပေးခဲ့တယ် ။ အမေနဲ့ ၁၆နှစ်ကျော်ကျော်နေခဲ့ပေမဲ့ အမေ့ကို ပြုစုရကောင်းမှန်းမသိခဲ့ပါဘူး ။ အိမ်ထောင်လဲကျရော တန်းပြီးအိမ်ခွဲခဲ့တာပါဘဲ ။ ကျွန်မတို့ငှားထားတဲ့ အိမ်လေးကလဲ ကျွန်မယောကျာင်္းမရှိတော့ ဆက်မငှားနိုင်တော့လို့ ကျွန်မအမေ့အိမ်ကို လက်ဗလာနဲ့ ပြန်တက်လာပြီး သမီးလေးတယောက်ပါ အစစ် ပါလာခဲ့သေးတယ် ။
အမေဟာ ကျွန်မနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားမျိုးရှိတယ် ဆိုတာ ကို ကျွန်မမသိခဲ့သလို သတိလဲမထားမိပါဘူး ။ မင်္ဂလာဆောင်ပြီး အိမ်ခွဲတော့ အမေဟာ ကျွန်မကိုငွေရှစ်ထောင် ထည့်ပေးလိုက်တယ် ။ အခုကျွန်မလက်ထဲမှာ တစ်ပြားမှမရှိဘဲ ခလေးတယောက်နဲ့သာ ပြန်လာခဲ့ပေမဲ့ အမေဟာ ကျွန်မကို တခွန်းမှမပြောခဲ့ဘူး ။ သမီးလာလေ အမေတို့အတူပြန်နေဘို့ ကံပါလာတယ်လို့တောင် ၀မ်းပမ်းတသာ ဆီးကြိုပြောလို့ ကျွန်မ စိတ်ကတောက်ကဆတောင် ဖြစ်ခဲ့ရပါသေးတယ် ။
အမေနဲ့ အတူပြန်နေဘို့ ကံပါလာလို့များ သူသေသွားရတာလားပေါ့ ။ ဒါနဲ့ကျွန်မ တို့သားအမိ အမေ့အိမ်ပေါ်ရောက်ပြီး တစ်လလောက်အထိ ဘာအလုပ်မှမရှိဘဲ ထိုင်စားနေကြတယ် ။ အမေဟာ ကျွန်မအတွက် စားကောင်းသောက်ဖွယ် တခုခုကို အမြဲ ဈေးရောင်းပြန်လာတိုင်း ၀ယ်လာခဲ့တယ် ။ ကျွန်မက ထမင်းဟင်းလေးချက် အ၀တ်လေးလျှော် အမေက သမီးလေးကိုထိန်း ၊ နေ့စဉ်အမေဟာ မနက်စောစော ၄ နာရီလောက်ထပြီး ပဲပြုတ်တယ် ။ ပြီးတာနဲ့ ကျွန်မတို့သားအမိစားဘို့ ထမင်းအိုးတစ်လုံး တည်ခဲ့ပြီး ဈေးရောင်းထွက်သွားလိုက်တာ ။ အမေအိမ်ကိုပြန်ရောက်ချိန်ဟာ နေ့လည် ၁၁ နာရီ ကျွန်မတို့သားမိက အမေချက်ထားတဲ့ထမင်းကိုစားပြီး တရေးတောင်ရနေပြီလေ ။ အမေဟာအိမ်ကို ရောက်တာနဲ့မီးဖိုချောင်ဝင်ပြီး ဈေးကပါတဲ့ ဟင်းချက်စရာဒါမှမဟုတ် ၀ယ်လာတဲ့ချက်ပြီးသား ဟင်းတွေကိုပြင်ဆင်ပြီး ကျွန်မတို့သားမိကို တူတူစားဘိုနှိုးပါတယ် ။ ဒီလိုနဲ့ ကျွန်မဘာအလုပ် ဘာဝင်ငွေမှ မရှိဘဲအမေ့အိမ်မှာထိုင်စားလာတာ တလပြည့်ခဲ့ပါတယ်။
အဲနေ့က အမေဈေးမထွက်နိုင်ဘူး ။ ပဲတွေပြုတ်ပြီးမှ အမေ တအားနောက်ကြောတွေတက်လို့ ဈေးမထွက်နိုင်ဘူးလေ ။ ကျွန်မကိုသွားရောင်းပေးဘို့ အမေတခွန်းမမပြောခဲ့ဘူး ၊ ဒါနဲ့ မနက်၁၀နာရီလောက်ကြတော့ ချက်ပြုတ်လုပ်ကိုင်ပြီး အ၀တ်လျှော်ဘို့ သမီးလေးကို တုန်းလုံးလှဲနေတဲ့ အမေ့ကို အပ်ထားလိုက်တယ်လေ ။
အမေက ညည်းအေ နေပူပါတယ် မလျှော်ပါနဲ့အုံးတဲ့ ၊
