ခုတလော ကျွန်မ မျက်ရိုးကိုက်နေလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က ကွန်ပျူတာ သုံးတဲ့အခါ မော်နီင်္တာကို ၁၄ လက်မ အကွာက ကြည့်ဖို့ ပြောပါတယ် ။ ပြီးတော့ စာအုပ်ဖတ်တဲ့ အခါစာအုပ်နှင့် မျက်စိဆယ့်သုံးလက်မ ခန့်ခွာပြီး ဖတ်သင့်တယ်လို့ မှတ်သားခဲ့ ဖူးပါတယ် ။ ဆယ့်သုံးလက်မ ထက်ပိုပြီးနီးခဲ့မယ်ဆိုရင် ၀ါးလာတတ်ပါတယ် ။ ဝေးလွန်း၍ မမြင်ရသည်ကို အားလုံးသတိထားမိကြမှာပါ ။ ကျွန်မ ခုပြောချင်တာက နီးလွန်း၍ မမြင်ရခြင်းလဲ ရှိပါတယ်ဆိုတာ ပါ ။
ကျွန်မ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တော့ သူတို့ က ကပ်စီးနည်းပြီး ၆၀၀ ကျပ်တန်းမှာကြည့်ပါတယ်..။ ကျွန်မက ၁၀၀၀ ကျပ်တန်းလောက်မှာကြည့်ရ အောင်ပြောတော့ သူတို့က ဘယ်က ကြည့်ကြည့် ဒီရုပ်ရှင်ပဲ ပြမှာပဲ နင်ဘာသာကြည့်ချင်ရင် တယောက်ထဲ ကြည့်ဆိုပြီး ပြောတော့ ကျွန်မလဲတယောက်ထဲ မကြည့်ချင်တာနဲ့ အထွန့်မတက်တော့ပဲ တူတူကြည့်လိုက်ပါတယ်..။ ရုပ်ရှင်စပြတော့ နီးလွန်းတာကြောင့် မော့ကြည့်နေရတာပေါ့ ။ လူကပိတ်ကားထဲ ၀င်နေသလိုဖြစ်နေတော့ မျက်စိကို ချိန်သားကိုက်အောင် မနည်း ကြိုးစားကြည့်နေရတော့တာပေါ့ ။ အနီးကပ်ပြတဲ့ အခန်းတွေမှာဆို ပိတ်ကားတခုလုံး မင်းသားနေတိုး မျက်နှာကြီးနဲ့ ပြည့်နေတော့ မင်းသားရဲ့ သွားတချောင်း တချောင်းဟာ စကောလောက်ဖြစ်နေတော့တာပေါ့ . ပြီးတော့ မင်းသားရဲ့ မျက်စိ တစ်လုံးနဲ့ တစ်လုံးဟာလဲ ဆယ်ပေလောက်ဝေနေးပြန်ပါတယ် ။ပိတ်ကားကလဲ နီးလွန်းလှတယ် ၊ ရွှေမင်းသားရဲ့ မျက်နှာကလဲ ကြီးလွန်းလှပါတယ် ။ ကျွန်မလဲ ဖွေးစီနေတဲ့ သွားကြီးတွေကြည့်လိုက် ၊ဟိုဘက်က မျက်လုံးဆီလှန်းကြည့်လိုက် ၊ ဒီဘက်က မျက်လုံးဆီလှန်းကြည့်လိုက်နဲ့ ရွှေမင်းသားရဲ့ ခန့်ချောချော မျက်နှာကြီးကို တောင်ကြည့် မြောက်ကြည့် ၊ ကျီးကန်းတောင်းမှောက် ခံစားနေပါတယ်…။ ဇာတ်လမ်းဘာဆိုတာ တောင်မခံစားရတော့ပါဘူး ..။
ဝေးလွန်းလို့ မမြင်ရတာ ၊ သေးလွန်းလို့ မမြင်ရတာတင် မဟုတ်တော့ ပါဘူး ။ နီးလွန်းရင်လဲ မမြင်ရ ၊ ကြီးလွန်းရင်လဲ မမြင်သာဘူး ဆိုတာ ဖြစ်တတ်ပါတယ် ..။
လျှပ်စစ်မီးကို စတင်တီထွင်ခဲ့တဲ့ အက်ဒီဆင် ဆိုသူ အမေရိကန် သိပံ္ပပညာရှင် ကွန်လွန်တဲ့နေ့မှာ နယူးယောက်မြို့ တစ်မြို့လုံးကို ခေတ္တအမှောင်ချပြီး ပညာရှင်ကြီးကို အလေးပြုခဲ့ကြပါတယ် ..။ မှောင်မိုက်သော အခါမှ အလင်းရောင်ရဲ့ ကျေးဇူးကို ပိုမိုဆင်ချင်မိအောင် ဆိုပြီးပေါ့ ..။ ဒါဆိုကျွန်မတို့ မြန်မာနိုင်ငံက အက်ဒီဆင် ကို ခဏခဏ ဂုဏ်ပြုနေတာပေါ့နော်.. (ဤကား စကားချပ်) ..