ကျွန်မလဲ ရပါတယ်အမေရယ် ။ နေက ဒီလောက်မပူပါဘူးလို့ ပါးစပ်ကပြောနေပေမဲ့ ဒီအမိုးအကာမရှိတဲ့ ရေချိုးကျောက်ပြားပေါ်မှာ ကျွန်မအ၀တ်မလျှော်ချင်တာ တော့အမှန်ပါ ။ သမီးလေးရဲ့ အင်္ကျီတွေနဲ့ ဘောင်းဘီလေးတွေကို အရင်လျှော်ပြီး ၊ အမေ့အင်္ကျီနဲ့ ထမိန်ကို ညနေမှ လျှော်ဘို့ စိတ်ပိုင်းဖြတ်လိုက်တယ်လေ ။ ဒါနဲ့ကျွန်မ အ၀တ်ဇလားထဲ ကျွန်မသမီး လေးရဲ့အင်္ကျင်္ီတွေကို ဆပ်ပြာမှုန့်နဲ့ စတင်တိုက်ချွတ်နေတဲ့ အချိန်မှာတော့ အမေက တုန်းလုံးလှဲ ပြီး သမီးလေးကို မြူနေရာကနေ ညနေကျမှလျှော်ပါ သမီးရယ်လို့လှမ်းပြောနေပါတယ် ။
ကျွန်မလဲ အမေ့ အ၀တ်တွေကို ညနေကျမှ လျှော်မယ်အမေ ၊ ကျွန်မသမီးလေး အ၀တ်ကို အရင်လျှော်လိုက်အုံးမယ် ။ ရပါတယ်အမေ မပူပါနဲ့လို့ သာမန်ပြန်ပြောလိုက်ပါတယ် ။
အမေဟာ ညနေကျမှလျှော်လို့သာ တွင်တွင်ပြောနေတော့ ကျွန်မလဲ ပြန်မပြောဘဲ လျှော်စရာအ၀တ်တွေကို ဆက်သာလျှော်နေမိပါတယ် ။
အဲအချိန်မှာ သမီးလေးရဲ့ စူးစူးရှရှငိုသံလေးဟာ ကျွန်မရဲ့အသဲနှလုံးကို အပ်ဖျားလေးနဲ့ ဆွ လိုက်သလိုပါဘဲ ။ ဘာဖြစ်လဲ မသိဘူးဆိုပြီး ကျွန်မ ချက်ခြင်းအိမ်ပေါ်ရောက်ချိန်မှာေ တာ့ ကျွန်မဟာ စိတ်ကို တော်တော်လေး ထိန်းထားလိုက်ရပါတယ် ။ အမေမဟုတ်ဘဲ အခြားတယောက်ဆိုရင် ကျွန်မ ပါးစပ်ရော လက်ကပါ တခုခု ပြန်လုပ်မိလိမ့်မယ်လို့ ထင်ပါတယ် ။
ကျွန်မမြင်နေရတဲ့ မြင်ကွင်းက အမေဟာ ကျွန်မသမီးလေးရဲ့ ဗိုက်ကို ဖွဖွလေး လိမ်ဆွဲနေတာကိုပါ ။ မေမေရဲ့ ခပ်ဖွဖွလေး လိမ်ဆွဲတာက အခါလည်ကျော် သမီးလေးအတွက် နာကျင်စေမှာ အမှန်ပါ ။ ခုနက ကျွန်မအ၀တ်စလျှော်ခါစအချိန် ဘွားအေနားမှာ ပျော်ရွင်ရီမောနေတဲ့ သမီးဟာ အခုမှ ရုတ်တရုက် ထငိုတာဟာ နာကျင်လို့သာဖြစ် မှာပေါ့ ။
ကျွန်မလဲစိတ်တိုပြီး အမေ့ကို အမေဘာလို့ ကျွန်မသမီးလေးရဲ့ ဗိုက်ကို လိမ်ဆွဲတာလဲ ။ ကိုယ့်အသားမဟုတ်တိုင်း အမေက ၊ ကိုယ့်အသားမဟုတ်တိုင်း အမေကနဲ့ ကျွန်မအမေ့ကို စိတ်လိုက်မာန်ပါ ပြောလိုက်တော့ အမေက ကျွန်မကို မချိပြုံးနဲ့ ပြန်ပြောတယ် ။ နင်က နင်သမီးငိုတော့ ရင်နာသလားတဲ့ ။ ခုနက နေပူထဲမှာ အ၀တ်လျှော် နေတာ ငါ့သမီးလေ….. တဲ့ အမေ့ရဲ့အဲဒီစကားကို ကြားလိုက်ချိန်မှာတော့ ကျွန်မဟာခေါင်းချာချာလည်သွားပါ တယ် ။ နေ့စဉ်မနက် ၄နာရီလောက် ထပြီး ယနေ့ထိ နေပူထဲမှာ ဈေးရောင်းပြီး ကျောင်းထားခဲ့ မင်္ဂလာဆောင်ပေးခဲ့ ၊ သမီးတင်မကဘဲ မြေးကိုပါ ရှာဖွေကြွေးနေတဲ့ အမေဟာ သူနေပူတာကို တခွန်းမှ မဟခဲ့ပေမဲ့ အခု သူ့သမီးနေပူထဲမှာ အ၀တ်လျှော်နေတာကို မြင်တော့ xxxxxxxxxxxxxxxxxxxxxxxx ကျွန်မပါးစပ်တွေဆွံ့အသွားသလို မျက်ရေများဟာလဲ အလိုလိုပြိုဆင်းလာပါတယ် ။