။အမေရိကန်ပြည်သူ ပြည်သားတွေတင် မဟုတ်ပါဘူး ၊ တကမ္ဘာလုံးက လူတွေလဲ အမှောင်ကိုခွင်း ပြီးအလင်းဆောင်ပေးခဲ့တဲ့ ဤသိပံ္ပပညာရှင်ကြီးကို ကျေးဇူးတင်ရ ကောင်းမှန်းသိပါတယ်..။ ဒါဆို ကျွန်မတို့ နေမင်းကြီးကိုလဲ ဘယ်နှခါ အရေးတယူလုပ်ပြီး ဂုဏ်ပြုဖူးပါသလဲ ..။ နေမင်းရဲ့ ကျေးဇူးကိုလဲ လေးလေးနက်နက် ဆင်ခြင်မိကြပါသလား ။ အင်း.. နေမင်းရဲ့ အလင်းရောင်ကြောင့် ကျွန်မတို့ရဲ့ ချစ်သူခင်သူ တွေရဲ့ မျက်နှာကို မြင်ကြရတယ် ။ သစ်ပင်သတ္တ၀ါတွေ အသက်ရှင်ကြတယ် ။ ခုဆို ဆိုလာအင်နာဂျီ ဆိုပြီး သူ့ဆီကနေတောင် စွမ်းအင်ကို ဆင့်ပွားပြန်ထုတ်သုံးနေကြပြီလေ ..။ နေမင်းကြီးဆီကနေ ဘာတွေဘယ်လို ထုတ်ယူသုံးစွဲရမယ်ဆိုတာသာ ကျွန်မတို့ တွေးနေမိတတ်ကြတယ် ။ နေမင်းကြီးရဲ့ ကျေးဇူးတွေ ပြောမကုန် ရေးမပြီးရှိနေတော့ သူ့ကျေးဇူးကို ထွေထွေထူးထူး အဆန်းလုပ်ပြီးတွေမနေကြတော့ တာနေမှာပေါ့နော်..။ ဒါက ကျွန်မတွေးမိတာပါ့..။
ဥပမာ ပေးစရာတွေ အများကြီးရှိပါသေးတယ် ၊ ညဘက်တွေမှာ ကျွန်မတို့တွေ တဖျပ်ဖျပ်တောက်ပနေတဲ့ ကြယ်ပွင့်တွေ ။ ပြီးတော့ ၀င်းပပြည့်ထိန်နေတဲ့ လမင်း ရဲ့အေးငြိမ့်နေတဲ့ အလှတွေကို အားလုံးမြင်တွေ့ခံစားမိကြမှာပါ..။ ဒါဆိုဂြိုလ်ကြီး ကိုးလုံး အပါအ၀င်ဖြစ်တဲ့ ကျွန်မတို့ မှီတင်းနေထိုင်တဲ့ ကမ္ဘာဂြိုလ်ရဲ့ အလှကို ဘယ်နှခါမြင်ဖူးကြပါသလဲ ..။နီးလွန်းသောကြောင့် မမြင်မိကြဘူးလေ ။ ဂြိုလ်တု ဆိုတာတွေနဲ့ လိုက်သွားကြတဲ့ သူတွေကတော့ ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးအလှကို တအံ့တသြ တွေ့မြင်ခဲ့ကြတယ်လို့ ပြောကြပါတယ်..။ ဒါဆို ကျွန်မတွေးမိတာတခုက အလှကိုမြင်ဖို့ ခပ်ဝေးဝေးသို့ ခွာတန်ခွာရ ပါမယ်..။ မ အလှ ကိုတွေ့ဖို့တော့ ခပ်ဝေးဝေး သွားစရာမလိုပါဘူး ကျွန်မအိမ်ဘေးမှာ အလှနေပါတယ်..း) ။
ကျွန်မတိုရဲ့ မျက်စိများသာမဟုတ် စိတ်တွေဟာလဲ နီးလွန်းလျှင်မမြင် ၊ ကြီးလွန်းလျှင်မထင် ရှိတတ်ကြတာပဲလေ ။ ဟုတ်မဟုတ် စဉ်းစားကြည့်ရအောင်…။ တခါတရံ ငွေကြေးကျပ်တည်းတဲ့ အခါမှာ ငါးရာ တစ်ထောင်မျိုး ဖေးမချေးငှားခဲဘူးတဲ့ သူတို့ကျေးဇူးကို “သူ့ကျေးဇူး ရှိတယ်ဟဲ့” ဆိုပြီး တသသ သတိရမိတတ်ကြတယ် လေ ။ တသက်လုံး ကျွေးမွေး စောင့်ရှောက်လာခဲ့တဲ့ မိဘ ကျေးဇူကိုကြတော့ လေးလေးနက်နက် ဆင်ခြင်မိခဲကြတာကော ကိုယ့်ကိုကိုယ် သတိထားမိကြပါလား ။