နင်သမီးငိုတော့ရင်နာသလားတဲ့ နေပူထဲမှာအ၀တ်လျှော်နေတာ ငါ့သမီးလေ ငါ့သမီး ငါ့သမီး ငါ့သမီး………………..အော် အမေရယ်..။
ကျွန်မ ငယ်ငယ်က ဖတ်ခဲ့တဲ့ စာအုပ်ကနေ မှတ်မိသလောက်ပြန်ရေးပြတာပါ ။ ကျွန်မတို့တွေ အမေ့ရဲ့ မေတ္တာတွေကို တခါတလေ ဒီလိုလျစ်လျူရှူမိတတ်ကြပါတယ် ။ သဘာဝတရားအရ ကျွန်မတို့ရဲ့ အလှည့်ဆိုတာ တစ်နေ့ရောက်လာမှာပါ ။ အဲဒီအချိန်ကျရင် ကျွန်မတို့ ခံနိုင်ရည်ရှိပါ့မလား ။ ခုချိန်ထိ ကျွန်မတို့ ပြင်ဆင်ဖို့ အချိန်မှီပါသေးရဲ့လား …။ တကယ်တော့ အမေဟာ အမေ ပါပဲ………….။
ဟုတ်ကဲ့ကျွန်မနှင်းမိုးမိုးပါရှ င်….။


9 comments:
I miss my mother so muchhhh !!!!
နှင်းမိုးမိုးရေ
သက်သာသွားပြီလား။
ကျွန်မလည်း အမေ့ကို သိပ်ချစ်ပါတယ်။
သားလေးကို ကိုယ်ဝန်ရှိတော့ “အမေက ငါ့တုန်းကဒီလိုပဲလားဆိုတာ (အမေနေရာက အမေကို )ကို စပြီး စဉ်းစားတတ်ခဲ့ပါတယ်။
ပြီးတော့ အမေဘာလို့ငါ့ကိုတအားချစ်ပါလိမ့်ဆိုတာကို ပိုပိုသိလာရတယ်။
တန်ဘိုးရှိတဲ့စာလေးကို မှတ်မိနေတာရယ် ပြန်ဝေမျှတာရယ်အတွက် ကျေးဇူးပါ။
ခင်မင်လျှက်
အမေဖြစ်ရတာ မလွယ်ဘူးနော် ............................း(
အမေရဲ့မေတ္တာဆိုတာ အလွန့်ကိုကြီးမားလှတာပေါ့..။
အမြဲတန်ဖိုးထားပြီး သိတတ်ဖို့လိုတယ်နော်..။
ဖတ်ပြီး စိတ်ထဲမကောင်းဘူး...
ခင်တဲ့
သဒ္ဓါ
အမေဆိုတာ
.................
...............
.......... ဘာနဲ့ မှတင်စားလို့ မရနိုင်တဲ့အနှိုင်းမဲ့
ဲ့ကျေးဇူးရှင်ပါ..အရေးအသားကောင်းလို့ 
အပြင်မှာ တကယ့်အဖြစ်အပျက်ကို ကြည့်နေရသလိုပါပဲ..
ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးပါဗျာ..
ညီညီ(လောကမီးအိမ်)
အရေးအသား ကောင်းမှကောင်း ဖတ်ရင်း မျက်ရည်တွေ တောက်ကနဲ တောက်ကနဲ
ဒီထက်ကောင်းတာတောင် ဒီလောက်ကောင်းမှာ မဟုတ်ဘူး ခံစားသွားပါတယ်
ကိုယ့်အလှည့်ရောက်မှပဲ ထင်ထင်ရှားရှား မြင်လိုက်ရတဲ့ သမီးလိုမျိုး အပြင်မှာ တကယ် ရှိနိင်သေးတယ်။
မိခင်မေတ္တာဘွဲ့ အဖွဲ့အနွဲ့တိုင်း ဖတ်လို့ ကောင်းတယ်။
I like this story.:)
(ဟုတ်ကဲ့ ကျွန်မ အရူးမပါရှင်.. :P)
အရမ်းတော်လာတယ်နော် လာအားပေးသွားတယ်
Post a Comment