သင်တန်းတခုမှာ ခဏကြုံတွေ့လိုက်ရတဲ့ သူငယ်ချင်းက ကျွန်မကို နည်းပညာ တစ်ခုကို လမ်းညွှန်လိုက်တဲ့ အခါ ကျွန်မ သူ့ရဲ့ ကျေးဇူးကို မကြာခဏ ထုတ်ဖေါ်ပြောပြတတ်သော်လဲ ၊ ကျောင်းစာသင်ခန်းက မိမိကို နေ့စဉ်သင်ကြား ပို့ချနေတဲ့ ဆရာတွေရဲ့ ကျေးဇူးကိုတော့ အမှတ်မထင်ဖြစ်နေတတ်ပါတယ်..။ ဒါကတော့ ကျွန်မရဲ့ ဖြစ်ရပ်လေးကို သာဓက ပြတာပါ ။
ကျွန်မမှာ အလွန်လေးစားအားကျမိတဲ့ ဆရာမကြီး တယောက်ရှိပါတယ်..။ သူနဲ့က ၃ လလောက်မှတခါတွေ့ဖြစ်တာပါ့ ။ တခါတလေ ၁ နှစ်လောက်နေမှ တွေ့ဖြစ်ကြတာရှိပါတယ်..။ သူနဲ့ တွေ့တိုင်း သူရဲ့ ဆုံးမသြ၀ါဒတွေ ကို မှတ်သားနာယူရတာ မမောနိုင်အောင်ပါပဲ ..။ ဆရာမကြီးရဲ့ ဆုံးမစကားတွေကြောင့် ကျွန်မပြောင်းလဲ သွားတာရှိပါတယ်..။ ဆရာမကြီး ရဲ့ ကျေးဇူးကို အခါခါဆင်ခြင်မိတယ်ပေါ့ ၊နောက်ပိုင်း ဆရာမကြီးက ကျွန်မတက်တဲ့ တက္ကသိုလ်ကို ပြောင်းလာတော့ နေ့စဉ်လိုလိုတွေ့ နေရတော့ သူ့ဆုံးမစကားတွေ ကိုလဲ မပြတ်နာကြားရတာပေါ့ ..။ဆရာမကြီးရဲ့ ကျေးဇူးတွေကလဲ ပို၍ပို၍ ကြီးမားလာတယ်ပေါ့ … နောက်ပိုင်း ကျွန်မစိတ်ကို ဆင်ခြင်ကြည်လိုက်တော့ ဆရာမကြီးကို ကျေးဇူးတင်ပုံတွေမှာ ပေါ့ပေါ့ဆဆ ဖြစ်လာတယ်လို့ ထင်မိတယ်..။ ဟိုအရင်တုန်းကလို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပုံမျိုးမဟုတ်တော့ ပါဘူး။။ “ ကြွေးများတော့ မပူ ၊ သန်းထူတော့ မယား ” ဆိုလို တစ တစ ကျေးဇူးတွေကြီးလာတာကြောင့် မမြင်သလိုလို ဖြစ်လာတာလားလို့ တွေးမိပါတယ်…။ ခုကျွန်မကတော့ နီးလွန်း ၊ ကြီးလွန်းသော သူရဲ့ ကျေးဇူးကို မျက်ခြေမပြတ် ဆင်ခြင်မိအောင် ကြိုးစားအားထုတ်နေပါတယ်…။
ကဲ… ဒါ ဆိုကျွန်မတို့တွေ ဗုဒ္ဓမြတ်ရှင် ၊ ခရစ်တော် စတာတွေရဲ့ ကျေးဇူးတရားတွေကို နီးလွန်းတော့ မမြင် ၊ ကြီးလွန်းတော့ မမြင် တာတွေမဖြစ်အောင် ကြိုးစားအားထုတ်ကြရအောင် …။
ကြီးလွန်းသောကြောင့် ၊ နီးလွန်းသောကြောင့် ဖြစ်လာတတ်တဲ့ အန္တရာယ်တွေကောမရှိ နိုင်ဘူးလား..။ ကျွန်မကတော့ စဉ်းစားရတာ ဂျာအေးသူ့အမေ ရိုက်ဆိုသလိုဖြစ်နေတယ်…။ စာဖတ်သူရော ကူပြီးစဉ်းစားပေးအုံးနော်… ။ ဖတ်ပြီးတိတ် တိတ်လေး မပြန်သွားနဲ့နော်…။ နဲနဲလေးစဉ်းစား ကြည့်နော်….။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ….။
1 comment:
အင်း ရွေးလွန်းလျှင်လည်းမရ သေးလွန်းလျှင်လည်းမလှ
နီးလွန်းလည် မမြင်ရ ဝေးလွန်လျှင်လည်း မမြင်ရ ဆိုသလို ပေါ့။
စာရေး သူ ရဲ့ ဖြန့်ကျက်တွေးထားတဲ့ အတွေးအမျှင်တန်း
လေး ကို သရုပ်ဖော်ပြထားတာ သဘောကျမိပါတယ်။
အားပေးနေပါတယ်။
သြော် အင်း အန်ကယ်မောင်မောင် လို့  ဘယ်နှယ်က နေများ ခန့်မှန်းမိပါလဲ ခင်ဗျာ၊
မနှင်းနှင်းမိုး လား မောင်ဇေတာရာ လားဗျ။
Post a Comment